ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ပြည်နယ်ဆေးရုံကြီးနှင့် တောင်ကလေးစစ်ဆေးရုံများတွင် ဒေသခံများ ကျန်းမာရေး ကိစ္စများအတွက် ကန့်သတ်ချက်များရှိနေသည့် အတွက် ပြင်ပတွင် ဖွင့်ထားသော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ ကိုသာ အားထားကုသနေရသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီက ဆေးရုံဆေးခန်းများကို ၎င်းတို့စစ်တပ်ဌာနဆိုင်ရာ လူနာများအတွက် အသင့်အနေအထား ပြင် ဆင်ခိုင်းထားခြင်း၊ လုံခြုံရေးတိုးမြှင့် စောင့်ကြပ်ခြင်း၊ လူနာနှင့် ရောဂါအခြေအနေအပေါ် ကြည့်ပြီး ဆေးရုံက အမြန်ဆင်းခိုင်းသည်များလည်း ရှိနေသည်ဟု ပြောသည်။
အရပ်သားများအနေဖြင့် စစ်ကောင်စီ ဌာနဆိုင်ရာ ဆရာဝန်များနှင့် လုပ်ငန်းရှင်များ ပူးပေါင်းပြီး ဖွင့်ထားသော ပုဂ္ဂလိက ဆေးကုသသည့် နေရာများကို အားထားကုသနေရသည်ဟု ပြောဆိုကြသည်။
ဖားအံ မြို့ခံရပ်ကွက်သားတစ်ဦးက “သူတို့ အဲ့ဒီက ဆရာဝန်တွေမြို့ထဲမှာ ကိုယ်ပိုင်ဖွင့်ထားတဲ့ ဆေးရုံ ဆေးခန်း တွေမှာပဲ လူနာကို ဆေးရုံတင်ပြီး ကုမှရတဲ့ ပုံစံဖြစ်နေတာ ကြာပြီ။ စစ်တပ်ဆေးရုံဆိုရင် ဒဏ်ရာရ စစ်သား၊ BGF ဒဏ်ရာရစစ်သား ဒါပဲကုပေးတယ်၊ ဖားအံဆေးရုံဆိုရင် ည ၆နာရီဆိုရင် ပြင်ပလူနာ လက်မခံဘူး ပြော တယ်” ဟု ပြောသည်။
ထို့အပြင် “ရက်ရှည်ကုရမယ့် လူနာဆို သူတို့အပြင် ဆေးရုံကို တင်ခိုင်းတယ်။ ဆရာဝန်နဲ့ သူနာပြုတွေ လူစုံ မရှိဘူး ပြောတယ်။ အဲ့တော့ အပြင်ကဆေးရုံ ဆေးခန်းကိုတင်ရတယ်” ဟု ဖားအံဒေသခံက ဆက် ပြောသည်။
ထို့အပြင် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲမြို့ရှိ စစ်ကောင်စီထိန်းချုပ်သည့်ဆေးရုံ၊ ဆေးခန်း နေရာများ တွင်လည်း စစ်ကောင်စီတပ်များ နေရာယူထားခြင်း ရှိနေသောကြောင့် ကျေးရွာများဘက်မှ ဆေးရုံ တက်ရမည့် လူနာများအနေဖြင့် စစ်ဆေးမေးမြန်း ဖမ်းဆီးခံရမည်ကို စိုးရိမ်မှုများရှိနေကြသည်။
ဆေးရုံ လာတက်သည့် လူနာရှင် တစ်ဦးက “နဘူးကနေ ဆေးရုံလာတက်တယ်။ ကျုံဒိုးဆေးရုံက စစ်တပ်က လူ တွေရှိနေတယ်။ လူနာနဲ့လူနာစောင့်ကို ရောဂါနဲ့ မဆိုင်တာတွေ နယ်မြေထဲက PDF အခြေအနေတွေ လာစစ်မေး တယ်။ ရောဂါကုပေးဖို့က ဆရာဝန်က သူကိုယ်ပိုင် ဆေးခန်းမှာပြန်ပြီး လူနာကြည့်နေလို့ ဆေးရုံတက်လာတဲ့ သူကဆရာဝန်ပြန်လာတာကို စောင့်နေရတယ်။” ဟု ပြောသည်။
ယခုတလော စစ်ကောင်စီ ထိန်းချုပ်ထားသော ဆေးရုံများတွင် ကရင်ဒေသအတွင်း တိုက်ခိုက်နေသည့် စစ်ဆင် ရေးများမှ ထိခိုက်ဒဏ်ရာရလာသည့် စစ်သားများကုသရန် သွေးလိုအပ်ချက်များ ရှိလာပါက အရပ်ဖက် နာရေး ကူညီမှုအသင်းများ၊ လူမှုကယ်ဆယ်ရေးအသင်းများမှ တစ်ဆင့် ဖိအားပေး သွေးလှူရှင်ရှာခိုင်း ခြင်းများရှိနေ သည်ဟု ဆိုကြသည်။
ထိုသို့ ဖိအားပေး သွေးလှူရှင်ရှာခိုင်းပြီး စစ်တပ်မှ လူနာအတွက် အရေးပေါ် သွေးစုဆောင်းမှုများ နေ့စဥ် ပြုလုပ်နေရသည်ဟု လူမှုကယ်ဆယ်ရေး အသင်းများရှိ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။