လမ်းများ ဖျက်ဆီးခံထားရသည့်ဒေသက ပြည်သူများ ပိုမိုခက်ခဲလာ

လမ်းများ ဖျက်ဆီးခံထားရသည့်ဒေသက ပြည်သူများ ပိုမိုခက်ခဲလာ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အရေးပါသည့်လမ်းများ ဖျက်ဆီးခံထားရသည့်အတွက် ဒေသခံများ၊ လူမှု ကူညီကယ်ဆယ်ရေးအဖွဲ့များ ဖြတ်သန်းသွားလာရေးနှင့် အရေးပေါ်ကျန်းမာရေးကိစ္စများ ဆောင်ရွက်နိုင်ရေး ပိုမိုခက်ခဲလာသည်ဟု ဒေသခံများက ပြောသည်။

ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်ကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ် ထားသည့် ကျေးရွာချင်းဆက်လမ်း၊ ဝင်းကလောကျေးရွာအဝင်လမ်း၊ အင်္ဂဘိုလက်ပံပင်အဝမှ မဲရုံးလေးကျေးရွာ သို့ ဝင်သည့်လမ်းတို့ကို စစ်ကောင်စီတပ်တို့က မေလ ၁၉ ရက်နေ့မှစပြီး ဘက်ဟိုးဖြင့် လာရောက်ဖျက်ဆီးသွားခဲ့ သည်။

ထိုသို့ ဖျက်ဆီးခံလိုက်ရသည့် လမ်းများသည် ဒေသတွင်း ဖြတ်သန်းသွားလာရေးအတွက် အရေးပါသည့် လမ်း များဖြစ်ကြောင်း ရိက္ခာများ သယ်ယူရန်နှင့် ယခုကျောင်းဖွင့်ရာသီတွင် ကလေးများ ကျောင်းတက်ရန် အခက်အခဲ များဖြစ်နေကြောင်း ကင်မွန်းချောင်ဒေသခံတစ်ဦးက ပြောသည်။

“ဒီလမ်းတွေက အရမ်းအရေးပါတယ်။ ကျွန်တော်တို့က စားရေး သောက်ရေးတွေ ဝယ်ခြမ်းဖို့က မြို့ပေါ်တက် ဝယ်ရတာလေ။ ကျိုက်ထိုကို တက်ပြီးဝယ်ရတယ်။ အခုက ကလေးတွေ ကျောင်းဖွင့်ပြီး။ အဲဒီလိုဖြစ်တော့ သွား လာရခက်ခဲတာပေါ့။ တခြားသယ်ယူပို့ဆောင်ရေးတွေမှာဆိုလည်း အဆင်မပြေဘူး။ မိုးကလည်းရွာလာပြီ ဆို တော့ အခြေအနေက ပိုဆိုးလာတယ်” ဟု ပြောသည်။

ဖြတ်သန်းသွားလာ၍ မရသည့်အတွက် အရေးပေါ် ကျန်းမာရေးကိစ္စများ ကူညီဆောင်ရွက်နိုင်ရန်အတွက် အခက် အခဲများ ရှိလာသည်ဟု ကျိုက်ထိုမြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒါက အတော်လေး အဆင်မပြေဖြစ်ရတယ်ဗျ။ အခုဖျက်ဆီးခံရတဲ့လမ်းတွေက အဓိကလမ်းတွေချည်းပဲ။ ကျွန်တော်တို့က လူနာကိစ္စသွားရတာ အရမ်းခက်တယ်။ အရေးပေါ်လူနာတွေသာရှိလာရင် အတော်လေး စိုးရိမ် ရမယ့် အခြေအနေမျိုးပဲဗျ။ အရင်က ဆိုင်ကယ်နဲ့သွား လို့ရတဲ့နေရာကတောင် အခုဆိုင်ကယ်နဲ့ အဆင်မပြေ သလောက်တဲ့အထိ ဖြစ်သွားတော့ ဒေသခံတွေအတွက် ကျန်းမာရေးအရ အကူအညီတွေရဖို့ ခက်ခဲသွားတာပေါ့” ဟု ၎င်းက ပြောသည်။

ဖျက်ဆီးခံထားရသည့် လမ်းပိုင်းများကို ယနေ့အချိန်အထိ မည်သူမျှ လာရောက် မပြင်ဆင်ရဲကြောင်း ဒေသခံများ က ပြောသည်။

ဒေသခံတစ်ဦးက “ဖျက်ဆီးသွားတာက စစ်တပ်ကလေ။ ဘယ်သူမှပြန်မပြင်ရဲဘူး။ ပြင်နေတာတွေ့ရင် သူတို့က ရောက်လာနိုင်တယ်။ အဲ့တာကြောင့်ဘယ်သူမှ မထိရဲဘူး။ အခုထိ လမ်းတွေကအဲဒီအတိုင်းပဲ” ဟု ပြောသည်။

ကျိုက်ထိုမြို့နယ်အတွင်း ဖျက်ဆီးခံရသည့် လမ်း ၃ လမ်းရှိနေပြီး အဆိုပါလမ်းများသည် ကင်မွန်းစခန်း-ကျိုက် ထို ကားလမ်းမကြီးမှ ဝင်းကလောကျေးရွာကို ဖြတ်ကာ တံတားချောင်း၊ ဆောင်နိုင်ကြီး၊ ကဒိုင်တွတ်၊ မိုးဘော၊ မဲရုံးလေး၊ မဲရုံးကြီး အစရှိသည့် ကျေးရွာ ၁၀ ရွာထက်မနည်းနှင့် ဆက်စပ်သွားလာနေကြသည့် လမ်းများဖြစ် သည့်အပြင် ဘီးလင်းမြို့နယ်နှင့်လည်း ဆက်နေသည့် လမ်းမကြီးတစ်ခု ဖြစ်သည်။

စစ်ကောင်စီတပ်က လိုက်လံဖျက်ဆီးနေသည့် လမ်းများသည် ကျိုက်ထိုမြို့နယ်အတွင်း ကေအဲန်ယူ တပ်မဟာ ၁၊ တပ်ရင်း ၃ ထိန်းချုပ်နယ်မြေအတွင်းရှိ လမ်းများဖြစ်ပြီး စစ်တပ်က ဖြတ် ၄ ဖြတ်ပုံစံမျိုး လုပ်ဆောင်နေသည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။

November 14, 2024
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၅ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်...
November 14, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကလွီကျေးရွာနှင့်ဒရယ်ကျေးရွာကြားတွင် ဆောက်လုပ်မည့် ကျောက်မီးသွေး...
November 13, 2024
မွန်ပြည်နယ်တွင် ယခုနှစ်မိုးစပါးပေါ်ကာလ၌ စပါးအထွက်နှုန်း သိသိသာသာ ကျဆင်းနေသောကြောင့်...
November 12, 2024
ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်နှင့်...