KIO ဌာနချုပ်အနီး တိုက်ပွဲများကြောင့် ဒေသခံ ထောင်ချီ ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရဆဲ

KIO ဌာနချုပ်အနီး တိုက်ပွဲများကြောင့် ဒေသခံ ထောင်ချီ ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရဆဲ
ဓါတ်ပုံ - The Kachin Net
ဓါတ်ပုံ - The Kachin Net

KIO ဗဟိုဌာနချုပ်အနီးရှိ နမ်ဆန်ယန်ကျေးရွာတွင် ဇူလိုင်လ ၃ ရက်နေ့၊ နံနက်ပိုင်းမှ စတင်ပြီး စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် နှစ်ဖက်ကြား စစ်ရေး တင်းမာလျှက်ရှိရာ ဒေသခံ ထောင်ချီလည်း ထပ်မံထွက်ပြေး တိမ်းရှောင်နေရသည်။

ဇူလိုင်လ ၇ ရက်နေ့အထိ အခြေအနေကို ဒေသခံအမျိုးသားတစ်ဦးက “ဒီနေ့ကတော့ ရွာထဲက လူတွေလည်း နည်းနည်း လှုပ်လှုပ်  လှုပ် လှုပ်ရှိနေတယ်။ ၁၂ နာရီလောက်ကျရင် အသံလေးတွေ ကြားရမယ်လို့ ပြောတာပဲ။ အခုက ဖြစ်နေတဲ့ နေရာ ပတ်ဝန်းကျင်တွေက နမ်ဆန်ယန်တို့၊ ဂါးရာယန်တို့ တောင်ထိပ် အကြီးကြီးလေ အဲ့ဒီ နေရာတွေ ဖြစ်နေတယ်။ အဲ့ဒီ နမ်ဆန်ယန်ကတော့ တော်တော်များများ သွားကုန်လိုက်ပြီလို့ ပြောတယ်။ နမ်ဆန်ယန်ကို လုတဲ့ပုံစံမျိုး သွားသက်ရောက်တယ်လို့လည်း ပြောကြတာပေါ့” ဟု ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်ကလည်း ပြည်သူလူထုကို စစ်ရေး သတိရှိကြရန်နှင့် ပြင်ဆင်ထားကြရန် သတိပေးထားသည်။ နမ်ဆန်ယန်ကျေးရွာအနီးတွင် ဇူလိုင်လ ၃ ရက်နေ့ နံနက်မှ ဇူလိုင်လ ၅ ရက်နေ့အထိ ပစ်ခတ်ခံများ ကြားနေပြီး နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“လောလောဆယ် ဒီတပတ်အတွင်းမှာ တော်တော်လေး တင်းမာနေတယ်။ ဒီနားက လိုင်ဇာ တဝိုက်၊ နမ်ဆန်ယန် တဝိုက်ပေါ့လေ၊ မနေ့က တနေ့က တော့ တောင်ထိပ်မှာ တွယ်နေကြတယ်လို့ ပြောတယ်။ လမ်းတွေကတော့ ဒီဘက်မှာ လောလောဆယ် မနက်က နေပြီးတော့ ၁၂ နာရီလောက်အထိပဲ ဖွင့်တယ်။”

စစ်တပ်နှင့် KIA တို့အကြားက အဆိုပါ တင်းမာမှုများထဲ ဇူလိုင်လ ၃ ရက်နေ့က စစ်တပ်မှ ပစ်ခတ်လိုက်သော ကြောင့် အရပ်သား တစ်ဦး ထိခိုက်မှု ရှိခဲ့သည်။ ထိမှန်ဒဏ်ရာ ရသွားသူမှာ ဗန်းမော်ဘက်မှ ပြန်လာသည့် အရပ်သားတစ်ဦး ဖြစ်သည်။

နမ်ဆန်ယန်အနီးက နှစ်ဖက်တင်းမာမှု အခြေအနေများနှင့် ပတ်သက်၍ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ပြောသည်။

