မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
ULA/AA က ဆန်အပါအဝင် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းနေသည့်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Cyclone Mocha ERRCA
ULA/AA က ဆန်အပါအဝင် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းနေသည့်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Cyclone Mocha ERRCA

ရခိုင်ပြည်က မုန်တိုင်းသင့်ပြည်သူများအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) မှတစ်ဆင့် လှူဒါန်းထားသည့် အလှူငွေ ကျပ်သိန်းတစ်သောင်း လက်ခံရရှိထားကြောင်း AA က ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေး အစိုးရ(NUG) မှ ကျပ်သိန်း ၁,၀၀၀၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ (KIO) မှ ကျပ်သိန်း ၃,၀၀၀၊ ကိုးကန့်အဖွဲ့ (MNDAA)မှ ကျပ်သိန်း ၁,၀၀၀၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) မှ ကျပ်သိန်း ၅၀၀၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)မှ ကျပ်သိန်း ၂,၀၀၀၊  မိုင်းလား NDAA မှ ကျပ်သိန်း ၂,၀၀၀ နှင့် မွန်ပြည်သစ်ပါတီ (NMPS) ကျပ်သိန်း ၅၀၀ တို့ဖြစ်သည်။

လက်ရှိတွင် ULA/AA သည် ရသေ့တောင် အပါအဝင် မုန်တိုင်းဒဏ်အများဆုံးခံရသော ဒေသရှိ ပြည်သူများကို အရေးပေါ် ဆန်အပါအဝင် စားနပ်ရိက္ခာများကို ဆက်တိုက်လှူဒါန်းနေကြောင်း မုန်တိုင်းဒဏ်သင့် အာရက္ခ အရေး  ပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (Cyclone Mocha ERRCA) က ထုတ်ပြန်သည်။

ရသေ့တောင်မြိုနယ်၊ ငတောက်တူးကြီး၊ ညောင်းပင်လှ၊ စံကားရွာ၊ ဘာထလေ၊ ပြားချောင်းကြီး၊ အလယ်ရွာ၊ ထွန်းရဝေစသည့် ကျေးရွာ(၁၂) ရွာမှ ဒေသခံများကို ULA/AA က ဆန်၊ တာပေါ်လင်စ၊ ဆန်၊ ဆီများ ထောက်ပံ့ခဲ့ ကြောင်း ငတောက်တူးကြီးကျေးရွာမှ ဦးသန်းရွှေမောင် ကပြောသည်။

“မနေ့က ရွာ ၁၂ ရွာက ဒေသခံတွေကို ဆန်၊ တာပေါ်လင်စတွေပေးတယ်။ တာပေါ်လင်စတွေကတော့ အကုန်လုံး ရတယ်။ နောက်ပြီးတော့ ကျနော်တို ရသေ့တောင်ဖက်မှာ ပျက်စီးသွားတဲ့ အိမ်တွေကို ULA/ AA ဖက်က ဝိုင်းကူ ဆောက်ပေးတာတွေရှိတယ်” ဟု ပြောသည်။

ULA/AA သည် ဒေသတွင်း ပျက်စီးသွားသည့် တံတားများကိုလည်း ပြုပြင်ပေးခြင်း၊ အရေးပေါ် သောက်သုံးရေ ဖြန့်ဝေပေးခြင်း၊ ဒေသနေလူထုအပေါ် ကျန်းမာရေးစောင့်ရှောက်ပေးမူများ ပေးလျှက်ရှိကြောင်း Cyclone Mocha ERRCA က ထုတ်ပြန်သည်။

ရသေ့တောင်မြိုနယ်၊ ပြားချောင်းကြီးကျေးရွာမှ ကိုဦးထွန်းနိုင်က “ကျနော်တို့ ရွာမှာ Cyclone Center နေရာ ဆောက်ထားတယ်။ ရတဲ့အလှူငွေတွေနဲ့ ဒေသခံတွေကို ထောက်ပံ့တာရှိတယ်။ အခုလည်း ဆန်တွေ၊ တာပေါ်လင် စတွေနဲ့ စားနပ်ရိက္ခာတွေ လှူဒါန်းတာရှိပါတယ်” ဟု ပြောသည်။

မုန်တိုင်းဒဏ်ပြည်သူများအား ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် AA အနေဖြင့် ဆက်လက် ၍ မည်သို့ကူညီလုပ်ဆောင်သွားမည်ကို သိရှိနိုင်ရန်အတွက် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုခြင်း မရှိသေးပေ။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့်  ရသေ့တောင်မြို့နယ်မှာ မုန်တိုင်း ဒဏ်ကို ဆိုးဆိုးဝါးဝါးခံခဲ့ရပြီး လူပေါင်း ၃၀ ကျော်သေဆုံးကာ ကျွဲ၊နွားအကောင်ရေ ၂,၀၀၀ ကျော် သေဆုံးခဲ့ ကြောင်း DMG ၏ လေ့လာချက်အရ သိရသည်။

ထို့အတူ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ် များမှ ပြည်သူတစ်သန်းကျော် မုန်တိုင်းဒဏ်ခံခဲ့ရပြီး လူနေအိမ်၊ အဆောက်အအုံအများအပြား ပျက်စီးဆုံးရှုံးခဲ့ရ သည်။

မုန်တိုင်းသင့် ရခိုင်ပြည်သူများမှာ ပြန်လည်တည်ဆောက်ရေးအတွက် အခက်အခဲများစွာရှိနေပြီး လတ်တလော မှာ အမိုးအကာ၊ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိနေဆဲ ဖြစ်သည်။

“မိုခါ”ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်တွင် လေဘေး၊ ရေဘေးသင့်ပြည်သူ ၁၁၅၆,၇၉၆ ဦးရှိပြီး ပျက်စီး ဆုံးရှုံးမှု တန်ဖိုး ငွေကျပ်သိန်း ၄၆,၉၈၆ ထိရှိကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

March 21, 2025
ပုံစာ - ကျောက်ဖြူမြိုနယ် မဒေးကျွန်းရှိ တရုတ်စီမံကိန်းကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။...
March 20, 2025
ရခိုင်ပြည်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် အာရက္ခတပ်တော် (...
March 14, 2025
ပုံအညွှန်း - ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
ဒရုန်း လေ့ကျင့်ရေးလုပ်နေကြသည့် စစ်ကောင်စီတပ်ဖွဲဝင်များ။
March 13, 2025
ရခိုင်ပြည် မြို့တော်စစ်တွေနှင့် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နယ်တွင်...