မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တစ်ဈေးလုံးပျက်စီးသွားသော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မေယုဈေးကို ယခုအပတ်အတွင်းတွင် မြို့နယ်စည်ပင်၊ May Yu ကုမ္ပဏီနှင့် ဈေးသူဈေးသားများ ပူးပေါင်းကာ ပြန်လည်ပြုပြင် သွားတော့မည်ဖြစ်သည်။
မိုခါမုန်တိုင်းကြောင့် ယင်းဈေးရှိ ဆိုင်ခန်းအားလုံးမှာ ပျက်စီးသွား ခဲ့ရပြီး လက်ရှိ တစ်လကျော်ကာလအထိ ပြန်လည်ပြုပြင်ပေးခြင်း မရှိသေး၍ ဈေးရောင်းချ ၁ဝဝ ကျော်အနေဖြင့် အလွန်တရာအခက်အခဲတွေ့နေရပြီး ဖြစ်သလို ရောင်းချနေကြရသည်ဟု ဈေးသူဈေးသားများက ပြောသည်။
ယင်းကဲ့သို့ အခက်အခဲဖြစ်ပေါ်နေသည်ကို သက်ဆိုင်ရာက အကူအညီများပေးရန် ဈေးသူဈေးသားများက သတင်းမီဒီယာများမှတဆင့် ကျယ်ကျယ်ပြန့်ပြန့်တောင်းဆိုခဲ့ကြပြီးနောက် ဇွန်လ ၂၇ ရက်၊ နံနက်က ရခိုင်ပြည် နယ် စစ်ကောင်စီဝန်ကြီးချုပ်ဦးထိန်လင်းနှင့်အဖွဲ့က လာရောက်ကြည့်ရှုခဲ့ပြီး မေယုဈေးကိုပြန်လည်ပြုပြင်ရန် မှာကြားခဲ့ကြောင်း ဈေးသူဈေးသားများက ပြောသည်။
မေယုဈေးမှ ဈေးသည်အမျိုးသမီးတစ်ဦးက “အခုတော့ ဈေးအခေါင်မိုးဖို့ အဆင်ပြေသွားပါပြီ။ သုံးအုပ်စု ပေါင်း ပြီးတော့ပါ။ အခုတော့ မလုပ်ပေးသေးဘူး။ လုပ်ပေးမယ်လို့ မနေ့က ပြောတာပါ။ မနေ့က ဝန်ကြီးချုပ်လည်း ဈေးကိုကြည့်လာပါတယ်။ အဲဒီနောက်မှာ စည်ပင်က ဖုန်းဆက် ပြောလာတာပါ။ ဈေးကိုလည်း လာကြည့်ခဲ့ပါ တယ်။ ဒီရက်ပိုင်းအတွင်းမှာ လုပ်သွားမယ်လို့လည်း ပြောပါတယ်။ အခြားပျက်စီးတာတွေကတော့ သိပ်အရေး မကြီးဘူး။ အခေါင်မိုးအဆင်ပြေဖို့နဲ့ ရောင်းချခွင့်ရရင် အဆင်ပြေပါပြီ" ဟု နိရဉ္စရာ သို့ ပြောသည်။
အဆိုပါမေယုဈေးကို ပြန်လည်ပြုပြင်ရာတွင် ကုန်ကျငွေကို May Yu ကုမ္ပဏီမှ ၅၀ ရာခိုင်နှုန်း၊ မြို့နယ်စည် ပင် မှ ၃၀ ရာခိုင်နှုန်းနှင့် ဈေးသူဈေးသားများထံမှ ၂၀ ရာခိုင်နှုန်းကုန်ကျခံကာ ပြန်လည် ပြုပြင်သွားမည်ဖြစ်သည်ဟု လည်း ပြောသည်။
