ရခိုင်တွင် မိုခါအလွန် မဟာဓာတ်လိုင်းမှ လျှပ်စစ်ပြန်လွှတ်ရာတွင် ဓာတ်လိုက်သေဆုံးမှုများလာ၍ အထူးသတိ ထားကြရန် လိုအပ်ဟုဆို

ရခိုင်တွင် မိုခါအလွန် မဟာဓာတ်လိုင်းမှ လျှပ်စစ်ပြန်လွှတ်ရာတွင် ဓာတ်လိုက်သေဆုံးမှုများလာ၍ အထူးသတိ ထားကြရန် လိုအပ်ဟုဆို
Ese Rakhine State page
Ese Rakhine State page

ရခိုင်တွင် မိုခါဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်စဉ်အတွင်း ပျက်စီးသွားခဲ့သည့် မဟာဓာတ်အားလိုင်းများ ပြန်လည် ပြုပြင်ပြီး လျှပ်စစ်ဓာတ်အား ပြန်လည်လွှတ်ရာတွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်၍ သေဆုံးမှုများရှိလာသဖြင့်  ပြည် သူများအနေဖြင့် အထူးသတိထားကြရန် လူမှုအဖွဲ့အစည်း တာဝန်ရှိသူများက သတိပေးပြောဆိုသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်သွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လျှပ်စစ် ဓာတ်အားလိုင်းများ ပြတ် တောက်သွားပြီးနောက် စစ်တွေမြို့ပေါ် ရပ်ကွက်အချို့နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ဇွန်လ ၇ ရက်နေ့က စတင်ပြီး  လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးခဲ့ရာ  မတော်တဆ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ လူ ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။

စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးက “ဓာတ်လိုက် သေတာတွေက သေဆုံးသူရဲ့ ပေါ့ဆမှု ကြောင့်လား၊ လျှပ်စစ်ဌာနရဲ့ ပေါ့ဆမှုကြောင့်လားဆိုတာ ကျနော်တို့ မသိရဘူးလေ။ ဘာပဲဖြစ်ဖြစ် ရပ်ကွက် တစ်ခုကို လျှပ်စစ်မီးပြန်ပေးတော့မယ်ဆိုရင် ဘာအန္တရာယ်မှ မရှိရအောင် အရင်ဆုံးသေချာစိစစ်ဖို့လိုတယ်။ စနစ်တကျပြုပြင်ပြီးမှသာ ပေးတာပိုကောင်းပါတယ်။ ဒေသခံတွေအနေနဲ့လည်း စိတ်ရှည်ရှည်နဲ့ စောင့်ပေး တာက ပိုပြီး ဘေးကင်းပါတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်တွေမြို့ ရှိ ရပ်ကွက်တချို့နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ဇွန်လ ၇ ရက်က လျှပ်စစ်မီး စတင်ရရှိခဲ့ သော်လည်း အခြားမြို့များတွင် ဇူလိုင်လမှသာ ရရှိမည်ဖြစ်ကြောင်း၊ ဇူလိုင်လ ပထမအပတ်အတွင်း ရရှိမည့် မြို့များမှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် မြေပုံ မြို့တို့ ပါဝင်ကြောင်း၊ လျှပ်စစ်မီး စတင်ရရှိချိန်တွင် သတိထားပြီး လုပ်ကိုင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း စစ်တွေမြို့မှ လူမှုရေးဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

“မုန်တိုင်းကြောင်း လျှပ်စစ်မီးတိုင်တွေ လဲပြိုကျတာတွေ၊ မီးကြိုးတွေ ပြတ်တောက်တာတွေ၊ ထရန်စဖော်မှာ တွေ ပျက်စီးသွားတာတွေ အများအပြားရှိတဲ့အတွက် မီးကြိုးတွေ ပြတ်နေတာတွေ့ရင် လုံး၀ သွားမကိုင်ဖို့ လို တယ်။ သစ်ပင်ပေါ်မှာ မီးကြိုးပြတ်တာတွေ တွေ့ရင် သစ်ပင်ကို သွားမကိုင်ဖို့လိုမယ်။ လျှပ်စစ်မီးကြိုး ပြတ်တာ တို့၊ ရေအိုင်ထဲကျနေတာတို့၊ သစ်ပင်ပေါ်ပြတ်ကျနေတာတို့တွေ့ရင် အတတ်နိုင်ဆုံး လျှပ်စစ်ဦးစီးဌာနကို အကြောင်းကြားပါ။ မပေါ့ဆဖို့လိုပါတယ်။ မီးကြိုးတွေက ဘယ်အတိုင်းအတာထိ ပြတ်ကျနေတာကို ဘယ်သူမှ မသိနိုင်ဘူး” ဟု ပြောသည်။

ကျောက်တော်မှ လျှပ်စစ်လုပ်သားတစ်ဦးဖြစ်သည့် ကိုကျော်စိုးသန်းက “အနီးအနားက လူတွေကိုလည်း အန္တရာယ်မဖြစ်ရအောင် အပင်တွေမှာ တင်နေတဲ့ကြိုးတွေ၊ တွဲကျနေတဲ့ ကြိုးတွေ၊ ခေါင်မိုးပေါ် တင်နေတဲ့ ကြိုး တွေကို မိမိတို့ဘာသာသွားမကိုင်ဘဲ ကျနော်တို့ကို ဆက်သွယ်ကြဖို့ ပြောပြထားပါတယ်” ဟု ပြောသည်။

