မုန်တိုင်းသင့် ရခိုင်ဒေသတွင် ဆေးဝါးနှင့်ကျန်းမာရေးစောင့်ရှောက်မှု အလွန်တရာ အားနည်းနေဆဲဟုဆို

မုန်တိုင်းသင့် ရခိုင်ဒေသတွင် ဆေးဝါးနှင့်ကျန်းမာရေးစောင့်ရှောက်မှု အလွန်တရာ အားနည်းနေဆဲဟုဆို

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုမှာ အလွန်တရာ အားနည်း နေဆဲဖြစ်ပြီး ကျန်းမာရေး မကောင်းဖြစ်သည့် ပြည်သူများအနေဖြင့် အထူးအခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု မုန်တိုင်းသင့် ဒေသခံပြည်သူများက ပြောဆိုသည်။

ကျန်းမာရေး စောင့်ရှောက်မှု ကျေးလက်တောရွားများတွင်သာမက မြို့ပေါ်တွင်လည်း လွန်စွာ အားနည်းနေ သည်ဟု ၎င်းတို့က ပြောဆိုကြသည်။

ကျောက်တော်မြို့ရှိ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက "မုန်တိုင်း တိုက်ပြီးနောက်ပိုင်း ကျန်းမာရေးဌာနကလူတွေ တစ်ကြိမ်လာသွားပါတယ်။ အဲဒီ နောက်ပိုင်းတော့ လုံးဝမလာတော့ပါဘူး။ အခုက တုပ်ကွေးတွေ ဖြစ်တဲ့ ရာသီဆိုတော့ တုပ်ကွေးဖြစ်ကြတာတွေရှိပါတယ်။ ဒါပေမဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရှိတော့ နေမကောင်းဖြစ်ရင် ဆေးရုံ၊ ဆေးခန်းတွေမှာ ငွေကုန်ကျခံပြီး သွားပြရတယ်။ လူတွေက ငွေကြေး အဆင်မပြေကြပေမဲ့ အသက်တစ်ချောင်းက အရေးကြီးတော့ မရှိ/ရှိတာ ပေါင်နှံရောင်းချပြီးတော့ သွားပြရ တယ်" ဟု ပြောသည်။

မုန်တိုင်းတိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်သူများ အနေဖြင့် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဖြစ်လာသည့် ဝမ်း ရောဂါများ၊ အမိုးအကာများမလုံ၍ အအေးမိခြင်း၊ ဖျားနာခြင်းစသည့် ရောဂါတို့ကို ကြုံတွေ့ခံစားနေရ သော်လည်း ကျန်းမာရေးဌာနက လာရောက် ဆေးဝါးကုသမှု မရှိဟု ဆိုသည်။

အလားတူ မုန်တိုင်းဒဏ်ကိုဆိုးဆိုးဝါးဝါးခံခဲ့ရသည့် ပေါက်တောမြို့နယ်အတွင်းမှ မုန်တိုင်းသင့် ကျေးရွာအများ အပြားမှာလည်း မုန်တိုင်းကြောင့် ရေကန်များသို့ ဆားငန်ရည်များ ဝင်ရောက် သွားကာ သောက်သုံးရေ မသန့် ရှင်းသောကြောင့် ဝမ်းရောဂါများ ဖြစ်ပွားနေကြသည့်အပြင် အဆောင်များမပြုပြင်နိုင်သေးသောကြောင့် မိုးမိ ကာ ဖျားနာခြင်းတို့ကိုလည်း မကြာခဏ ခံစားနေကြရသည်ဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် ကျန်းမာရေးဌာနများအနေဖြင့် ကျေးရွာများအတွင်း၌ အထိုင်ချကာ ဒေသခံများ လိုအပ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးစေချင်ကြောင်း မုန်တိုင်းကြောင့် တစ်ရွာလုံးပျက်စီးသွားခဲ့ရသည့် ပေါက် တောမြို့နယ်၊ သဲခုံရွာမှ မမြင့်စံကပြောသည်။

“ကျမလည်း အမိုးအကာမလုံတဲ့အတွက် အအေးမိပြီးဖျားပါတယ်။ အလှူရှင်တွေကပေးတဲ့ တာပေါ်လင်စတွေနဲ့ မိုးကာထားတာဆိုတော့ မိုးမလုံ၊ လေမလုံ အပေါ်က မိုးယိုလိုက်၊ ဘေးက ဝင်လိုက်နဲ့။ ကျန်းမာရေးဌာနကလည်း မုန်တိုင်းအလွန် ၂ ကြိမ်ပဲလာခဲ့ပါသေးတယ်။ ကျမတို့ရွာက နဂိုကတည်းက ရေမသန့်ရှင်းလို့ ဝမ်းပျက် ဝမ်းလျှော ရောဂါနဲ့ အရေပြား ရောဂါတွေကို ခံစားနေရတာပါ။ အခုမုန်တိုင်းတိုက်သွားတော့ ကျန်းမာရေးစောင့်ရှောက်မှုက ပိုလိုအပ်နေပါတယ်။မြို့အထိသွားပြီး ဆေးခန်းပြဖို့ကလည်း အခုလိုမိုးရာသီကြီးမှာ လမ်းခရီးအဆင်မပြေသလို ငွေကြေးလည်း အခက်အခဲရှိပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ရွာမှာဆေးခန်းလေးတခုလောက် အထိုင်ချပြီး ကျန်းမာ ရေးစောင့်ရှောက်မှုတွေ ပေးစေချင်ပါတယ်” ဟု ပြောသည်။