“အဲ့ဒါကတော့ စကစ စစ်ကြောင်းတွေ ဒီနမ်ဆန်ယန်ဘက်ကို ထိုးဝင်လာလို့ ခုခံတိုက်ပွဲဖြစ်တဲ့ တိုက်ပွဲဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ ၃ ရက်၊ ၄ ရက်မှာတော့ တော်တော်တင်းတင်းမာမာ ဖြစ်နေတယ်။ ဒါပေမယ့် ၅ ရက်၊ ၆ ရက် မှာတော့ သေနတ်သံတွေ မကြားတော့ပါဘူး။ နမ်ဆန်ယန်နားမှာ၊ နမ်ဆန်ယန် ချောင်းတံတားမှာ စကစတွေက တော့ ဟိုဘက်ကမ်း၊ KIA တွေကတော့ ဒီဘက်ကမ်း အဲ့လိုပုံစံနဲ့ ပစ်ကြခတ်ကြတာ။ နမ်ဆန်ယန် ရွာနားမှာပဲ။”

တင်းမာမှုများ ဖြစ်ပွားနေသည့် နေရာအနီး ဇူလိုင်လ ၄ ရက်နေ့ကစတင်၍ ဗန်းမော်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ ရောက်ရှိလာကာ စစ်အင်အားလည်း တိုးထားသည်ဟု ဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့အထိ နမ်ဆန်ယန် အနီးဝန်းကျင်တွင် သွားလားလှုပ်ရှားနေကြသည်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုသည်။

နမ်ဆန်ယန်ကျေးရွာ ဒေသခံများမှာမူ ဘေးနိုင်မည့် နေရာများတွင် သွားရောက် စစ်ဘေးရှောင် နေကြရပြီး ကျေးရွာထဲတွင် ရွာစောင့်အနေဖြင့် လူအနည်းစုသာ ကျန်ခဲ့သည်ဟု ဆိုသည်။

နမ်ဆန်ယန်ကျေးရွာက ပြည်သူများသည် ၂၀၁၈ ခုနှစ်တွင်၎င်းတို့၏ ကျေးရွာကို ပြန်လာနေကြသည့် စစ်ရှောင် များ ဖြစ်ကြသည်။

မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွာအပြင် အနီးနားဝန်းကျင်က ကန်တော်ယန် (ဂန်ဒေါင်ယန်)၊ အောင်ဂျာ၊ လဂျားယန် အစရှိသည့် ကျေးရွာများက ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး မိုင်စပ်ပါ၊ လမိုင်ယန်၊ မုန်လိုင်ခက်နှင့် လိုင်ဇာက ပြည်သူများမှာမူ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်လာမှာကို စိုးရိမ်နေကြ သည်။

KIO ဌာချုပ် လိုင်ဇာအနီး စစ်ကောင်စီတပ်၏ စစ်ကြောင်းလှုပ်ရှားမှုများ ရှိနေခြင်းကြောင့် အချိန်မရွေး တိုက်ပွဲ များ ဖြစ်ပွားလာနိုင်သည့် အတွက် ပြည်သူများ သတိထားဆင်ခြင်သွားလာကြဖို့လည်း သတိပေးစာ ထုတ်ပြန် ထားသည်။

KIO ၏ သတိပေးစာထဲတွင် ဗန်းမော် - မြစ်ကြီးနား ကားလမ်းတစ်လျှောက် သွားလာခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ အရေးကြီး မဖြစ်မနေသွားရမည့် ကိစ္စများရှိလာပါက စစ်ရေးသတင်းများကို သတိထားနားစွင့်ပြီးမှ သွားလာကြရန်၊ စစ်ကောင်စီတပ်နှင့် နီးသည့်နေရာများကို သွားလာခြင်းများ မလုပ်ကြရန်၊ တိုက်ပွဲဖြစ်ပွားနိုင် သည့် နေရာများနှင့် ဖြစ်ပွားလေ့ရှိသည့် နေရာများကိုလည်း မသွားကြဖို့အပြင် စစ်ကောင်စီတပ်၏ အသုံးချ မခံရ အောင် အတွက် ရှောင်ရှားကြဖို့ ရေးသားထုတ်ပြန်ထားသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...