ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းစစ်ကြောင်းကို အကူအညီပေးနေသည်ဟု စွပ်စွဲ ချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခံရသည့် ကော့ကရိတ်မြို့နေ ပြည်သူ အချို့သည် လက်ရှိတွင် မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နေသည်ဟု နီးစပ်သူများက ပြောသည်။
ကော့ကရိတ်မြို့အနီးတဝိုက်တွင် လှုပ်ရှားနေသော ဗိုလ်ကျော်သက်ဦးစီးသည့် ကျားဖြူစစ်ကြောင်းနှင့် ပတ်သက် သည်ဟုဆိုကာ မေလ ၈ ရက်နေ့ မှ မေလ ၂၁ ရက်နေ့အထိ အဖမ်းခံရသူ မြို့ခံ ၅၀ ကျော်အနက် ၃ ဦးခန့်မှာ ငွေ ပေးဆောင်၍ ပြန်လည်လွတ်မြောက်လာသော်လည်း အချို့မှာ မိသားစုဝင်များနှင့် အဆက်အသွယ်မရ ဖြစ်နေ သည်ဟု အဖမ်းခံရသူမိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းက “အဓိက ကတော့ ကျားဖြူ ဗိုလ်ကျော်သက်အဖွဲ့တွေကို ကူညီနေတယ်ဆိုပြီး စစ်တယ်လို့ သိရတယ်။ မြို့ ထဲကလူတွေက ကရင်အဖွဲ့တွေကို သတင်းပေးတာ၊ အကူအညီ ပေးတာတွေကို မလုပ်ရဲအောင် စစ်တပ်က လုပ် နေတာ မျိုးဖြစ်နေတယ်၊ သူတို့ကို ဘာဆက်လုပ် မလဲဆိုတာ ဘာမှစုံစမ်းလို့မသိရဘူးဖြစ်နေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် မြို့ပြင် ကျေးရွာများဖြစ်သည့် ထီးဖိုးစံ၊ လှိုင်စိမ်း၊ စော်ဟဲ၊ နောင်ကိုင်း၊ နောင်နိုင်း၊ ရန် ကုတ်ရွာက အုပ် ချုပ်ရေးမှူးများလည်း ဖမ်းဆီးစစ်မေးခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF နှင့် ကရင်လက်နက်ကိုင် အဖွဲ့များ ၏ စစ်ရေးလှုပ်ရှားမှုများကို စစ်တပ်နှင့် ထွေအုပ်ဌာနကို သတင်းပို့ကြရန် သတိပေးမှုများပြောဆိုပြီး ပြန်လွှတ် ပေးထားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။
KNLA ပူးပေါင်းတပ်များက ကော့ကရိတ်မြို့တွင်း စစ်ကောင်စီအုပ်ချုပ်ရေးနေရာများအား အချိန်မရွေး လာ ရောက် တိုက်ခိုက်နိုင်သည့် ကော့ကရိတ်မြို့ တောင်ပိုင်း ကျေးရွာများဘက်နှင့် မြောက်ပိုင်း ကျေးရွာများဘက် ကျေးလက် လမ်းများအား စစ်ကောင်စီတပ်က ဖျက်ဆီးပိတ်ဆို့ထားပြီး KNLA ပူးပေါင်း တပ်များရှိရာ ကျေးရွာ များဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေကြောင်းဖြင့် ကင်းထောက်မှုများ နေ့စဥ်လုပ်ဆောင်နေသည်ဟု KNLA ပူးပေါင်း စစ်ကြောင်း၏ သတင်းအရင်းအမြစ်ဘက်က ပြောသည်။
“စစ်တပ်ကဘယ်မှထွက်မလာတော့ဘူး။ မြို့ထဲ ၉၇ တပ်၊ လှိုင်ဝအမြှောက်တပ်၊ ချောင်းတောင်ကျောင်း၊ ကမိုင် ကုန်းလမ်းဆုံနှစ်သစ်ကူးကွင်းနေရာတွေကနေ လက်နက်ကြီးပစ်ထုတ်တာကလွဲပြီး စစ်တပ်နဲ့ BGF တွေ ရွာ ဘက်ကိုဝင်လာဖို့ သိပ်မလုပ်ကြတော့ဘူး။ လေယာဥ်ကင်းထောက်ပျံတယ်” ဟု KNLA ပူးပေါင်း သတင်းအရင်းအမြစ်က ပြောသည်။
ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း စစ်တပ်က ကျေးရွာများဘက် လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်မှု၊ လေ ကြောင်း ကင်းထောက်ပျံသန်းမှု၊ ညဘက်တိုက်လေယာဥ် ဗုံးကြဲမှုများမကြာခဏ လုပ်ဆောင်နေခြင်းကြောင့် ဒေသခံ ကျေးရွာသားများမှာ စစ်ဘေးရှောင်တိမ်း နေထိုင်နေကြရပြီး နေအိမ်နှင့် တောင်ယာခြံ စိုက်ခင်းများ ပျက် စီးမှု ပိုများလာသည်ဟု ကော့ကရိတ် ဒေသခံကျေးရွာသားများက ပြောသည်။