ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council-IEC ) ရဲ့ ရှေ့လုပ် ငန်းစဉ်တွေထဲမှာလည်း လက်နက်တပ်ဆင်ရေးလုပ်ငန်းပါဝင်ပြီး ကရင်နီပြည်က လက်ရှိတော်လှန်ရေးရဲ့ တိုက်ပွဲ တွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ပေးသွားဖို့ ရှိတယ်လို့ IEC ရဲ့ ဒုဥက္ကဋ္ဌ ခွန်ဘီထူးက ပြောပါတယ်။
ဇွန်လ ၁၂ ရက်နေ့ IEC ကနေ ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ခွန်းဘီထူးက ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။
“ကျနော်တို့ ဒီပြည်နယ်အစိုးရ ရပ်တည်ပြီးနောက်ပိုင်းမှာ ဒီထက်ပို စုစည်းနိုင်လိမ့်မယ် လို့ မျှော်လင့်သလို ဒီထက်ပိုပြီးတော့မှ စနစ်ကျတဲ့ တပ်ဆင်မှုတွေနဲ့ စီမံခန့်ခွဲမှုတွေကတော့ ရှိလာလိမ့်မယ်ပေါ့နော။ အဲဒီတော့ ဒီ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့ တပ်ဖွဲ့တွေ အားလုံးနီးပါးကို ချိတ်ဆက်ပြီးတော့မှ ကျနော်တို့ သွားမှာဖြစ်ပါ တယ်။ ဒီတိုက်ပွဲ တွေမှာ ပါဝင်တိုက်ခိုက်ခြင်းမရှိတဲ့ အဖွဲ့တွေကိုတော့ ကျနော်တို့ တပ်ဆင်ပေးနိုင်ဖို့ သေချာ ပေါက် အခက်အခဲရှိမယ် ဆိုတဲ့အကြောင်းလေး ကနဦးပြောလိုပါတယ်” လို့ ခွန်းဘီထူးက ပြောပါတယ်။
လက်နက်တပ်ဆင်ရေးအတွက်လည်း ရရှိတဲ့ ရံပုံငွေတွေ၊ အခွန်တွေနဲ့ လက်နက်၊ ကျည်ဆံ၊ ရိက္ခာဖြည့်တင်းရေး ကိစ္စတွေကို ဆောင်ရွက်ရာမှာ ပိုမိုပွင့်လင်းအောင်လည်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိ IEC ထဲမှာလည်း ကရင်နီပြည်ထဲမှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေ အားလုံး မပါဝင်နိုင်သေးဘူးလို့ ခွန်းဘီထူးက ဆက်ပြောပါတယ်။
“ဒီပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းဖို့အတွက် ၁၀၀ ရာခိုင်နှုန်း အင်အားစုတွေအားလုံးပါနိုင်ဖို့ ကျနော်တို့ ဘက်မှာလည်း ၁၀၀ ရာခိုင်နှုန်း မလုပ်ဆောင်နိုင်သေးပါဘူး။ တချို့သော ကျနော်တို့ဘက်မှာ အများဆုံးသော လူ ထုတွေ အများဆုံးသော အင်အားစုတွေက ပါဝင်ပြီးတော့မှ လက်ရှိ ဒီပြည်နယ်အစိုးရ ကျရာတာဝန်ပေါ့နော်။ ကျရာ တော်လှန်ရေးတာဝန်ကို ခိုင်ခိုင်မာမာလုပ်ဆောင်နိုင်ဖို့အတွက်ကို ကျနော်တို့ ပြင်ဆင်နေကြတဲ့ အခြေ အနေမျိုး ဖြစ်ပါတယ်” လို့ ခွန်းဘီထူးက ပြောပါတယ်။
အသွင်ကူးပြောင်းရေးကာလတွေမှာတော့ ကရင်နီပြည်နယ်အတွင်းက အင်အားစုတွေအားလုံး ပါဝင်ပြီး အသွင် ကူးပြောင်းရေးကို အောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်နိုင်ဖို့ ယုံကြည်တယ်လို့ သူက ဆက်ပြောထားပါတယ်။
IEC အနေနဲ့ တော်လှန်ရေး အင်အားစုတွေကို ဆက်လက်စုစည်းပြီး လူထုကို အကာအကွယ်ပေးနိုင်ဖို့အတွက် ကြိုးပမ်းသွားမှာ ဖြစ်သလို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်တဲ့ ရဲဌာန၊ အကျဉ်းထောင်တို့ကို စနစ်တကျ စီမံခန့်ခွဲပြီး ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
IEC ဟာ ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ အတိုင်ပင်ခံကောင်စီ KSCC ရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ မူဝါဒလမ်း ညွှန် ချက်များ အတိုင်း စတင်ဖွဲ့စည်းကြောင်း ဇွန်လ ၁၂ ရက်နေ့မှာ ကြေညာထားပါတယ်။