ရခိုင်တွင် နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပလူမှုအဖွဲ့အစည်းများ သွားလာကူညီခွင့်ကို စစ်ကောင်စီက အကြောင်းပြချက် မရှိရပ်ဆိုင်း

ရခိုင်တွင် နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပလူမှုအဖွဲ့အစည်းများ သွားလာကူညီခွင့်ကို စစ်ကောင်စီက အကြောင်းပြချက် မရှိရပ်ဆိုင်း

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပ လူမှု အဖွဲ့အစည်းများ၏ မုန်တိုင်းကယ်ဆယ်ရေး သွား လာကူညီခွင့်ကို  စစ်ကောင်စီက ယနေ့မှစ၍ အကြောင်းပြချက်မရှိ ရပ်ဆိုင်းလိုက်သည်ဟု ရခိုင်လူမှုအဖွဲ့အစည်း များက ပြောသည်။

အဆိုပါအဖွဲ့များ၏ ရခိုင်ပြည်တွင်း သွားလာကူညီခွင့်ကို ဇွန်လ ၈ ရက်နေ့မှ စတင်ရပ်ဆိုင်းကြောင်းကို ပြည်နယ် ထွေ/အုပ်က စာပေးပို့၍ တစ်မျိုး၊ ဖုန်းဆက်၍ တစ်ဖုံ အကြောင်းကြားလာခြင်းဖြစ်သည် ဟု ရခိုင့်အရပ်ဘက် အဖွဲ့ အစည်းများထံမှ သိရသည်။

မည်သည့်အချိန်ထိရပ်ဆိုင်းပြီး မည်သည့်အတွက် ရပ်ဆိုင်း လိုက်သည်ဆိုသည်ကို မသိရသေးဘူးဟု ဆိုသည်။

ရခိုင်လူမှုအဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက “နိုင်ငံတကာ  အဖွဲ့အစည်းတွေ၊ စားနပ်ရိက္ခာပံ့ပိုးကြတဲ့ WFP တို့လို နောက် တခြားသော အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကပါ အိမ်ဆောက်ဖို့ အမိုးအကာတွေ၊ စားဖို့ ရိက္ခာတွေ ပံ့ပိုးနေကြတယ်။ ဒီပံ့ပိုးမှုတွေကို ရပ်စဲလိုက်တာက  ရခိုင်လူထုတွေ အပေါ်မှာ အငြိုးအတေးထားတာ နဲ့ တူတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်က ရခိုင်သို့ဝင်ရောက်တိုက်ခတ်ခဲ့သည့် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ရခိုင်တစ်ပြည်လုံးတွင် လူပေါင်း ၁၅၀ နီးပါးသေဆုံးပြီး နေအိမ် အဆောက်အအုံပေါင်း သောင်းနှင့်ချီ ပျက်စီးသွားခဲ့ရသည်။

ဆည်မြောင်းတာတမံများကျိုးပေါက်ကာ ရေတွင်းရေကန်များသို့ ဆားငန်ရေများ ဝင်ရောက်ပျက်စီးသွားခဲ့သလို ကျွဲ၊ နွားတိရစ္ဆာန်များလည်း သောင်းနှင့်ချီ သေဆုံးခဲ့ရသည်။

ယင်းသို့ ပျက်စီးထိခိုက်သွားမှုများအပေါ်ပြန်လည်ထူထောင်နိုင်ရေးအတွက် စစ်ကောင်စီထက် နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပလူမှုအဖွဲ့အစည်းများကသာ အားတိုက်အင်တိုက် ကူညီဆောင်ရွက်ပေးနေရချိန် ယခုကဲ့သို့ သွားလာ ထောက်ပံ့မှုများကို အကြောင်းပြချက်မရှိ ရပ်ဆိုင်းခံလိုက်ရသည့် အတွက် မုန်တိုင်းသင့် ပြည်သူများ အပေါ် များစွာ ထိခိုက်သွားစေနိုင်သလို အစိုးရအပေါ် ယုံကြည်မှုလည်း ကျဆင်းသွားစေနိုင်သည်ဟုလည်း ဆိုကြသည်။

အဆိုပါ ရခိုင်လူမှုအဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူက “မုန်တိုင်းကာလ နှစ်ပတ်ကျော်မှာ အရေးတကြီးလိုနေ တာက ရိက္ခာလိုအပ်တယ်။ အမိုးအကာ လိုအပ် တာပေါ့။ အခုဆို မိုးလည်း ရွာနေတယ်ပေါ့။ ဒီလိုပိတ်ပင်မှုဟာ ဆိုရင် ရခိုင်လူထုတွေ လက်ရှိ စစ်ကောင်စီအစိုးရ ကို အမုန်းတရားတွေ ပေါများစေတယ်။ ပြန်ပြီး ဖွင့်ပေးဖို့လို တယ်။ ဒီအတိုင်းပဲ ဆက်ပြီး အာဏာပြနေမယ်။ အာဏာအပေါ်မှာ အခြေခံပြီး လုပ်ဆောင်နေမယ်ဆိုရင် ရခိုင် လူထုရဲ့ ယုံကြည်မှုကို မရတဲ့အပြင် ရခိုင်လူထုက အစိုးရအပေါ် အမုန်းတရားတွေ ပိုပြီးဖြစ်စေမယ်လို့ မြင်ပါ တယ်” ဟု ပြောသည်။

အဆိုပါအဖွဲ့များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီက ခွင့်ပြုထားသော ခရီးသွားလာခွင့်များအား ဇွန် ၈ ရက်နေ့မှစ၍ ရပ်ဆိုင်းထားရန် ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေး ရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ဖြင့် အကြောင်း ကြားစာတွင် ဖော်ပြထားသည်။

အဆိုပါအဖွဲ့များ၏ သွားလာကူညီခွင့်များကို ယခုကဲ့သို့ ရပ်ဆိုင်းခံလိုက်ခြင်းမှာ ရခိုင်ပြည်သူများကို ငတ်မွတ်အောင် လုပ်ဆောင်ခြင်းဟုမြင်မိကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှ မုန်တိုင်းသင့်ပြည်သူ ဦးမောင်ဝင်းချေက နိရဉ္စရာ ကို ပြောသည်။

“ကျနော်တို့ပြည်သူတွေက အများကြီးဒုက္ခရောက်နေတဲ့အချိန်ကာလလေ။ သူတို့တွေက အဲလိုပိတ်ပင်တော့ ကျနော်တို့ ရခိုင်လူမျိုးကို သီးသန့် လုပ်ကြံတာနဲ့တူပါတယ်။ သူတို့အဲလိုပိတ်ပင်တယ်ဆိုရင် ရခိုင်လူမျိုးကို တိုက် လို့မနိုင်လို့ လက်ရှိ မုန်တိုင်းဘေးအန္တရာယ်ကြောင့် သီးသန့် တမင် ပြည်သူငတ်မွတ်အောင် လုပ်တာလို့ ထင်ပါ တယ်” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်အစိုးရ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား နိရဉ္စရာက  ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန် လည်ဖြေကြားခြင်းမရှိခဲ့ပါ။

မိုခါမုန်တိုင်းတိုက်သွားသည်မှာ တစ်လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း မုန်တိုင်းသင့်ရခိုင်ပြည်သူများထံသို့   စစ်ကောင်၏ အရေပေါ်ကူညီ ထောက်ပံ့မှုများကို မရရှိသေးသော ကျေးရွာအများအပြား ကျန်ရှိနေသေးကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဒေသခံများက ပြောဆိုကြသည်။ 

Most read this week

ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...
November 13, 2024
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင် စစ်ကောင်စီတို့သည်...