ထီးချိုင့်-ကသာအစပ်တွင် ဧရာဝတီမြစ်ကြောင်း သံခွန်မော်တော်ယာဉ်မှ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး ဒေသခံ အမျိုးသမီးတစ်ဦး လက်နှစ်ဖက် ဖြတ်လိုက်ရသည်။
စစ်အင်အား ၂၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီ စစ်ကြောင်းသည် မေလ ၃၁ ရက်နေ့ ထီးချိုင့်မြို့နယ်နှင့် ကသာ မြို့နယ်အစပ်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ရောက်ရှိလာပြီး ကမ်းဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသော ကြောင့် အမျိုးသမီးတစ်ဦး လက်နှစ်ဖက်ဆုံးရှုံးခဲ့ရသည့်အပြင် ကျေးရွာ ၁၀ ရွာထက်မနည်းက ပြည်သူများ လည်း ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “ထီးချိုင့်ကနေကသာကို သံခွန်မော်တော်သုံးစီးတက်သွားတာ မော်တော်ယာဉ်ကနေ သူတို့ ယမ်းသမ်းပစ်လို့ ကသာနယ်ထဲက အမျိုးသမီးယောက် ကျည်ထိလို့ လက်နှစ်ဖက်လုံး တံတောင်ဆစ်ကနေ ဖြတ် လိုက်ရတယ်။ အဲနားတစ်ဝိုင်က ရွာသားတွေလည်း တိမ်းရှောင်နေရပါတယ်” ဟု ပြောသည်။
လက်နက်ကြီး ကျည်ထိမှန်သော အမျိုးသမီးသည် အသက် ၃၆ နှစ်အရွယ် ကသာမြို့နယ်၊ အောက်သံပုရာ ကုန်းကျေးရွာတွင် နေထိုင်သူဖြစ်သည်။
မေလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းသည် ဧရာဝတီမြစ်ကြောင်းအတိုင်း ထီးချိုင့်မြို့မှ ကသာမြို့ဘက်သို့ လက်တွဲခွန်သုံးစီးဖြင့် ဆန်တက်ခဲ့ပြီးနောက် ဆန်တက်လာရာလမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။
ထို့ကြောင့် ထီးချိုင့် - ကသာမြို့နယ် တစ်လျှောက်ရှိ မြစ်ကမ်းနံဘေးကျေးရွာများဖြစ်သော မြတောင်အနီးရှိ တက်ကျ၊ ရေကန်၊ ကိုးတဲ၊ ဝဲကြီး၊ ကမ်းနီ၊ ကျောက်မှော်၊ နတ်အင်း၊ အင်းတမွတ်၊ ညောင်ခြေထောက်၊ သံပုရာ စသည့် ကျေးရွာများသည် ထွက်ပြေးနေရဆဲ ဖြစ်သည်။
စစ်ကောင်စီတပ် နှင့် ကာကွယ်ရေး ပူးပေါင်းတပ်များအကြား ကသာနှင့် ထီးချိုင့်အစပ်တွင် ပြီးခဲ့သည့် မတ်လက တစ်ကြိမ် ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် နှစ်လနီးပါး တိုက်ပွဲဖော်ဆောင်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်း မရှိ ခဲ့သော်လည်း မေလ ၃၁ ရက်နေ့မှ စတင်ကာ တစ်ဖန်ပြန်လည် စစ်ရေးလှုပ်ရှားလာခြင်း ဖြစ်သည်ဟု ကာကွယ် ရေးတပ်ဖွဲ့ဝင်များ က ဆိုသည်။
အဆိုပါစစ်ကြောင်းသည် ထီးချိုင့်မြို့ပေါ်မှ ကား ၁၃ စီးဖြင့် ထွက်ခွာလာရာမှ သံခွန်ဖြင့် ဧရာဝတီ မြစ်ကြောင်း အတိုင်း ကသာဘက်သို့ ဆန်တက်နေသောကြောင့် ကသာနှင့်ထီးချိုင့် အစပ်ရှိ ကျေးရွာ ၆ ရွာထက်မနည်း က ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “အခုတော့ ကသာနယ် မြစ်နဘေးကအင်းရွာကိုဝင်နေတယ်ပြောတယ် ထီး ချိုင့်နဲ့အစပ်ပဲ ဒေသခံတွေကတော့ စစ်ကြောင်းတက်လာတာနဲ့ပြေးရတာထုံးစံပါပဲ မပြေးရင်ဖမ်းတာကို အမျိုး သမီးတွေ ဆိုတော်သေးတယ်။ အမျိုးသားဆိုဘယ်အရွယ်မှ ချမ်းသာမပေးဘူး အသက်ကြီးပိုင်းတွေဆိုလည်း ထမ်းပိုးဖို့ခေါ်သွားတာပဲ” ဟု ပြောသည်။
စစ်ကောင်စီတပ်က ယခုကဲ့သို့ စစ်ရေးပြန်လည် လှုပ်ရှားလာခြင်းကြောင့် ဒေသခံများအနေဖြင့် စစ်ရေးသတိရှိ ရန်နှင့် ဘေးလွှတ်ရာကို ကြိုတင်တိမ်းရှောင်ကြရန် ကသာခရိုင်တပ်ရင်း (၁) က မေလ ၁၉ ရက်နေ့တွင် ကြိုတင် သတိပေးထုတ်ပြန်ထားသည်။
စစ်ကိုင်း - ကချင်ဒေသအစပ် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်နေရာသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ် ကောင်စီတပ် နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျှက်ရှိပြီး စစ်တပ်ဘက် က လည်း ကုန်းကြောင်း၊ ရေကြောင်းတို့မှ မကြာခဏ ယမ်းသမ်းပစ်ခတ်နေမှုများကြောင့် မြစ်ကမ်းနံဘေးမှ ဒေသခံ များ ကျည်ထိမှန်သေဆုံးမှုများရှိနေပြီး ကျွဲ၊ နွား၊ တိရိစ္ဆာန်များ အပါအဝင် နေအိမ်များလည်း ဖျက်ဆီးခံရမှုများစွာ ရှိနေသည်။