မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည် မြောက်ပိုင်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့် မြို့နယ်တို့ရှိ ကျေးရွာ အသီး သီးတွင် အိမ်ခြေ စုစုပေါင်း ၂၁၆, ၆၈၁ ဆောင် ပျက်စီးသွားပြီး ဒေသခံပြည်သူ ၁, ၂၀၀, ၀၀၀ (တစ်သန်း နှစ်သိန်း) ကျော် ထိခိုက်နစ်နာခဲ့ကြောင်း AA က ပြောသည်။
ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခက “လတ်တလော ကောက်ယူရရှိထားတဲ့ စာရင်းအရ မိုခါ မုန် တိုင်းကြောင့် သေဆုံးတဲ့ လူဦးရေကတော့ ၁၄၆ ယောက်ရှိတယ်။ ဒဏ်ရာရတဲ့သူ ၁၀ ယောက်ရှိပြီးတော့ ပျောက်ဆုံးနေတဲ့ လူ ၃ ယောက်ရှိတယ်။ ဒါကတော့ နောက်ဆုံး ကောက်ယူရရှိထားတဲ့ စာရင်းဖြစ်ပါတယ်” ဟု DMG သို့ ပြောသည်။
အဆိုပါစာရင်းများမှာ ULA/AA တပ်ဖွဲ့ဝင်များက လတ်တလော ကွင်းဆင်းကောက်ယူထားသည့် စာရင်းများ သာ ဖြစ်ပြီး ဒဏ်ရာရ၊ သေဆုံးသူဦးရေမှာ ယင်းထက်လည်း ပိုများနိုင်ကြောင်း ဦးခိုင်သုခက ပြောသည်။
မုန်တိုင်းကြောင့် သေဆုံးသွားသူများမှာ စစ်တွေမြို့နယ်တွင် ၉၆ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၄ ဦး၊ ကျောက် တော်မြို့နယ်တွင် ၂ ဦး၊ ရသေ့တောင်မြို့နယ်တွင် ၃၇ ဦးနှင့် ပေါက်တောမြို့နယ်တွင် ၇ ဦး - စုစုပေါင်း ၁၄၆ ဦး ဖြစ်ကြောင်း AA ၏ စာရင်းအရ သိရသည်။
၎င်းတို့မှာ မုန်တိုင်းတိုက်ခတ်စဉ် ဒီရေမြင့်တက်လာသဖြင့် ရေနစ်သေဆုံးခြင်း၊ အဆောက်အအုံပြိုကျခြင်း၊ နေအိမ်ပြိုကျခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်သေဆုံးသွားကြခြင်း ဖြစ်သည်။
စစ်တွေမြို့နယ် ဘောဒူဖ မွတ်ဆလင်ဒုက္ခသည်စခန်း(၂) မှ ကိုမောင်လှနီက “အဲဒီနေ့က ကျနော်တို့က ကျောင်းမှာ နေတယ်။ ကျနော့်သမက်က အိမ်စောင့်ပြီးတော့ ကျန်ခဲ့တယ်။ ကျနော်တို့ ဒုက္ခသည်စခန်းမှာ ရေက ၁၀ ပေ လောက်မြင့်ခဲ့တယ်။ မုန်တိုင်းပြီးတော့ ကျနော်တို့ အိမ်ကိုပြန်လာတော့ သူက နေအိမ်ပိပြီးတော့ သေနေတာကို တွေ့ရတယ်။ ကျနော့်အိမ်လည်း အကုန်လုံးပျက်စီးသွားတယ်” ဟု ပြောသည်။
မုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများမှာ လက်ရှိတွင် ဆေးဝါးကုသရန်ငွေကြေးနှင့် အခြား အရေးပေါ် အကူ အညီများ လိုအပ်နေသည်ဟု ဒဏ်ရာရသူများက DMG ကို ပြောသည်။
ရသေ့တောင်မြို့ဦးကျောင်း စစ်ဘေးရှောင်စခန်းတွင် မုန်တိုင်းခိုလှုံစဉ် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သူ ဒေါ်သိန်းဝေ နုက “အဲဒီနေ့က ကျမတို့က ဓမ္မာရုံထဲ ထိုင်နေကြတယ်။ လေတိုက်တော့ အထက်က ပြိုကျပြီး၊ အုတ်တွေက ခန္ဓာမှာပိနေတဲ့အတွက် ထမရောက်တော့ဘူး။ ကျမဦးခေါင်းမှာ ဒဏ်ရာရသွားတယ်။ ခါးကလည်း အခုချိန်ထိ နာနေသေးတယ်” ဟု ပြောသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း စာသင်ကျောင်း ၉၇၁ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၅၂ ဆောင်၊ ဘာသာ ရေး အဆောက်အအုံ ၁,၅၀၇ ဆောင် ပျက်စီးသွားပြီး ကျွဲ၊ နွား စုစုပေါင်း ၁၅, ၃၈၈ ကောင် သေဆုံးခဲ့ရသည်ဟု AA ၏ စာရင်းက ဖော်ပြသည်။
မိုးဦးကာလတွင် မုန်တိုင်းကြောင့် ကျွဲနွားအများအပြား သေဆုံးရခြင်းမှာ ဒေသခံတောင်သူများအတွက် များစွာ နစ်နာဆုံးရှုံးကြောင်း တောင်သူလယ်သမားများက ပြောဆိုကြသည်။
“ကျနော်တို့ရွာမှာ နွားတစ်ရာကျော်သေသွားတယ်။ တခြားရွာတွေမှာဆိုရင်လည်း သေဆုံးသွားတဲ့ နွားတွေက အများကြီးရှိတယ်။ နွားတွေသေသွားတော့ လယ်သမားတွေအတွက် အများကြီးနစ်နာတာပေါ့။ အခုအချိန်မှာ နွားတွေရှိရင် အဲဒီနွားတွေကိုရောင်းပြီးတော့ နေအိမ်ဆောက်လုပ်ရာမှာ သံဖြူ၊ သံစတွေ ဝယ်လို့ရတယ်။ အခုက အားလုံးဆုံးရှုံးသွားတာ” ဟု နွား ၃ ကောင် သေဆုံးခဲ့ရသူ ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာသား ဦးမောင်သာချိုက DMG ကိုပြောသည်။
ရခိုင်ပြည်က မုန်တိုင်းသင့်ပြည်သူများအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လှူဒါန်းထားသည့် အလှူငွေ ကျပ်သိန်းတစ်သောင်းကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က လက်ခံရရှိထားသည်။
ယင်းအလှူငွေများဖြင့် မုန်တိုင်းဒဏ် အများဆုံးခံရသော ဒေသများရှိ ပြည်သူများကို AA က အရေးပေါ်ဆန် အပါ အဝင် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသော်လည်း အကူအညီများစွာ လိုအပ်နေသေးသည်ဟု ဒေသခံများက ဆိုသည်။
ရခိုင်ပြည်နယ် စစ်ကောင်စီ၏ စာရင်းအရ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်တွင် လေဘေး၊ ရေဘေးသင့် ပြည်သူ ၁၁၅၆,၇၉၆ (ဆယ့်တစ်သိန်း ငါးသောင်း ခြောက်ထောင် ခုနစ်ရာ ကိုးဆယ့် ခြောက်) ဦးရှိပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း ၄၆,၉၈၆ ရှိကာ သေဆုံးလူ ၁၄၈ ဦး အထိ ရှိ ကြောင်း ထုတ်ပြန်ထားသည်။