ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့မှ ဒေသခံ လင်မယားနှစ်ယောက် KIA တပ်မဟာ ၈၊ တပ်ရင်း ၄၁ ထိန်း ချုပ်သည့် နယ်မြေဖြစ်သော ခေါင်ရန်ကုန်း (Hkawng Rang kawng) ဆိုသည့်နေရာ၌ အသတ်ခံထားရသည် ဟု ဒေသခံများက ပြောသည်။
သက်ဆိုင်ရာ KIA အရာရှိများက တရုတ်ကုမ္ပဏီမှ လမ်းဖောက် လုပ်သားများ၏ လက်ချက်ဖြစ်သည်ဟု သံသယ ရှိသောကြောင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။
အသတ်ခံထားရသည့် လင်မယားနှစ်ဦးအနက် အမျိုးသားဖြစ်သူက နှိပ်စက်ဒဏ်ရာများနှင့် သေဆုံးနေပြီး၊ အမျိုးသမီးဖြစ်သူမှာ လိင်အကြမ်းဖက် ခံထားရပုံနှင့် မရှုမလှ သေဆုံးနေခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ခဲ့သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဟိုပင်ဒေသခံ အမျိုးသားတစ်ဦးက “ဖြစ်စဉ် အကြောင်းစုံကို ပြောရမယ်ဆိုရင် အခုဒီလ ၁၃ ရက်နေ့မှာ ကျနော် တို့ အသင်းတော်ရုံးဆီကို တာဝန်ရှိသူ တစ်ယောက်က အသင်းသား နှစ်ယောက် အသက်ဆုံးသွားပြီ မှိုစားမှားပြီး သေဆုံးသွားပြီလို့ ပြောလို့ အသင်းတော်ရုံးကနေ မော်တော်နဲ့ သွားသယ် ယူရမယ်ပြောလို့လေ။ သူတို့က တပ် မဟာ ၈ တပ်ကုန်း မရောက်သေးဘူး။ တပ်ရင်း ၄၁ ထိန်းချုပ်နေရာ ဟုတ်တယ်။ အဲ့ဒီကနေ သယ်လာခဲ့မယ်။ တောင်ခြေရင်း နေရာမှာပဲ လာသယ်ယူလို့ ရတယ်ဆိုလို့ ကျတော်တို့ အသင်းတော် တာဝန်ရှိသူက ကားဆရာ တွေကို လွတ်လိုက်တယ်။ ဒါပေမယ့် လာယူလို့ မရဘူး။ ကျနော်တို့က ရိုးရိုး မှိုစားမှားပြီး သေတာလို့ပဲ ထင်ပြီး သွားယူခိုင်းတာပေါ့” ဟု ပြောသည်။
သေဆုံးနေသူ နှစ်ဦးစလုံး၏ အလောင်းမှာ ပုပ်ပွနှံစော်နေပြီဖြစ်သည်ဟု မျက်မြင်တွေ့ရှိရသူက ပြောသည်။ သို့သော် အလောင်းမှာ မည်သည့် နေ့ရက် အချိန်၌ သေဆုံးခဲ့သည်ကို တိတိကျကျ မသိရသေးပေ။
သေဆုံးသူ နှစ်ဦးလုံး၏ ရုပ်အလောင်းများမှာ ပုပ်ပွကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသောကြောင့် ဇွန်လ ၁၄ ရက် နေ့တွင် အဆိုပါ၌သာ ဆုတောင်းပြီး မြေမြုပ်သင်္ဂြိုလ်လိုက်ကြသည်ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။
မိသားစုဝင်များနှင့် ရွာသားများက ဇွန်လ ၁၃ ရက်နေ့က KIA တပ်ရင်း ၄၁ မှ တာဝန်ရှိသူများက အကြောင်းကြား လာသောကြောင့် သိရှိရခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
သေဆုံးသွားသူ လင်မယားနှစ်ဦးအနက် အမျိုးသားဖြစ်သူမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တွင် တာဝန် ထမ်းဆောင်သူ တစ်ဦးဖြစ်ပြီး၊ တာဝန်ရှိသူများက ခေါ်သောကြောင့် ပြီးခဲ့သည့် ကြာသပတေးနေ့က ဇနီးဖြစ်သူ နှင့်အတူ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့သွားရောက်ပြီးနောက် အပြန်လမ်းတွင် ယခုကဲ့သို့ အသတ်ခံလိုက်ရခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိမှာ လင်မယားနှစ်ဦးအား သတ်သည့် တရားခံဟု ယူဆရသူ ၄ ဦးကို KIA တပ်ရင်း ၄၁ က ဖမ်းဆီးရမိထား ပြီး စစ်ဆေးမှုများ စတင်လုပ်နေပြီဟု ဆိုသည်။
တရားခံဟု ယူဆရသူ ၄ ဦးမှာ လမ်းဖောက်လုပ်နေသော တရုတ်သူဌေး၏ လုပ်သားများ ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ သူဌေးဖြစ်သူကိုလည်း အမှုကိစ္စဖြေရှင်းနိုင်ရေး ခေါ်ထားသည်ဟု ဟိုပင်ဒေသခံများကို KIO ဘက်မှာ ပြောဆိုထားသည်ဟု ဆိုသည်။
ထိုလမ်းလုပ်သားများသည် ဟိုပင်မြို့-အထက်နမ့်ယန်းပါကျေးရွာ-KIA တပ်မဟာ ၈ ထိန်းချုပ်သည့် နေရာအထိ ကားကြီးများသွားလာနိုင်ရေး လမ်းချဲ့ထွင်ဖောက်လုပ်နေခြင်း ဖြစ်သည်ဟု ဆိုကြသည်။
မိသားစုဝင်များနှင့် ဒေသခံများက လင်မယားနှစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ယခုအချိန်ထိ အမှုဖွင့်တိုင်ကြားခြင်း မရှိသေးဘဲ သက်ဆိုင်သော တပ်ရင်း ၄၁ မှ တာဝန်ရှိသူများက စိစစ်ဖြေရှင်းပေးမည်ကို စောင့်ဆိုင်းနေကြောင်းနှင့် KIA ဘက်မှလည်း အမှုကို စစ်ဆေးဖြေရှင်းဟု ပြောဆိုထားကြောင်း ဆိုသည်။
အသတ်ခံထားရသူများမှာ အမျိုးသားဖြစ်သူက အသက် ၃၅ နှစ်အရွယ် ဦးမဒိန်ခေါ်ယော် ဆိုသူဖြစ်ပြီး၊ အမျိုး သမီးဖြစ်သူက အသက် ၃၄ နှစ်အရွယ် ဒေါ် မခေါ် ကော့ဖန်တို့ဖြစ်ကြပြီး ၎င်းတို့နှစ်ဦးတွင် အရွယ်မရောက် သေး သော သားတစ်ဦး၊ သမီးတစ်ဦးလည်း ကျန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။