သဲခုံရွာသားများမှာ မုန်တိုင်းတိုက်ခတ်ပြီးစဉ်ကတည်းက စစ်ကောင်စီထံမှ တစ်စုံတစ်ရာ ကူညီထောက်ပံ့မှု မရရှိ သေးဘဲ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏လှူဒါန်းမှုဖြင့်သာ စားသောက်နေရခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ကူညီခွင့်များကို စစ်ကောင်စီက  ပိတ်ပင်လိုက်ကြောင်း သတင်းများ ထွက်ပေါ် လာပြီးနောက်ပိုင်း မည်သည့်အလှူရှင်မှလာရောက်ခြင်းမရှိတော့ကြောင်းလည်း မမြင့်စံက ဆက်ပြောသည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်တွင် နေအိမ်(၂၁၆၆၈၁)ဆောင်ပျက်စီးကာ ဒေသခံတသန်းကျော် ထိခိုက် နစ်နာခဲ့ရပြီး မုန်တိုင်းသင့် ဒုက္ခသည်များမှာ ပျက်စီးသွားသည့် နေအိမ်များအား လက်ရှိအချိန်ထိ ပြန်လည် ထူ ထောင်နိုင်ခြင်း မရှိသေးသည့်အပြင် စားရေးသောက်ရေးပါ ကျပ်တည်းနေသည့်အတွက် ကျန်းမာရေးနှင့် ပတ် သက်၍ ဆေးဝါးများဝယ်ယူမသုံးစွဲနိုင်ခြင်း၊ ဆေးရုံ၊ ဆေးခန်းသို့သွားပြရန် ငွေကြေးမတတ်နိုင်ခြင်း စသည့် အခက်အခဲများကို ရင်ဆိုင်နေကြရခြင်းလည်း ဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသမှ ဒေသခံတစ်ဦးက “အရင်တုန်းကတော့ တစ်လတစ်ကြိမ် လောက် တော့ ရောက်ပါတယ်။ မုန်တိုင်းတိုက်ပြီးနောက်ပိုင်းတော့ မရောက်သေးဘူး။ အခုပြောသံကြားသလောက်တော့ လာမဲ့ ၂၄/၂၅ လောက်မှာ ကျန်းမာရေးဌာနကဆေးခန်းတရက်လာဖွင့်မယ်လို့တော့ ကြားထားပါတယ်။ ကျနော်တို့ ဒေသက ဆေးရုံဆေးခန်းသွားပြဖို့အတွက် ကားလမ်းပေါက်တဲ့ဒေသမဟုတ်တော့ လမ်းပန်းဆက်သွယ်ရေး ခက် ခဲပါတယ်။ နောက်ပြီးတော့ အခုအနေအထားကလည်း အကုန်လုံး ကျပ်တည်းနေတဲ့အနေအထားဆိုတော့ ငွေ ရေးကြေးရေးလည်း မရှိကြဘူး။ တစ်ချို့လူနာတွေ အတွက်ဆိုရင် ရွာထဲမှာအလှူခံပြီးပေးရတယ်” ဟု ပြောသည်။

ရခိုင်မှ မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုံလုံလောက်လောက် ရရှိရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဇော်အောင်ကို ဖုန်းဆက်သွယ်ခဲ့ရာ အစည်းအဝေးတက်နေ၍ မအားသေးဟုဆိုကာ ဖုန်းချသွားခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းအား ထပ်မံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

ရခိုင်မှ မုန်တိုင်းသင့် ဒုက္ခသည်များအတွက် အိန္ဒိယ၊ထိုင်းနှင့် တစ်ခြားနိုင်ငံတကာမှ ဆေးဝါး ပစ္စည်းများ၊ စားနပ် ရိက္ခာများနှင့် အမိုးအကာများကို စစ်ကောင်စီထံသို့ တဆင့်ခံ လှူဒါန်းထားသော်လည်း အဆိုပါလှူဒါန်း ပစ္စည်းများ သည် မုန်တိုင်းသင့် ပြည်သူများထံသို့ ယနေ့ထိ ရောက်ရှိခြင်းမရှိသေးဟုလည်း သိရသည်။

ရခိုင်တွင် မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဆေးရုံ၊ ဆေးခန်းနှင့် ဆေးပေး ခန်း ၇၅၂ ခု ပျက်စီးခဲ့ပြီး လက်ရှိတွင် ၇၅၀ ခုကို ပြန်လည် ဖွင့်လှစ် ထားပြီးဖြစ်ကြောင်း  ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းက ဇွန်လ ၁၅ ရက်၌ သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသော်လည်း ပြည် သူများအား ကျန်းမာရေး စောင့်ရှောက်မှုမှာ လွန်စွာအားနည်းနေသည်ဟု သိရှိရသည်။

ဓာတ်ပုံ - ရခိုင်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်း ကျန်းမာရေးစောင့်ရှောက်ပေးနေသည်ကို တွေ့ရစဉ်။

November 8, 2024
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် (၁၀)လအတွင်း အမျိုးသမီး (၁၂၆)ဦးနှင့်အမျိုးသား (...
အမ်းပြည်သူများ/ပုံဟောင်းသာ
November 8, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည့် အမ်းမြို့တွင် ဆန်တစ်အိတ်ကို ငွေကျပ် သုံးသိန်းအထိ...
ဓာတ်ပုံ-Mgkhine Aung facebook
November 7, 2024
ရခိုင်ပြည်တွင် နှစ်စဉ်ရေရှားပါးမှုကိုကာကွယ်ရန်အတွက်...
ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ
November 5, 2024
အင်အားတိုးချနေသည့်ကြားမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အရေးအကြီးဆုံး...