ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးမှုရှိ

ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးမှုရှိ

ကရင်နီပြည်က စစ်မက်ဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ မွေးကင်းစကလေး နဲ့ မိခင်တွေအပြင် ကလေးငယ်တွေဟာ ဆေးဝါးမလုံလောက်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်ခံရမှု မရှိတာတွေ ကြောင့် သေဆုံးနေတာတွေ ရှိနေတယ်လို့ ကယန်း အမျိုးသမီးအစည်းအရုံး (KyWO) မှ တွဲဖက်အတွင်းရေးမှူး ၂ မူအန်းဂျလာက ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်မှာ ဒီလိုစောင့်ရှောက်ဖို့အတွက်ကလည်း အဲလောက်ထိ ရှိမနေဘူး။ ကလေးနဲ့ မိခင် အတွက် အာဟာရဖြစ်စေတဲ့ ကျန်းမာစေတဲ့ ဆေးဝါးက လုံလုံလောက်လောက်မရှိဘူး။ ပြီးတော့ တစ်နေရာနဲ့ တစ်နေရာ ရွေ့ပြောင်းပြီး ပြေးလွှားနေရတဲ့အနေအထားမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ကလေးပျက် ကျတာများသလို ကလေးတွေ ဗိုက်ထဲမှာ သေဆုံးတာလည်းရှိသလို ကလေးလမစေ့ဘဲနဲ့ မွေးဖွားပြီးတော့ ကလေးသေဆုံးတာ ကလေးမွေးဖွားပြီးတော့မှ မိခင်သေဆုံးမှုကလည်း အများကြီးရှိတယ်ပေါ့နော်” လို့ ကယန်းအမျိုးသမီး အစည်းအရုံး (KyWO) မှ တွဲဖက်အတွင်းရေးမှူး ၂ မူအန်းဂျလာက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို အကြောင်း အမျိုးမျိုး ကြောင့် ပိတ်ထားလိုက်ရတဲ့အပြင် စစ်ရှောင်စခန်း နဲ့ ကျေးလက်ဒေသတွေမှာ ဖွင့်လှစ်တဲ့ ဆေးခန်းမှာလည်း ဆေးဝါးလုံလောက်မှုမရှိဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ကလေးနဲ့ မိခင်အတွက် အာဟာရဖြစ်စေမယ့် ဖြည့်စွက် စာတွေကို လုံလုံလောက်လောက် မပေးနိုင်တော့တာကလည်း အခက်အခဲတစ်ခုဖြစ်လာတယ်လို့ မူအန်းဂျလာက ဆက်ပြောပါတယ်။

အာဏာသိမ်းမှုအပြီး ၂ နှစ်အတွင်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ဆေးရုံ၊ဆေးခန်းမရှိတဲ့ ကျေးရွာတွေ က အသက် ၂ နှစ်အောက် ကလေးငယ် ၈ ဦးဟာ ဆေးကုသမှု မရရှိတာအပြင်၊ အချိန်မီဆေးကုသမှု မပေးနိုင်ခဲ့ တဲ့အတွက် သေဆုံးတဲ့ ဖြစ်စဉ်တွေရှိတယ်လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်အရေး ကူညီ ဆောင်ရွက်ပေးသူ မမေရီက ပြောပါတယ်။

“ကလေးက ဝမ်းလျောအန်တယ်ပေါ့နော။ ကလေးက နောက်တစ်ရက်နှစ်ရက် မသက်သာမှပဲ ဆေးသွားကုမယ် ပေါ့။ နောက်ရက်သွားတဲ့အချိန်မှာ သူ့ကလေးက ဆေးရုံရောက်တဲ့အချိန်မှာ မမီတော့ဘူး ဆုံးသွားတယ်ပေါ့နော်” လို့ ကလေးငယ်တစ်ဦး သေဆုံးသွားတဲ့ ဖြစ်စဉ်ကို စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူ မမေရီက ပြောပြ သွားတာပါ။

