သျှမ်းပြည်၊ လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး စစ်ဆေးရေးဂိတ်များထပ်မံ ဖွင့်လှစ်နေသည်ဟု ဒေသခံများက ပြောသည်။
သျှမ်းတပ်နှစ်တပ်မှ လဲချားမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီးသည့် နောက်တွင် စစ်ကောင်စီ တပ်ဖွဲ့သည် လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာဘက်တို့၌ စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ကာ လမ်းသွားလမ်းလာများကို တားမြစ် စစ်ဆေးနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံ အမျိုးသားတစ်ဦးက “တာဆန်းရွာ၊ ဟဲဆိုင်ရွာ တို့ဘက်မှာ ဝါးတားဂိတ်နဲ့ စစ်ကောင်စီက စစ်ဆေးရေး ဂိတ် ဖွင့်ထားတယ်၊ ရွာကလူတွေ မြို့ပေါ်သွားရင် ခွင့်ပြုပေမယ့် မြို့ပေါ်ဘက်ကနေ ရွာထဲလာမယ်ဆိုရင် စစ် ဆေးမေးမြန်းမှု ကြမ်းတယ်။ သူတို့က သျှမ်းတပ်နှစ်တပ် အင်အားဖြည့်တင်းမှုတွေကို တားမြစ်ချင်တယ်လို့ သိရတယ်” ဟု ဆက်ပြောသည်။
ယင်းကဲ့သို့ စစ်ကောင်စီ တပ်မှ လဲချားမြို့နယ်အတွင်း စစ်ဆေးရေးဂိတ် လာရောက် ဖွင့်လှစ်နိုင်ရန်အတွက် စစ်အင်အားကို ပြည်သူ့စစ်တပ်ဖွဲ့များက တာဝန်ယူ သယ်ဆောင်ပေးရသည်ဟု ဒေသခံများက ဆိုသည်။
လက်ရှိတွင် လဲချားမြို့နယ် အတွင်း၌ စစ်ရေးများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီ တပ်ဖွဲ့သည် မြေပြင် စစ်ဆေးရေးဂိတ်များ အပြင် စစ်လေယာဥ်ဖြင့်ပါ လဲချားမြို့ပေါ်တွင် ပျံသန်းနေမှုများ ရှိနေသည်ဟု ဒေသခံများ က ဆက်ပြောသည်။
“စစ်ကောင်စီတို့ တားထားတဲ့ လမ်းကြောင်းက လဲချားကနေ ခိုလမ်ကို တိုက်ရိုက်ရောက်တယ်၊ အဲ့လမ်းပိုင်း တစ်လျောက် စစ်ကောင်စီတပ်ရောက်ဖို့ SSS ပြည်သူ့ စစ်တပ်က ပို့ပေးရတယ်၊ ပြီးတော့ မက်ကျန်း ပြည်သူ့ စစ်တပ်၊ နားယိုင်းပြည်သူ့စစ်တပ် ၊ မန်ပန်ပြည်သူ့စစ်တပ် နဲ့ SSPP တပ်ပေါင်းစုလည်း ရောက်နေတယ်၊ ပြီး တော့ လေယာဥ်တွေ လာဝဲပြတာလည်း နှစ်ရက်နဲ့ နှစ်ညရှိပြီ” ဟု အထက်ပါ ဒေသခံ အမျိုးသားက ဆက် ပြော သည်။
ထို့အပြင် စစ်ကောင်စီတပ်သည် လဲချားမြို့နယ်အတွင်း သျှမ်းတပ် နှစ်တပ် တိုက်ပွဲ မဖြစ်ရန် တားမြစ် ပြောဆို ခဲ့ပြီးသည့်နောက် မေလ ၂၉ ရက်နေ့ နှင့် ၃၀ ရက်နေ့တို့တွင် စစ်လေယာဥ် နှစ်စီးဖြင့် လဲချားမြို့ကို နှစ်ရက်၊ နှစ်ည ဆက်တိုက် ပျံသန်းပြခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယင်းကဲ့သို့ စစ်ကောင်စီမှ လဲချားမြို့ပေါ် စစ်လေယာဥ် နှစ်ရက် နှင့် နှစ်ည ဆက်တိုက် ပျံသန်းမှုကြောင့် လဲချား ဒေသခံများ အနေဖြင့် စစ်ကောင်စီ နှင့် သျှမ်းတပ်နှစ်တပ်ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြ သည်။
သျှမ်းတပ်နှစ်တပ်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA နှင့် သျှမ်းပြည် ပြန် လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့၏ လဲချားမြို့နယ် အတွင်း တိုက်ပွဲကြောင့် ကျေးရွာသုံးရွာက ရွာပျက်သည် အထိ ဖြစ်လာခဲ့သည်။
သျှမ်းပြည် လွိုင်လင်ခရိုင်အတွင်း သျှမ်းတပ်နှစ်တပ် တိုက်ပွဲ မဖြစ်ရန် ခိုလမ်တိုင်းမှူးက တားမြစ်ပြောဆို အပြီး စစ်လေယာဥ်များဖြင့် လဲချားမြို့နယ် အနီးတစ်ဝိုက်တွင် ပျံဝဲမှု နှစ်ရက်ဆက်တိုက် ပြုလုပ်လာကြောင်း စုံစမ်း သိရသည်။
ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ကာ လဲချားမြို့နယ် အနီးတစ်ဝိုက်တွင် သျှမ်းတပ်နှစ်တပ် ဖြစ်သည့် SSPP/SSA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် တိုက်ပွဲသည် မိုင်းနောင် နှင့် ကွန်ဟိန်းဘက်အထိ တိုက်ပွဲများ ကူးစက်သွားကြောင်း ဒေသခံများက ပြောသည်။