ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ ညောင်ဝိုင်း နဲ့ ပေါ်ဦးရပ်ကွက်တွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် လေယာဉ်နဲ့ ၈ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက် နက်ကြီးတွေလည်း ပစ်ခတ်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၁) က ထုတ်ပြန်ပါတယ်။
တိုက်ပွဲက မေလ ၂၇ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ မေလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
MBPDF တပ်ရင်း (၁) တာဝန်ရှိသူတစ်ဦးက “မနေ့ည မိုးဗြဲ ညောင်ဝိုင်းမှာဖြစ်တယ်ပေါ့နော။ ညောင်းဝိုင်းရယ် ပေါ်ဦးဖက်မှာပေါ့။ ထိတွေ့မှု နည်းနည်းဖြစ်တယ်။ ပြီးတော့ လက်နက်ကြီးတွေ ပစ်တယ်။လေယာဉ်နဲ့ ၈ ကြိမ် လာကြဲသွားတာပေါ့။ ညောင်ဝိုင်းတပ်စွဲထားတဲ့နေရာကို ပစ်ခတ်တာ ပေါ်ဦးဖက်ကတော့ ဆင်းလာတဲ့ ဟာကို ထိတွေ့ဖြစ်တယ်။ မြို့ထဲမှာ ပျက်စီးကတော့ ညောင်ဝိုင်း ဘုန်းကြီးကျောင်း၊ ပြီးတော့ နေအိမ် အသေး စိတ်ကတော့ ကျနော်တို့ မကြည့်ရသေးဘူးပေါ့“ လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့ ထိတွေ့ တိုက်ပွဲမှာတော့ နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေနေကိုတော့ မသိရှိရသေး ပါဘူး။
စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ယမန်နေ့ ညနေ (၅) နာရီအချိန် မိုးဗြဲမြို့၊ စည်ကား (၃) ရပ် ကွက်က အသက် ၃ နှစ် ၅လအရွယ် သမီးငယ် တစ်ဦး ဘယ်ဖက်ရင်ဘတ်ပွင့် ဒဏ်ရာကြောင့် သေဆုံးခဲ့ရတယ် လို့ Mobye Rescue Teamက မေလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြည်သူ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညောင်ဝိုင်း ဘုန်းကြီးကျောင်းအပါအဝင်၊ နေအိမ်တွေ ထပ်မံပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒီကနေ့ (မေလ ၂၈ရက်) နံနက် လေးနာရီခွဲအချိန်မှာလည်း စစ်ကောင်စီ လေယာဉ်နဲ့ မိုးဗြဲအနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာကို နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MBPDFက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၃) လုံး ထိခိုက် ပျက်စီးသွားခဲ့ရပါတယ်။
မိုးဗြဲ PDFတပ်ရင်း(၁) တာဝန်ရှိသူတစ်ဦးက “စိုးရိမ်ရတာတော့ မရှိဘူး။ ဒါပေမယ့် နည်းနည်းလေး ထိခိုက်ကြီး တာလောက်တော့ရှိတယ်။ အသက် ၄၀ အမျိုးသမီးတစ်ဦးကတော့ တင်ပါးဆုံ ဖက်မှာ ထိသွားတယ်ဆိုတော့ နည်းနည်းတော့ ကြီးမှာပေါ့နော်။ အသက်အန္တရာယ်တော့ မရှိပါဘူး“ လို့ ဆက်ပြောပါတယ်။
ဒီကနေ့ မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့် စစ်ရေးတင်းမာနေတဲ့အတွက် မိုးဗြဲကို ဖြတ်သန်း သွားလာတဲ့ ပြည်သူလူထုတွေအနေနဲ့ မိမိလုံခြုံရေး အထူးကရုပြုကြဖို့ သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာလည်း မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF တပ်ရင်း(၁)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း(၃)၊ KNDF တပ်ရင်း(၁) နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ (၂၀) ဦး သေဆုံး၊ (၂) ဦး အရှင်ဖမ်းမိခဲ့သလို စစ်ကောင်စီဖက်က တိုက်လေယာဉ်နဲ့ ၄ ကြိမ် လာရောက်ပစ်ခတ်တာ ရှိခဲ့ပါတယ်။