တဖက်မှာလည်း ဆေးကုသခွင့် မရရှိတာကြောင့် သေဆုံးသွားတဲ့ ကလေးနဲ့ မိခင်တွေရဲ့ စာရင်းကို အတိအကျ မသိနိုင်ပေမဲ့လည်း ၂၀၂၃ ခုနှစ် နှစ်စပိုင်းကနေ ဧပြီလအထိ ကရင်နီပြည်မှာ အမျိုးသမီး ကိုယ်ဝန်ပျက်ကျမှု၊ ကလေးမီးဖွားစဉ်အတွင်း ကလေး သို့မဟုတ် မိခင်သေဆုံးမှု၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း စတဲ့ အကြောင်း အရာတွေ ၅ မှုထက် မနည်းရှိခဲ့တယ်လို့ KyWO မှ ဧပြီလ ၃၀ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။

သို့သော် မြေပြင်မှာ လက်လှမ်းမမီတဲ့ နေရာတွေ ရှိနေသေးတဲ့အတွက် မိခင်သေဆုံးမှု၊ လမစေ့ဘဲ ကလေး မွေး ဖွားခြင်းတွေက ဒီထက်မက ပိုများနိုင်တယ်လို့ မူအန်းဂျလာက ပြောပါတယ်။

ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ လက်သည်နဲ့ပဲ မွေး ဖွားခဲ့ရပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရရှိခဲ့ဘူးလို့ မူအန်းဂျလာက ဆက်ပြောပါတယ်။

မူအန်းဂျလာက “ဆေးခန်းနဲ့ လက်လှမ်းမီတဲ့နေရာမှာ အချိန်မရွေး စကစ (စစ်ကောင်စီ) ဗုံးကြဲမှုတွေ လေ ကြောင်း တိုက်ခိုက်မှု တွေက အချိန်မရွေးလုပ်နိုင်တဲ့ အပေါ်မှာလည်း စိုးရိမ်ကြောက်ကြန့်မှု အပြည့်နဲ့ ရင်တ ထိတ်ထိတ်နဲ့ပဲ ကလေး မွေးဖွားတာတွေ လုပ်နေရတယ်ပေါ့နော်။ စိတ်ကြောက် စိတ်လုံခြုံမှုမရှိတဲ့ အကြောင်း ကလည်း မိခင်ရဲ့ စိတ်ကို ထိခိုက်သလို ကလေးတွေလည်း ဗိုက်ထဲသေဆုံးတာလည်း များသလို မွေးဖွားလည်း အသေနဲ့မွေးဖွားတာ‌တွေ ကလေးပျက်ကျမှုတွေက ဒီအကြောင်းအရာတွေကြောင့် ဖြစ်စဉ်တွေက ပိုပြီးဖြစ် လာ တယ်ပေါ့” လို့ ပြောပါတယ်။

အထူးသဖြင့် မိခင်နဲ့ ကလေး သေဆုံးမှုတွေက ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း၊ ဖရူဆိုမြို့၊ ဖယ်ခုံမြို့၊ မိုးဗြဲမြို့က ဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် စစ်ဖြစ်ပွားရာ ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် လက်လှမ်းမမှီတော့သလို ဆေးဝါး လိုအပ်ချက်လည်း ရှိနေပါတယ်။

၂၀၂၃ ဇန်နဝါရီလ အတွင်းမှာ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန် ၇ လ နဲ့ သေဆုံးလျက် မွေးဖွားခဲ့ပြီး ကလေးကလည်း ကိုယ်လက်အင်္ဂါ ပြည့်စုံမှုမရှိခဲ့ပါဘူး။

ဒါ့အပြင် ဖယ်ခုံမြို့ လယ်ထွန်ကျေးရွာက အမျိုးသမီးကလည်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကိုယ်ဝန် ၇ လနဲ့ ပျက်ကျခဲ့ပါတယ်။ အလားတူ မတ်လ ၂၆ ရက်နေ့မှာတော့ နန်းပေါ်လုံကျေးရွာက အမျိုးသမီးတစ်ဦးဟာ ကလေး မွေးဖွားခဲ့ပြီးနောက် သေဆုံးခဲ့ရပါတယ်။ မတ်လအတွင်းမှာတော့ ဖယ်ခုံမြို့က အမျိုးသမီးတစ်ဦးဟာ အမွှာ ကိုယ် ဝန် ၇ လ နဲ့ ကလေးအသေ မွေးဖွားခဲ့တယ်လို့ KyWO ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Most read this week

November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...
November 13, 2024
ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း...
November 12, 2024
ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း...