ဇွန်လ ၁၀ ရက်နေ့က စစ်တွေမြို့ရှိ ပျက်စီးသွားသည့် ဓာတ်အားလိုင်းများအား လာရောက် ပြုပြင်ပေးနေသည့် ဧရာဝတီတိုင်းမှ အသက် ၂၅ နှစ်အရွယ် လျှပ်စစ်လုပ်သားတစ်ဦးမှာ ကုန်တန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ် မီးရရှိရေး အတွက် အနီးအနားရှိ ထရန်စဖော်မာအား စစ်ဆေးနေစဉ် ဓာတ်လိုက်သေဆုံးသွားခဲ့သည်။

အလားတူ ထိုနေ့တွင်ပင် စစ်တွေသုဿန်အနီးရှိ ဘုန်းကြီးကျောင်း တစ်ကျောင်း၏ ဓမ္မာရုံအား သွပ်မိုးပေးနေ သည့် စစ်တွေဒေသခံလူငယ် တစ်ဦးမှာလည်း ခေါင်းမိုးပေါ်မှ ဓာတ်ကြိုးကိုထိမိကာ ဓာတ်လိုက် သေဆုံးသွားခဲ့ သည်။

ယင်းအပြင် ဇွန်လအစောပိုင်းကလည်း စစ်တွေမြို့၌ဓာတ်အားလိုင်းများအား လာရောက် ပြုပြင်ပေးနေသည့် လျှပ်စစ်လုပ်သားတစ်ဦးမှာလည်း ဓာတ်တိုင်ပေါ်မှ ပြုတ်ကျကာ ဒဏ်ရာရရှိခဲ့ပြီး စစ်တွေဆေးရုံကြီး၌ အရေး ပေါ် ဆေးကုသမှုခံယူခဲ့ရသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားစသည့်မြို့နယ်များတွင် ဓာတ်တိုင်များ ပြိုလဲပျက်စီးကာ လျှပ် စစ်မီး ပြတ်တောက်သွားခဲ့ပြီး လျှပ်စစ်မီးပြန်လည်ရရှိရေး အတွက်လည်း လျှပ်စစ်ဌာနမှ တာဝန်ရှိသူများနှင့် လုပ် သားအင်အား ၁၀၀၀  ကျော်တို့ဖြင့် လုပ်ကိုင်လျက်ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

လက်ရှိတွင် လျှပ်စစ်မီးမရရှိသေးဘဲ ကျန်ရှိနေသေးသည့် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားစသည့် မြို့နယ်များမှ ဒေသခံများမှာလည်း အိမ်တွင်း၊ ရုံးတွင်း ဝါယာများကို သက်ဆိုင်ရာမြို့နယ်ရှိ  လျှပ်စစ်လုပ်သား များဖြင့် ဆက်သွယ်ခေါ်ယူ စစ်ဆေးပြုပြင်နိုင်ကြောင်း ပြည်နယ်လျှပ်စစ်ရုံးက ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

လျှပ်စစ်ဌာနမှတာဝန်ရှိသူများအနေဖြင့် လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် လာရောက် စိစစ်ပြုပြင်မည်ဆိုပါက တာဝန်ကျေမလုပ်ပေးဘဲ စနစ်တကျ လုပ်ဆောင်ပေးရန်လည်း လိုအပ်ကြောင်း မြောက်ဦးမှ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“လာလုပ်တဲ့သူတွေကလည်း သေသေချာချာစိစစ် ပြုပြင်ပေးဖို့လိုသလို သုံးစွဲသူတွေကလည်း သတိထားသုံးစွဲရ မယ်။ ဘာလို့လဲဆိုတော့ မြို့နယ်တိုင်း၊ ကျေးရွာတိုင်းကို လျှပ်စစ်ကြိုးတွေ လာရောက်ပြုပြင်ပေးမဲ့သူတွေထဲမှာ အလုပ်ကိုပြီးရင်ပြီးရောဆိုပြီး တာဝန်ကျေလုပ်ပေးမယ့် သူမျိုးတွေလည်း မပါဘူးလို့မပြောနိုင်ဘူး။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ပြင်ပကလျှပ်စစ်လုပ်သားတွေ လာရောက်လုပ်ပေးသွားတာတွေကို သိ ကျွမ်းနားလည်တဲ့ သူတွေနဲ့ နောက်တခေါက်ထပ်ပြီး သေချာ စိစစ် ကြည့်ပေးသင့်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်တွေမြို့မှ မိဇံရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ ကျေးပင်ကြီးရပ်ကွက်နှင့် ဘောလုံး ကွင်းရပ်ကွက်တို့တွင် လျှပ်စစ်ဝါယာရှော့ခ် ဖြစ်ကာ မီးလုံး၊ မီးချောင်းများ၊ မီတာပုံးများနှင့် အခြားလျှပ်စစ် ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သေးသည်ဟု မြို့ခံများက ပြောသည်။

ရခိုင်ရှိ မုန်တိုင်းသင့်မြို့နယ်များအနက် စစ်တွေနှင့် ပုဏ္ဏားကျွန်း နှစ်မြို့တည်းတွင်သာ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိနေပြီး ကျန်မြို့နယ်များတွင် ဇူလိုင်လ အစောပိုင်း၌ရရှိမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသဖြင့် လျှပ်စစ်မီး စတင်ဖြန့်ဖြူးသည့် အချိန် အထူးသတိထားရန် လိုအပ်သည်ဟု ပြောသည်။

Most read this week

ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...
November 13, 2024
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင် စစ်ကောင်စီတို့သည်...