ကွတ်ခိုင်မြို့နယ်အတွင်းရှိ အလယ်တန်းကျောင်း KIA မှ စာသင်ခွင့် ပိတ်သိမ်း

ကွတ်ခိုင်မြို့နယ်အတွင်းရှိ အလယ်တန်းကျောင်း KIA မှ စာသင်ခွင့် ပိတ်သိမ်း

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ကျေးရွာအတွင်းရှိ အလယ်တန်း စာသင်ကျောင်း တစ်ကျောင်းကို ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) က စာသင်ခွင့် ပိတ်သိမ်းလိုက်သည်။

ဇွန်လ ၅ ရက်နေ့မှ စပြီး ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာရှိ အလယ်တန်းကျောင်းကို KIA တပ်သားများ ရောက်လာပြီး စစ်ကောင်စီခန့် ဆရာ/ဆရာမများကို စာသင်ခွင့်မပေးကြောင်းနှင့် စာသင်ကျောင်း ဖွင့်လိုပါက CDM ဆရာ/ဆရာမများကိုသာ ခေါ်ယူသင်ခွင့်ပေးကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက “စာသင်ကျောင်းကို ပိတ်ခိုင်းတာက စစ်ကောင်စီ လက်အောက်ခံ ပညာရေး စနစ်ဖြစ်နေလို့တဲ့၊ စာသင်ကျောင်း ဖွင့်ချင်ရင် CDM ဆရာ/ဆရာမတွေပဲ ခေါ်သင်တဲ့၊ လစာကိုလည်း ရွာသားတွေစုပြီး ပေးခိုင်းတာ။ အခုတော့ သူတို့ ပိတ်ခိုင်းလို့ ကျောင်းသား/ သူ ၃၀၀ ကျော်က စာသင်ခွင့် မဲ့နေ ကြတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

KIA ပိတ်ခိုင်းသည့် မိုင်းယုလေးမှ အဆိုပါ စာသင်ကျောင်းသည် ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကမှသာ စတင် ဖွင့်လှစ်သည့် ကျောင်း ဖြစ်သည်။

လက်ရှိတွင် ကျေးရွာနေ ဒေသခံများ နှင့် ကျောင်းကော်မတီ ရပ်မိရပ်ဖများ စုပေါင်းကာ စာသင်ကျောင်း ပြန် လည် ဖွင့်လှစ်နိုင်ရေးအတွက် KIO/KIA ကို အသနားခံစာ တင်ပြတောင်းဆိုမည်ရန် စီစဉ်ထားသည်ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

“ကျောင်းဆက်လက် ဖွင့်နိုင်ဖို့ ကျမတို့ကနေ သူတို့ကို သွားပြီး တောင်းဆိုမှာပါ။ အရင်နှစ်ကလည်း သူတို့က မဖွင့်ချင်၊ ဖွင့်ချင်နဲ့ တစ်နှစ်ပြီးအောင်တော့ ဖွင့်ခဲ့ရတယ်။ ဒီနှစ်သာ ကျောင်းမဖွင့်ရရင်လည်း ကလေး ၃၀၀ ကျော်က ပညာသင်ခွင့် မဲ့သွားတယ်လေ။ ပိုက်ဆံရှိတဲ့သူတွေက ကျောင်းပြောင်းလို့ ရနိုင်ပေမယ့် တချို့ အတွက်က တစ်နေ့လုပ် တစ်နေ့စားဆိုရင် မတတ်နိုင်ဘူး” ဟု အထက်ပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မိုင်းယုလေး အလယ်တန်းကျောင်းသို့ လာတက်ရောက်သည့် ကျောင်းသူ/သားများသည် ပန်လော့ကျေးရွာအုပ်စု နှင့် မိုင်းယုလေး ကျေးရွာအုပ်စုတို့မှ ဒေသခံ ကျောင်းသားများ ဖြစ်ကြသည်။

မိုင်းယုလေးကျေးရွာအတွင်းမှ အလယ်တန်းကျောင်းကို ပိတ်ခိုင်းခြင်းနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေး တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ဖြစ်သူ ဗိုလ်မှူးကြီး နော်ဘူကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြား ခြင်း မရှိပေ။

မိုင်းယုလေးကျေးရွာအုပ်စုအတွင်း မူလတန်းကျောင်း စုစုပေါင်း ၆ ကျောင်း ရှိနေပြီး အလယ်တန်း ကျောင်း တစ်ကျောင်းတည်းသာ ရှိနေသည်။ မိုင်းယုလေးကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း ၁၃ ရွာ ရှိနေပြီး ကွတ်ခိုင်မြို့ နှင့် မိုင်ပေါင်း ၂၀ နီးပါး ကွာဝေးသည့် ကျေးရွာဖြစ်သည်။

ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များအပြင် တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည့် TNLA တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့၊ ကချင်တပ်ဖွဲ့ KIA နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့က သွားလာလှုပ်ရှားနေကြသည်။

Most read this week

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...