ရခိုင်ပြည်တွင် မုန်တိုင်းကြောင့် အိမ်ခြေပေါင်း ၂၁၆,၆၈၁ လုံးပျက်စီးခဲ့ပြီး ဒေသခံတစ်သန်းကျော် ထိခိုက်နစ်နာခဲ့ ကာ ပျက်စီးဆုံးရှုံးမှု အမေရိကန် ဒေါ်လာတစ်ဘီလီယံခွဲခန့် ရှိသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ် တော် (ULA/AA) က ပြောသည်။
မုန်တိုင်းကြောင့် ရခိုင်ပြည်တွင် ပျက်စီးဆုံးရှုံးမှုများပြားပြီး မုန်တိုင်းသင့်ဒေသများ ပြန်လည် ထူထောင်ရေး အတွက် ရက္ခိုင့်တပ်တော် အနေဖြင့် အင်တိုက်အားတိုက် လုပ်ဆောင်နေသည်ဟု တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာ ကို ပြောသည်။
“ပြန်မပြင်နိုင်သေးတဲ့ မရှိဆင်းရဲသားတွေကို ကျနော်တို့ ULA/AA က တစ်ရွာကို တပ်ရင်း တစ်ရင်းပုံစံနဲ့ ဝင်ပြီး အိမ်တွေကို ပြန်ဆောက်၊ စောင်းနေတာတွေကို ပြန်တည့်၊ ရွာတွေကို သန့်ရှင်းရေးလုပ်တာမျိုးတွေကို တောက် လျှောက် ရွာစဥ်၊ တစ်ရွာပြီးတစ်ရွာလုပ်ပေးနေပါတယ်” ဟု ပြောသည်။
မုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်ရှိမြို့ နယ်များတွင် အိမ်ခြေ စုစုပေါင်း ၂၁၆, ၆၈၁ ဆောင်ပျက်စီးသွားပြီး ဒေသခံတစ်သန်းကျော် ထိခိုက်နစ်နာခဲ့သည်ဟု ၎င်းက ပြောဆိုသည်။
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြားနှင့် မြေပုံ စသည့်မြို့နယ်များတွင် နေအိမ် ၉၀ ရာခိုင်နှုန်းအထိ ပျက်စီးမှုရှိခဲ့သည်။
မြို့ပေါ်အတိုင်းအတာနှင့် နေအိမ်အများစု ပြုပြင်ပြီးစီးလုနီးပါးရှိသော်လည်း နယ်ကျေးရွာများတွင် နေထိုင်သည့် လက်လုပ်လက်စား ဒေသခံများမှာ နေအိမ်များကို ပြန်လည် မပြုပြင်နိုင်သေးဘဲ ရှိနေသေးသည်။
ရခိုင်တွင် မုန်တိုင်းကြောင့် သေဆုံးသူ (၁၄၆) ဦးရှိခဲ့ပြီး ၎င်းတို့မှာ စစ်တွေ မြို့နယ်တွင် (၉၆ )ဦး၊ ရသေ့တောင်မြို့ နယ်တွင် (၃၇) ဦး၊ ပေါက်တောမြို့နယ်တွင် (၇) ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် (၄) ဦး၊ ကျောက်တော်မြို့နယ်တွင် (၂) ဦးတို့ ဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။ ထို့အပြင် ဒဏ်ရာရသူ ၁၀ ဦးနှင့် ပျောက်ဆုံးနေသူ ၃ ဦး ရှိသည်ဟု လည်း သူက ပြောသည်။
ယခု စာရင်းအချက်အလက်များမှာ အလောင်းရရှိထားမှုနှင့် မိသားစု အတည်ပြုထားသည့် သေဆုံး စာရင်းဖြစ် ပြီး ULA/AA တပ်ဖွဲ့ဝင်များက လတ်တလော ကွင်းဆင်း ကောက်ယူထားသည့် စာရင်းများဖြစ်သည်ဟုဆိုသည်။
