မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ ၁ ရက်နေ့ကစ၍ စစ်ကောင်စီက အခြေခံပညာကျောင်းများ ဖွင့်လှစ်ခဲ့ရာ ခုခံ တော်လှန်စစ် ပြင်းထန်နေသော ချင်းပြည်နယ်တွင်လည်း ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ကာ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူ ၃၅၀၀၀ ကျော်ရှိသည်ဟု ချင်းပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူများက ပြောသည်။
မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် ထန်တလန်မြို့ကလွဲ၍ ကျန် ၈ မြို့နယ်တွင် ဇွန်လ ၁ ရက်နေ့၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသစ်နှစ်မှာ ကျောင်းပေါင်း ၃၂၈ ကျောင်းဖွင့်လှစ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၅၄၃၄ ဦးတက်ရောက်ခဲ့ကြသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးမှ ပြုစုထားသော စာရင်းအရသိရသည်။
ယခုပညာသင်နှစ်သည် စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီ လက်အောက်တွင် ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းအပ်နှံမှု အများဆုံးဖြစ်သည်။
နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် သားသမီးများ ကျောင်းမတက်နိုင်သည်မှာ ၃ နှစ်ကျော်ရှိလာပြီဖြစ်ကာ ကလေးငယ်များ၏ အနာဂတ် ပညာရေးပိုင်း စိုးရိမ်ရသည့်အတွက် စစ်ကောင်စီ လက်အောက်တွင် ကျောင်း မအပ်ချင်သော်လည်း အပ်ခဲ့ရခြင်း ဖြစ်သည်ဟု ဟားခါးမြို့က ကျောင်းသားမိဘတစ်ဦးက ပြောသည်။
“ဒီနှစ်က ရပ်ကွက်ထဲက လူတွေရော ကျောင်းအပ်တဲ့သူတွေ တော်တော်များတယ်။ အဓိကတော့ ကလေးတွေက ကျောင်းမတက်တာ ဒီနှစ်နဲ့ဆို ၃ နှစ်ရှိပြီလေ။ ကျွန်မကလေးဆို အခု ၈ နှစ်ရှိပြီ အခုထိ KG မတက်ရသေးဘူး။ သူ တို့အသက်သာ ကြီးလာတာ ကျောင်းမတက်တော့ ဖုန်းပဲဆော့ကြတယ်။ ဆိုတော့ သူများကလေးတွေလည်း တက်တယ်။ ကိုယ့်ကလေးကျ မတက်ခိုင်းရင် အောက်ကျနောက်ကျ ဖြစ်မယ်။ တဖက်မှာလည်း စစ်တပ် လက် အောက်မှာတော့ မတက်စေချင်ဘူးပေါ့နော်။ ဒါပေမယ့် မြို့ပေါ်မှာက NUG ဖွင့်တဲ့ကျောင်းလည်း မရှိ၊ ပြီးတော့ ကိုယ်ပိုင်ကျောင်းတွေမှာ ထားဖို့ကလည်း ၁ လ ၁ သိန်းဆိုတော့ မတတ်နိုင်ပြန်ဘူး။ အစိုးရကျောင်းမှာ အပ်ဖို့ပဲ ရှိတော့တယ်” ဟု ပြောသည်။
ယခုပညာသင်နှစ်တွင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များအနက် ပလက်ဝမြို့နယ်သည် ကျောင်းတက်ရောက်မှု အများဆုံးဖြစ်ပြီး ကျောင်းသားဦးရေ ၁၇၃၂၂ ဦးတက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။
မြို့နယ်အလိုက် ကျောင်းတက်ရောက်မှုမှာ ဟာခါးမြို့နယ်တွင် ၂၁၉၂ ဦး၊ ဖလမ်းမြို့နယ်တွင် ၂၇၀၆ ဦး၊ တီးတိန် မြို့နယ်တွင် ၄၈၄၀ ဦး၊ တွန်ဇံမြို့နယ်တွင် ၅၉၆၆ ဦး၊ မင်းတပ်မြို့နယ်တွင် ၁၅၀၆ ဦး၊ ကန်ပက်လက်မြို့ နယ်တွင် ၁၄၂ ဦး၊ မတူပီတွင် ၇၆၀ ဦးရှိသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။
သို့သော် စစ်ကောင်စီတပ်က တစ်မြို့လုံး မီးရှို့ဖျက်ဆီးခဲ့သော ထန်တလန်မြို့နယ်တွင် ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိ ပေ။
ချင်းပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အား အကောင်း ဆုံး ပြည်နယ်ဖြစ်သောကြောင့် သင်ကြားရေးပိုင်းတွင် အခက်အခဲနိုင်မည်ဟု ဟားခါးဒေသခံ တစ်ဦးက ပြော သည်။
“အခုလို ကျောင်းဖွင့်တော့ စာသင်ပေးမယ့် ကျောင်းဆရာ/ဆရာမ ကလောက်မှာ မဟုတ်ဘူး။ သင်ကြားရေး ပိုင်းကတော့ အားနည်းမှာ သေချာတယ်။ ဒါပေမယ့် ကလေးတွေက အခုဒီနှစ်နဲ့ဆို ကျောင်းမတက်ရတာ ၃ နှစ် ရှိပြီဆိုတော့ တော်တော် လေးကို နောက်ကျနေကြပြီလေ။ ပြီးတော့ သူတို့အိမ်မှာ ဖုန်းကြည့်၊ ဆော့တာထက် ကျောင်းမှာ စာ ၁၀ ပုံ ၁ ပုံပဲရရ ကိုယ်ပိုင်ကျောင်းတွေမှာ မထားနိုင်ဘူး၊ ပိုက်ဆံမရှိဘူးဆိုရင်တော့ အစိုးရ ကျောင်းထားရမှာပဲ” ဟု ပြောသည်။
ချင်းပြည်နယ်တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း ၁၅၁၆ ကျောင်းရှိသည့်အနက် ၃၂၈ ကျောင်းသာ ဖွင့်လှစ် နိုင်ခဲ့ခြင်း ဖြစ်ပြီး ကျောင်းဆရာ/ဆရာမ စုစုပေါင်း ၉၆၆၇ ဝန်းကျင်ရှိသော်လည်း ၄၀၀၀ ကျော်သည် CDM လှုပ် ရှားမှု တွင် ပါဝင်ကြသည့်အတွက် သင်ကြားရေးပိုင်းတွင် အခက်ကြုံနိုင်သည်ဟု ဒေသခံ ကျောင်းသားမိဘများ က ပြောသည်။