အင်းလေးထဲက PDF နှင့် ဆက်စပ်သူကို စစ်ကောင်စီက အပြင်းအထန် လိုက်ရှာဖွေ ဖမ်းဆီးနေ

အင်းလေးထဲက PDF နှင့် ဆက်စပ်သူကို စစ်ကောင်စီက အပြင်းအထန် လိုက်ရှာဖွေ ဖမ်းဆီးနေ
အင်းလေးဒေသတွင်းမှ မြင်တွေ့ရသည့် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သား
အင်းလေးဒေသတွင်းမှ မြင်တွေ့ရသည့် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သား

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသခံများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့်ဆက်စပ်မှု ရှိ-မရှိ စစ်ကောင်စီက အပြင်းအထန် လိုက်လံရှာဖွေကာ ဖမ်းဆီးမှုများ လုပ်နေသည်ဟု ဒေသခံ များက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့၊ ည ၈ နာရီကျော်တွင် မိုးချုပ်ပြီး လူသံတိတ်ချိန်တွင် အင်းလေးဒေသရှိ နေအိမ် တစ်လုံးကို လူအင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်က ဝင်ရောက် စစ်ဆေးပြီး ပစ္စည်းများကို မွှေနှောက် ခဲ့သည်။

ရွာထဲသို့ စတင်ဝင်ရောက်လာချိန်တွင် လင်းထိန်နေသည့် မီးများကို ဖြတ်ချပြီး လမ်းကြောင်းတစ်လျှောက်၌ ကင်းများချထားကာ ထိုနေအိမ်တစ်လုံးထဲကို စတင်ဝင်ရောက် စစ်ဆေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရွာကို မီးဖြတ်လိုက်တယ်။ အကွက်ကျကျ လမ်းကြောင်းတွေ ကင်းချပြီးမှ ကျနော်တို့ အိမ်ကို စဝင်လာတယ်။ ပထမ ရဲ ၃ ယောက်၊ နောက်တော့ စစ်သား၊ ပြည်သူ့စစ်၊ ရဲတွေက စက်လှေ နဲ့ ၅ စီး ရောက်လာတယ်။ စစ်အင် အား ၂၀ လောက်ရှိတယ်“ ဟု ၎င်းက ပြောသည်။

စစ်သားအဝတ် အပြည့်အစုံ နှင့် လက်ထဲတွင် သေနတ်များ ကိုယ်စီကိုင်ဆောင်လာပြီး ၎င်း၏ နေအိမ်ထဲရှိ အိပ် ခန်း၊ စာအုပ်စဉ်၊ ဗီဒိုများအား တစ်ခုမကျန် PDF နှင့် ဆက်စပ်မိ ခဲယမ်းပစ္စည်းများကို အသည်းအသန် လိုက်ရှာ ဖွေနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေသခံတစ်ဦးက “အဲ့ချိန် ကြောက်စိတ်က မရှိနေဘူး။ နည်းနည်းတော့ ကြောင်သွားတာပေါ့နော်။ ထွက်ပြေးဖို့ လည်း မစဉ်းစားဘူး။ ကျနော်က ကျွမ်းကျင်တဲ့ ဘာသာရပ် မဟုတ်သလို ဘာမှ လုပ်ထားတာ မရှိဘူး။ မွှေတာမှ ရစရာရှိလို့ မွှေတာနဲ့တူလိုက်တာ။ အလွန်အကျွံပဲ“ ဟု ၎င်းက ဖြစ်ပျက်ခဲ့သည့် အကြောင်းကို ပြန်လည်ပြော ပြသည်။

ထို့နောက် PDF နှင့် ဆက်စပ်သည့် ခဲယမ်းပစ္စည်းများကို ရှာမတွေ့ခဲ့သဖြင့် ၎င်း၏ လက်ကိုင်ဖုန်းအား စစ်ဆေး ရန် မေးမြန်းခဲ့သည်။

၎င်းက “သူတို့ လိုချင်နေတဲ့ ဖုန်းနဲ့ အဆက်သွယ်လုပ်သလား စစ်တယ်။ ၂၀၂၂ တစ်လပိုင်းကနေ ၂၀၂၃ ခုနှစ် ၃ လပိုင်းထိ ရောက်ရှိတဲ့နေရာ၊ လုပ်ခဲ့တဲ့ အရာကို ဖြေရှင်းခိုင်းတယ်။ PDF အဖွဲ့ထဲမှာ ကျနော် ဓာတ်ပုံတွေ့ လို့ ဆိုပြီး လာဝိုင်း ဖမ်းကြတာဗျ။ ပြီးခဲ့တဲ့ ၂၀၁၉ ကတည်းက ကျနော်အသိ တစ်ယောက်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံပါ။ အခုအဲ့ဒါကို သူတို့ဖက်က စွပ်စွဲပြီး ဖမ်းဖို့ လုပ်တာဗျ။ ဖုန်းထဲက ဓာတ်ပုံတွေက ရက်စွဲပါတော့ ဖြေရှင်းလို့ လွယ် သွားတာ“ ဟု ထပ်လောင်းပြောသည်။

အဆိုပါ လက်ကိုင်ဖုန်းအား စစ်ဆေးမှု ပြုလုပ်နေစဉ်တွင် စစ်ကောင်စီဖက်မှ ဒေတာ အချက်အလက် မှတ်တမ်း စုစည်းပြီး ရထားသည့် ဖုန်းနံပါတ် စုစုပေါင်း ၂၇၀ ကျော်အရ ၎င်း၏ လက်ကိုင်ဖုန်းထဲရှိ ဖုန်းနံပါတ်များနှင့် တိုက် ဆိုင်မှု ရှိ မရှိ စစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့ကို ခုခံတော်လှန် တိုက်ခိုက်နေသည့် တပ်ဖွဲ့များကို အပြင်းအထန် နှိမ်နင်းလာမှုကြောင့် PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး အင်းလေးဒေသမှ ပြည်သူ ၂၀ ကျော်ကို ယခုနှစ်အတွင်း ဖမ်းဆီးချုပ်နှောင်ခဲ့ ကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...