စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ သဘာတူညီချက် တစုံတရာမှ မရရှိ

စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ သဘာတူညီချက် တစုံတရာမှ မရရှိ

တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုကြောင့် ဖြစ်လာသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံ NSPNC တို့ တွေ့ဆုံဆွေးနွေးမှုသည် သဘောတူညီချက် တစ်စုံတစ်ရာ မရှိဘဲ ပြီးဆုံးသွားခဲ့ကြောင်း စုံစမ်းသိရ သည်။

အဆိုပါ တွေ့ဆုံမှုသည် ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ပြုလုပ်ရန် လျာထားသည့် စစ်ကောင်စီ လက်အောက် ခံ အမျိုးသား စည်းလုံးညီညွှတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် ညီ နောင်မဟာမိတ် (၃) ဖွဲ့ တွေ့ဆုံ ဆွေးနွေးမှုဖြစ်သည်။ သို့သော် တွေ့ဆုံမှုမှာ ဇွန် ၂ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။

NDAA (မိုင်းလားတပ်ဖွဲ့) အတွင်းရေးမှူး ဦးကြည်မြင့်က “ကျနော် ကိုယ်တိုင်ကတော့ အစည်းအဝေး ခန်းမထဲကို အမြဲရှိနေတာတော့ မဟုတ်ဘူး။ ဒီဘက်က ကျနော်တို့ကလည်း သူတို့ လုံခြုံရေးတွေ၊ နေထိုင်စားသောက်ရေး တွေ ကို အဓိက စီစဥ်ပေးပါတယ်။ ဆွေးနွေးပွဲကတော့ ပြေပြေလည်လည် ပြီးသွားပါတယ်” ဟု သျှမ်းသံတော် ဆင့်ကို ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မိုင်းလားတပ်ဖွဲ့သည် ဆွေးနွေးပွဲ ဖြစ်မြောက်ရန် နေရာထိုင်ခင်း၊ စားသောက်ရေး နှင့် လုံခြုံရေး ကိစ္စကိုသာ အကျိုးဆောင်ပေးခြင်းဖြစ်သည်ဟု ဦးကြည်မြင့်က ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် ဆွေးနွေးသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ရက္ခိုင့် တပ်တော် (AA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ် တို့ဖြစ်ကြပြီး အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်သည့် မိုင်းလားမြို့တွင် ဇွန်လ ၁ ရက်နေ့မှ စတင်ခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် ဆွေးနွေးမှု ပြီးဆုံး ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ NSPNC နှင့် ညီနောင်မဟာမိတ်တို့ တွေ့ဆုံဆွေးနွေးမှု လျာထားသည့် ရက်မတိုင်ခင် ပြီးဆုံးသွားခြင်း နှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က “အဓိက ကတော့ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ က လိုလိုလားလား ဆွေးနွေးချင်ပုံ မရဘူး။ တရုတ်တိုက်တွန်းမှုကို မလွဲသာလို့သာ အစည်းအဝေးလာ တက် ရတယ်လေ” ဟု သုံးသပ်ပြောဆိုထားသည်။

NSPNC နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ တွေ့ဆုံဆွေးနွေးမှုတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူး သံတမန် မစ္စတာကောပေါင်လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသော်လည်း တရုတ်သံတမန်က ဝင်ရောက် ဆွေးနွေးခြင်း ရှိ မရှိကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

ယင်းတွေ့ဆုံမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီမှ တင်ပြသည့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို ပြန်လည် မဆွေးနွေး ခဲ့ဘူးဟု ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခ က သတင်းမီဒီယာများကို ဖြေကြားထားသည်။

ယခုတကြိမ် တွေ့ဆုံဆွေးနွေးမှုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း NSPNC နှင့် ညီနောင် မဟာမိတ် (၃) ဖွဲ့တို့ ၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်နေသည်။

ယင်းကဲ့သို့ ဆွေးနွေးမှု ပြုလုပ်နေစဥ် ကာလအတွင်းမှာပင် ညီနောင်မဟာမိတ် (၃) ဖွဲ့ တပ်ဖွဲ့ဝင် ဖြစ်သည့် ကိုးကန့် တပ်မတော် MNDAA နှင့် စစ်ကောင်စီတို့က လားရှိုးမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

Most read this week

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...