အဆိုပါမေယုဈေးသည် စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်ရှိ လောကာနန္ဒာခြံဝင်းတွင်တည်ရှိပြီး လွန်ခဲ့သည့် ၇ နှစ် ကျော်မှစ၍ ဘောလုံးကွင်းရပ်ကွက်ရှိ ယခင်မေယုဈေးနေရာမှ ပြောင်းရွေ့ကာ ယာယီဖွင့်လှစ်ထားခဲ့ခြင်း ဖြစ် သည်။
လက်ရှိတွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် ဈေးဆိုင်ခေါင်မိုးများအားလုံးမှာ ပျက်စီး သွားခဲ့ပြီး အနီးရှိ သစ်ပင်သစ်ကိုင်းများ လဲကျမှုများနှင့် မိုးရေများကြောင့် ဆိုင်ခန်းများနှင့် ဆိုင်ခန်းများရှိ အဝတ် အထည်များအားလုံးမှာ ပျက်စီးသွားခဲ့ရသည်ဟု ဆိုကြသည်။
ဈေးဆိုင်တစ်ဆိုင်လျှင် ပျက်စီးမှုတန်ဖိုး ခန့်မှန်းခြေ သိန်းရာနှင့်ချီ၍ရှိနိုင်ကြောင်းလည်း ဈေးသည်များက ပြော သည်။
မေယုဈေးမှ နောက်ထပ် စျေးသည်အမျိုးသမီးတစ်ဦးက “ကျမတို့မှာ အိမ်ရော၊ ဆိုင်တွေရော ပျက်စီးသွားတာ။ စားဝတ်နေရေးစရိတ်လည်း ရှိသေးတယ်။ သားသမီးကျောင်းစရိတ်တွေ ကုန်ကျတာတွေလည်း ရှိသေးတယ်။ အခက်အခဲဖြစ်နေတာတွေက ပြောကိုမပြောချင်တော့ဘူး။ အမြန်ဆုံးတော့ ပြန်လည်ပြုပြင်စေချင်ပြီ” ဟု ပြော သည်။
လက်ရှိတွင် ဈေးရောင်းချသူများမှာ မုန်တိုင်းကြောင့်ပျက်စီးသွားသည့် ယာယီ မေယုဈေးနေရာတွင် ဖြစ်သလို ရောင်းချနေကြရသည်ဟု ဆိုသည်။ ယခင် မေယုဈေးဟောင်းတည်ရှိခဲ့သည့် နေရာတွင် May Yu Shopping Complex အမည်ရှိ အဆောက်အအုံတစ်ခုကို ၂ဝ၁၇ ခုနှစ်၊ မတ် ၁၄ ရက်မှစတင်ကာ ၃ ထပ် အဆောက်အအုံ အဖြစ် ကျပ်သိန်းပေါင်း ၇ သောင်းခန့်အကုန်အကျခံပြီး အစိုးရက တည်ဆောက်လျက်ရှိသည်။
မြေညီထပ်တွင် ဈေးဆိုင်ခန်းများ၊ Super Market များပါဝင်မည်ဖြစ်ပြီး ပထမထပ်တွင် ရုပ်ရှင်ရုံများပါဝင်မည် ဖြစ်သည်။ အပေါ်ဆုံးအထပ်တွင် အလှပြင်ဆိုင်၊ အားကစားခန်းမ၊ ကလေးကစားကွင်း၊ အပန်းဖြေနိုင်မည့် ဆိုင် ခန်းများနှင့် စားသောက်ဆိုင်များပါဝင်မည်ဟုလည်း ဆိုသည်။
အဆိုပါအဆောက်အအုံသစ်တည်ဆောက်ပြီးပါက ယခင် မေယုဈေးဟောင်းတွင် ရောင်းချခဲ့သည့် ဆိုင်ခန်းပေါင်း ၁၄၄ ခန်းကိုလည်း မူလအကျယ်အဝန်းအတိုင်း အခကြေးငွေမယူဘဲ ပေးအပ်ရန် ဆိုင်ခန်းပိုင်ရှင်များနှင့် ကုမ္ပဏီတို့ သဘောတူ လက်မှတ်ရေးထိုးထားကြောင်း သိရသည်။