ထို့အပြင် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း ဘာသာရေး အဆောက်အအုံ ၁,၅၀၇ ဆောင်၊ စာသင်ကျောင်း ၉၇၁ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၅၂ ဆောင်ပျက်စီးသွားပြီး ကျွဲ၊ နွား စုစုပေါင်း ၁၅, ၃၈၈ ကောင် သေဆုံးခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ တစ်ဘီလီယံခွဲခန့် ရှိခဲ့သည်ဟု ULA/AA ၏ စာရင်းအရ သိရသည်။
ဦးခိုင်သုခက “ပျက်စီးမှုတန်ဖိုး ဒေါ်လာ တစ်ဘီလီယံခွဲလောက် ခန့်မှန်းထားတယ်။ ဒါကြောင့် ဒါတွေကို ပြန်လည် တည်ဆောက်ဖို့အတွက် အနည်းဆုံး ဒေါ်လာ တစ်ဘီလီယံ လောက် လိုပါတယ်” ဟု ဆက်ပြောသည်။
ရခိုင်ပြည်က မုန်တိုင်းသင့်ပြည်သူများအား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) မှ တဆင့် အလှူငွေများလှူဒါန်းထားပြီး ယင်းအလှူငွေများဖြင့် မုန်တိုင်းဒဏ်သင့် ပြည်သူများကို အရေးပေါ်စားနပ်ရိက္ခာများနှင့် အမိုးအကာများ ထောက်ပံ့ပေးမှုများ လုပ်ဆောင်နေသည်ဟုဆို သည်။
အလားတူ တောင်သူလယ်သမား ၇၀ ရာခိုင်နှုန်းရှိသည့် ရခိုင်တွင် ယခုနှစ် စပါးစိုက်ရာသီအမီ စိုက်ပျိုးနိုင်ရန် လည်း တပ်တော်က စီစဥ်ဆောင်ရွက်နေသည်ဟု ဦးခိုင်သုခက ဆက်ပြောသည်။
“မိုးရာသီရောက်လာတော့မှာ ဖြစ်တဲ့အတွက် မိုးအမီ စပါးစိုက်လိုက်နိုင်ဖို့ လိုပါတယ်။ စပါး မစိုက်လိုက်နိုင်ရင် နောက်နှစ်ခြောက်သွေ့ရာသီမှာ အခက်အခဲ ဖြစ်မယ်။ စပါးစိုက်လိုက်နိုင်ရင်တော့ သိပ်ပြဿနာမရှိဘူး။ ရခိုင်မှာ ၇၀ ရာခိုင်နှုန်းဟာ လယ်သမားတွေဖြစ်တယ်။ စပါးစိုက်နိုင်ဖို့ အတွက်လည်း လယ်ထွန်စက်တွေ၊ တခြားတခြား အထောက်အကူပြုပစ္စည်းတွေကို ပြင်ဆင်နေပါတယ်” ဟု ပြောသည်။
မိုးရာသီကိုဝင်ရောက်လာပြီဖြစ်သော်လည်း နေအိမ် အဆောက်အဦများကို ပြန်လည်တည်ဆောက်ရေး မလုပ်နိုင် သေးဘဲ နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေသည့် မိသားစုအများအပြားလည်း ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်စာရင်းတွင်မူ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြောင့် ရခိုင်တွင် လူပေါင်း ၁၁၅၆၇၉၆ ဦး ထိခိုက်ခဲ့ပြီး သေဆုံးသူ ၁၄၈ ဦးရှိကြောင်း၊ ဒဏ်ရာရ ၆၂ ဦးရှိကာ ပျက်စီးခဲ့သည့် အဆောက်အအုံပေါင်း ၂၄၁၀၇၁ ခုရှိကြောင်း၊ ယာဉ်အပျက်အစီး (ရေယာဉ်+ကား) ၇၁၆ စီး၊ သေဆုံး တိရစ္ဆာန် ၂၇၆၁၇ ကောင်နှင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုး သိန်းပေါင်း ၄၈၉၈၆ သိန်း ရှိကြောင်း ဖော်ပြထား သည်။