ရဲဖမ်းခံရသူ အလောင်းသာ ပြန်ရ

ရဲဖမ်းခံရသူ အလောင်းသာ ပြန်ရ

ဧရာဝတီတိုင်း အသုတ်မြို့တွင် ညအချိန် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရသူ အမျိုးသားတစ်ဦး နောက်ရက် နံနက်ပိုင်းတွင် အလောင်းသာ ပြန်ရခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သုတ်မြို့၊ အမှတ် ၃ ရပ်ကွက်၊ အောင်ဇေယျလမ်းတွင် နေထိုင်သူ ကိုဝေထူးအောင်ကို ရဲတပ်ဖွဲ့ဝင်များက စစ်မေးရန်ရှိသည်ဟုဆိုကာ ညပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အမှတ် ၃ ရပ်ကွက်အတွင်း နေထိုင်သူအချို့က ပြောသည်။

ကိုဝေထူးအောင် မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက “နောက်နေ့မနက်ပေါ့ မိုးတောင်မလင်းသေးဘူး။ အလောင်းလာယူဖို့ သူ့မိသားစုအိမ်ကိုနှိုးပြီး ရဲကလာပြောသွားတာ” ဟု  ပြောသည်။

ကိုဝေထူးအောင်ကို အသုတ်နယ်မြေရဲစခန်းမှ ခိုးမှုတစ်ခုဖြင့် ပတ်သက်သည်ဟုဆိုကာ စစ်ဆေးရန် ဇွန်လ ၂၁ ရက်နေ့ ညပိုင်းက ဖမ်းဆီးခံရပြီး ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၃ နာရီခန့်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသည့် နံနက်ပိုင်းတွင် မိသားစုဝင်များအား အလောင်းလာယူရန် အကြောင်းကြားလာခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။

အသက် ၅၀ ကျော်ခန့် အမျိုးသားတစ်ဦးက “ဒီကောင်လေးက ဆင်းရဲပါတယ်။ လက်လုပ်လက်စားပေါ့။ ရပ် ကွက်ထဲမှာတော့ စာရိတ္တပိုင်းနဲ့ ပတ်သက်ပြီး နာမည်ပျက်ရှိတယ်လို့ မကြားမိဘူး။ ဘာနိုင်ငံရေးမှလည်း မသိ ဘူး။ ရိုးရိုးသားသားပါပဲ” ဟု ပြောသည်။

ရဲစခန်းတွင် အလောင်းသွားထုတ်သည့် ကိုဝေထူးအောင် မိခင်မှာ အော်ဟစ်ငိုယိုနေသဖြင့် နောက်ထပ်ငိုနေမည် ဆိုပါက ပစ်သတ်မည်ဟုပင် စခန်းမှူးက ခြိမ်းခြောက်ပြောဆိုကြောင်း အဆိုပါ စခန်းမှူးသည် စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ အသွင်ပြောင်းလာသူ ဖြစ်ကြောင်း ရဲစခန်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ပုဒ်မ ၁၄၄ ထုတ်ထားသည့် အသုတ်မြို့တွင် ပြီးခဲ့သော ဇွန်လ ၁၂ ရက်နေ့ ညက ခြံဝန်းများအတွင်း သော့ခတ် ထားသည့် ဆိုင်ကယ် ၁၅ စီး ခိုးယူခံခဲ့ရပြီး တရားခံ ဖမ်းဆီးရမိသေးခြင်း မရှိကြောင်း မြို့ခံများကပြောသည်။

အသက် ၄၀ နှစ်ခန့်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက “စစ်သားတွေ ရဲတွေ လှည့်ကင်း ပတ်ကင်း စောင့်ကင်း တွေ တင်းကြပ်ချထားတာ။ အဲ့ဒီကြားက တစ်ညထဲ ဆိုင်ကယ် ၁၅ စီးအခိုးခံရတာလေ စဉ်းစားပေါ့” ဟု ပြော သည်။

အသုတ်မြို့ပေါ်နှင့် မြို့တွင်းရှိ ကျေးရွာများမှ ခိုးမှုနှင့် သံသယရှိသည်ဟု ဆိုကာ ဖမ်းဆီးစစ်ဆေးနှိပ်စက်ခံရသူ အယောက် ၂၀ ကျော်ရှိနေပြီဖြစ်ပြီး အချို့ကိုမူ ပြန်လွှတ်ပေးခဲ့သော်လည်း အချို့မှာ ပြန်လွှတ်လာခြင်း မရှိသေးပေ။

ထိုသို့ ဖမ်းဆီးစစ်ဆေးခံရသူများအနက် ကိုဝေထူးအောင်မှာ စစ်ကြောရေးတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း ဆိုင်ကယ်ခိုးသူများကိုမူ ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးဘူးဟု မြို့ခံများက ပြောသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...