လားရှိုး အမှတ် (၂) ရဲစခန်း အပါအဝင် စစ်ကောင်စီ စခန်း နေရာ ၂ နေရာ ပစ်ခတ်ခံရ

လားရှိုး အမှတ် (၂) ရဲစခန်း အပါအဝင် စစ်ကောင်စီ စခန်း နေရာ ၂ နေရာ ပစ်ခတ်ခံရ

သျှမ်းပြည် လားရှိုးမြို့လယ်ရှိ အမှတ် (၂) ရဲစခန်း အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ စခန်း (၂) နေရာကို ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်း ၃ နာရီဝန်းကျင်တွင် လားရှိုးမြို့လယ်၊ ကန်မိန်းကျောင်းအတွင်းသို့ ကိုးကန့် တပ်ဖွဲ့ (MNDAA ) က ဝင်ရောက်လာပြီး ရပ်ကွက် ၁၂ ရှိ စစ်ကောင်စီ လက်အောက်ခံ အမှတ် (၂) ရဲစခန်းကို ပစ်ခတ် တိုက်ခိုက်လိုက်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့ ဒေသခံ အသက် (၄၀) ဝန်းကျင် အမျိုးသမီးတစ်ဦးက “၃ နာရီလောက်မှာ ပစ်ခတ်သံတွေ စတင် ထွက် လာတယ်။ ကိုးကန့်အင်အား ၈၀ ကျော်လောက်က ကန်မိန်း ကျောင်း အနီးမှာ နေရာယူပြီးတော့ အမှတ် (၂) ရဲစခန်းကို ပစ်တာ။ ပစ်ခတ်မှုက နာရီဝက်လောက်တော့ ကြာသွားတယ်၊ ရဲစခန်းဘက်က ထိခိုက်သေဆုံးမှုတွေ ရှိမယ်ထင်တယ်၊ အသေးစိတ်တော့ မသိရသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ အမှတ် (၂) ရဲစခန်း ပစ်ခတ်မှုတွင် လက်နက်ကြီး လက်နက်ငယ် အသုံးပြုမှု ရှိပြီး ရဲစခန်း တံခါးပေါက် နှင့် အုတ်တံတားများ၌ ကျည်ဆန်များ ထိမှန်သည့် အပေါက်များ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

အမှတ် (၂) ရဲစခန်းဘက်တွင် ပစ်ခတ်သံများ နာရီဝက် နီးပါးကြာမြင့်ခဲ့ပြီး ယင်းပစ်ခတ်သံ ထွက်ပေါ်လာပြီး မရှေ့ မနှောင်းတွင် လားရှိုးမြို့နယ် မန်အိုင်ကျေးရွာ ဘက်တွင်လည်း ပစ်ခတ်သံများ ထွက်ပေါ်လာသည်ဟု ဒေသခံများက ပြောသည်။

လားရှိုးမြို့နေ အမျိုးသားတစ်ဦးက “မန်အိုင်ဘက်ကို တက်လာတဲ့ ကိုးကန့်တပ်ဖွဲ့က ကုန်းညောင် လမ်းကြောင်း ကနေ တက်လာတာ။ ကင်းစောင့်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို သေနတ်နဲ့ အချက် ၁၀ ချက်လောက်၊ လက်နက်ကြီး ၂ လုံးလောက် ပစ်ပြီးတော့ ပြန်ဆုတ်သွားတယ်။ ဒါပေမဲ့ စစ်ကောင်စီက လူနေအိမ် ရွာတွေထဲ နေရာယူပြီးတော့ တစ်ဖက်သတ် ဆက်ပစ်တာ ၁၀ မိနစ် ကျော်သွားတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် မန်အိုင်ကျေးရွာအတွင်း ဝင်ရောက်နေရာယူကာ ကိုးကန့်တပ်ဖွဲ့ MNDAA ကို လိုက်လံ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းတွင် ကျည်ဆံများ၊ လက်နက် ဗုံးခွံများကိုလည်း မြင်တွေ့ရကြောင်း ဒေသခံ များက ဆက်ပြောသည်။

မန်အိုင်ကျေးရွာဘက်မှ ပစ်ခတ်မှုများ ဖြစ်ပေါ်လာခြင်း နှင့် ပတ်သက်ပြီး မန်အိုင်ဘက်မှ ကိုးကန့်တပ်ဖွဲ့သည် ကန်မိန်းကျောင်းနားရှိ အဖွဲ့ကို ထွက်ပေါက်လွယ်ကူစေရန် စစ်ကူ သဘောမျိုးဖြင့် လာရောက်ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်း အမျိုးသားက ဆက်ပြောသည်။

“ကျနော်တို့ အထင်ပြောရတာပေါ့နော်။ ဘာလို့လဲဆိုရင် အမှတ် (၂) ရဲစခန်း နဲ့ မန်အိုင်ရွာက တောင်နဲ့ မြောက် လို ဖြစ်နေတယ်။ ဆိုတော့ ကိုးကန့်တပ်ဖွဲ့က မြို့တွင်း (ကန်မိန်းကျောင်း) မှာ ရှိတဲ့ အဖွဲ့တွေ ပြန်ထွက် ရလွယ် အောင်၊ စစ်ကောင်စီ ဗျာများအောင် လုပ်လိုက်တဲ့ သဘောလို့ပဲ မြင်မိတယ်။ ကိုးကန့်လို့ ပြောနိုင်တာလည်း သူတို့ ဘက်တံဆိပ်တို့ကို တွေ့ရတယ်လေ” ဟု အထက်ပါ အမျိုးသားက ဆက်ဆိုသည်။

စစ်ကောင်စီ နှင့် လားရှိုးမြို့တွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည့် ကိုးကန့်တပ်ဖွဲ့  MNDAA သည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ နှင့် ၂ ရက်နေ့အထိ ညီနောင်မဟာမိတ် သုံးဖွဲ့ နှင့်အတူ မိုင်းလားမြို့၌ စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် တွေ့ဆုံဆွေးနွေးမှု ရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့သည် တစ်နှစ်ကြာ အပစ်ရပ်ထားကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း လက်ရှိ အချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်မှု ရှိနေဆဲ ဖြစ်သည်။

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...