ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့တွင် ဇွန်လ ၂ ရက်နေ့၊ နံနက် ၁ နာရီကျော်မှ စ၍ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် ပြင်းထန်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်မှ တိုက်ခိုက်ရေး လေယာဉ် များဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်သည့်အတွက် အရပ်သားနှင့် ဃံဃာတော်များ ကျည်ထိမှန်သေဆုံးမှုရှိ သည်ဟု မြို့ခံများက ပြောသည်။
မြို့မရဲစခန်းအနီး နှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ၏ ခြေလျင် တပ်ရင်း အမှတ် ၃၂ စခန်းမှ ၆ဝ၊ ၁၂ဝ မမ လက်နက်ကြီးများဖြင့် မြို့ပြင် ပတ်ပတ်လည်တွင် ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် နံနက် ၈ နာရီဝန်းကျင်အချိန်တွင်လည်း တိုက်ခိုက်ရေး ရဟတ်ယာဉ် ၃ စင်းဖြင့် မင်္ဂလာကုန်း၊ ကြာ အင်း၊ ချောင်းဝရွာ အနီးတစ်ဝိုက်နှင့် မြို့ပြင်ဧရိယာ တစ်လျှောက်တွင် လာရောက် ဗုံးကြဲချသည့်အတွက် လူနေ အိမ်အများအပြား ထိမှန်ပျက်စီးသွားပြီး အရပ်သားများလည်း ကျည်ထိမှန် သေဆုံးမှုများရှိနေသည်ဟု ဒေသခံ များက ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက “အမှတ် ၆ ရပ်ကွက်က နေအိမ်တွေ ထိမှန်ကြတယ်။ ကလေးငယ်တစ်ဦး၊ အရပ်သား အမျိုးသား ၂ ဦး နေအိမ် မှာပဲ ကျည်ထိမှန်ဆုံးသွားတယ်။ ကမ်းနားဘုန်းကြီးကျောင်းမှာ ကိုရင် တစ်ပါးလည်း ကျည်ထိမှန်လို့ ပျံလွန်တော်မူသွားတယ်။ သူတို့က မြို့ပြင် တစ်လျှောက်ကို စခန်းကနေရော၊ လေယာဉ်နဲ့ရော ရမ်းသမ်းပစ်တော့ လူထုတွေ ထိခိုက်မှု ရှိနိုင်သေးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုကြောင့် မြို့ခံလူထုအများစုသည် ယနေ့ နံနက် ၉ နာရီကျော် အချိန်ထိ အပြင်ထွက် သွားလာ၍ မရသေးပေ။ မြို့ဝင်မြို့ထွက်နေရာနှင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာနေရာများတွင် စစ် တပ်မှ တပ်ဖြန့်နေရာယူ ထားလျက်ရှိပြီး စစ်ဆေးမှုများလည်း ရှိနေသည်ဟု မြို့ခံလူထုများက ပြောသည်။
ကတုတ်ကျင်းထဲ ပုန်းရှောင်နေသည့် ကြာအင်းဆိပ်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက “အခု ၁ဝ နာရီကျော်အထိ အပြင်ထွက်မရဲသေးဘူး။ တစ်ချက်တစ်ချက် လက်နက် သံကြားနေသေးတယ်။ မြို့ ပေါ်မှာတော့ စစ်ကောင်စီ တွေ တပ်ဖြန့်ထားကြတယ်။ ကျည်ထိမှန် သေဆုံးသွားတဲ့ မြို့ခံလူထုတွေရော လူနေအိမ်တွေရော ဘယ်သူမှ ကူညီ ကယ်ဆယ်ပေးမယ့်သူ မရှိသေးဘူး။ အပြင်ထွက်သွားလာလို့လည်း အဆင်မပြေဘူး။ စစ်သားတွေ ရှိ တယ်” ဟု ကေအိုင်စီ သို့ပြောသည်။
မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် ၎င်းတို့ လုံခြုံရေးယူထားသည့် နေရာများတွင် ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် - KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်မှ တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်သည့် အတွက် စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှုများနိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်လည်း ထိခိုက်မှုရှိနိုင်မည်ဟု မြို့ခံများက ပြောဆိုသော်လည်း သက်ဆိုင်ရာတပ်ဖွဲ့ တာဝန်ရှိသူများတွင် ကေအိုင်စီအနေဖြင့် အတည်ပြု နိုင် ခြင်း မရှိသေးပေ။
ကြာအင်းဆိပ်ကြီးမြို့နေ လူထုများအနေဖြင့် မိမိတို့၏ နေအိမ်အသီးသီးတွင်သာ ပုန်းအောင်းနေရဆဲဖြစ်ပြီး မြို့ ဝင်မြို့ထွက်များတွင် စစ်ကောင်စီတပ်မှ လုံခြုံရေးယူ ထားဆဲဖြစ်သည့်အတွက် အခြားလုံခြုံသည့် အရပ်များသို့ စစ်ဘေးတိမ်းရှောင်ကြရန် ခက်ခဲနေသည်ဟု ဒေသခံများက ပြောသည်။