သျှမ်းပြည်တွင် လိင်ပိုင်းဆိုင်ရာ နှင့် ကျား-မ ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်ခံရမှု တိုးလာ

သျှမ်းပြည်တွင် လိင်ပိုင်းဆိုင်ရာ နှင့် ကျား-မ ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်ခံရမှု တိုးလာ

သျှမ်းပြည်အတွင်း လိင်ပိုင်းဆိုင်ရာ နှင့် ကျား - မ ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်ခံရမှု တိုးလာ ကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) မှ ထုတ်ပြန်လိုက်သည်။

မတ်လ မှ ဧပြီလ အထိကောက်ယူထားသည့် အချက်အလက်အရ အမျိုးသမီးများ အိမ်တွင်း အကြမ်းဖက်ခံရမှု ၇ မှု၊ မုဒိမ်းမှု ၂ မှု၊ သက်ငယ် မုဒိမ်းမှု ၁ မှု၊ လိင်ပိုင်းဆိုင်ရာ အကျပ်ကိုင်မှု ၂ နှင့် ရင်းနှီးကျွမ်းဝင်သူချင်း အကြမ်း ဖက်မှု ၁ မှု ရှိသည်ဟု SWAN က ထုတ်ပြန်ထားသည်။  

အဆိုပါ ပြစ်မှုကျူးလွန်သည့် နေရာဒေသများမှာ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ မိုးနဲမြို့နယ်၊ မောက် မယ်နှင့် သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ် တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။

ထိုထဲတွင် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်ကို အသက် ၆၀ အမျိုးသားမှ မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့ သည့် အမှုလည်း ပါရှိသည်။

ယခု ၂၀၂၃ ခုနှစ် မတ်လမှ ဧပြီလအထိ ကောက်ယူထားသည့် အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ထက် ဖြစ်စဥ်များ တိုးများလာကြောင်း SWAN မှ ဝာာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမတို့ ထုတ်ပြန်တဲ့ update တွေက သျှမ်းပြည်တောင်ပိုင်း နဲ့ မြောက်ပိုင်းမှာရှိတဲ့ မြို့နယ်တချို့ထဲက လက် လှမ်း မှီနိုင်သလောက် ကောက်ထားတာဖြစ်တယ်။ ဒီထက်မက ရှိတယ် ဆိုတာသိတယ်။ ကျမတို့ ကောက်ရတဲ့ သတင်း အချက်အလက် ပေါ်မူတည်ပြီး ပြောရရင် ၂၀၂၂ ကတည်းက အိမ်တွင်းအကြမ်းဖက်မှု နဲ့ လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုက တိုးများလာတာတွေ့တယ်။ ဒီ ၂၀၂၃ မှာ သက်ငယ်မုဒိမ်းမှုတွေလည်း ပိုမို ဖြစ်ပွား လာတာ တွေ့ရပါတယ်” ဟု SWAN မှ ဝာာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

SWAN မှ ကောက်ယူထားသည့် အိမ်တွင်းအကြမ်းဖက်မှုများ အားလုံးသည် ကိုယ်ထိ လက်ရောက် ကျူးလွန်ခြင်း များ ဖြစ်သည်။

ကျူးလွန်ခံရသည့် အမှုအများစုကို ဒေသတွင်း ဓလေ့ထုံးတမ်းစည်းမျဥ်း၊ စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်း များအရသာ ဖြေရှင်းခဲ့ကြသည်ဟုလည်း SWAN ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အမျိုးသမီးများ အကြမ်းဖက်မှု အမျိုးမျိုး နှင့် ရင်ဆိုင်ကြုံတွေ့ရသည့် အကြောင်းအရင်းသည် လူ့အဖွဲ့အစည်း အတွင်း ဖို၀ါဒကြီးစိုးမှု၊ အကြမ်းဖက်မှု ကျူးလွန်မှု ဖြစ်လာပါက အရေးထား ဖြေရှင်းပေးသည့် တရားမျှတမှုများ မရှိခြင်းကြောင်း ၎င်းက ဆက်ပြောသည်။

“အမျိုးသမီးတွေ အကြမ်းဖက်မှုများလာတာက အကြမ်းဖက်မှု ကျူးလွန်မှု ဖြစ်လာရင် အရေးထား ဖြေရှင်း ပေးတဲ့ တရားမျှတမှုတွေ မရှိဘူး။ ကုသပေးတဲ့ အစီအစဥ် တွေလည်းမရှိဘူး။ အမျိုးသမီးတွေ အားနွဲ့လို့ လူထု တွေ အသိပညာ မရှိလို့ မဟုတ်ဘူး။ ဒါတွေက အာဏာရှိတဲ့သူတွေ အရေးမထားလို့ လျစ်လျူရှုလို့ ဖြစ်တယ်” ဟု ပြောသည်။

လက်ရှိတွင် ကျူးလွန်ခံရသူများအတွက် ဆေးဝါးပစ္စည်းများ၊ ငွေကြေး နှင့် အခြားသော အကူအညီများ အပြင် စိတ်ပိုင်းဆိုင်ရာ လူမှုအကူအညီအချို့နှင့် နစ်နာသူ၏ မိသားစုများအတွက် အကောင်းဆုံး ကူညီပေးနိုင်ရန် SWAN အဖွဲ့အနေဖြင့် ဒေသအတွင်း ချိတ်ဆက်ထားသည့် အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက် သွားမည်ဟု ထုတ် ပြန်ထားသည်။

SWAN မှ ဝာာဝန်ရှိသူ တစ်ဦးက “အမျိုးသမီးတယောက်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စေ၊ မုဒိမ်းမှုဖြစ် စေ ဖြစ်ခဲ့မယ်ဆိုရင် ကျူးလွန် ခံရသူကို အမြန်ဆုံး ဆေးစစ်ဖို့ မှတ်တမ်းလုပ်ဖို့ ဆေးရုံကို သွားပို့ပေးသင့်တယ်။ ပြီးရင် အမြန်ဆုံး ဘေးကင်း လုံခြုံတဲ့နေရာကို ခေါ်ဆောင်သွားသင့်တယ်။ ကျူးလွန်ခံရသူအတွက် စိတ်ပိုင်းဆိုင် ရာ အားပေးနှစ်သိမ့်ပေး တာတွေ လုပ်ရမယ်။ ပြီးရင် တရားမျှတရေးအတွက် ရှင်သန်ကျန်ရစ်သူအနေနဲ့ ဘာ ဆက်လုပ်ချင်လဲဆိုတာကို ဆက်လုပ်ဖို့လိုတယ်” ဟု ဆက်ပြောသည်။

ထို့အပြင် ကျား - မ အခြေပြု အကြမ်းဖက်မှု အပါအဝင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို သတင်းပေးလိုပါက Shan Women’s Action Network (SWAN) ကို ဆက်သွယ် သတင်းပေးနိုင်ကြောင်းလည်း ပြောဆိုထားသည်။

လက်ရှိ SWAN မှတ် ထုတ်ပြန်ထားသည့် အမျိုးသမီးများ အိမ်တွင်း အကြမ်းဖက်ခံရမှု နှင့် ကျား - မ ကွဲပြားမှုပေါ် အခြေခံသည့် အကြမ်းဖက်မှုများသည် ကျောက်မဲမြို့နယ်မှ ၇ မှု ဖြင့် အများဆုံးဖြစ်နေပြီး ရပ်စောက်မြို့၊ မိုးနဲမြို့၊ မောက်မယ်မြို့ နှင့် သီပေါမြို့တို့လည်း ပါဝင်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...