ရခိုင်က မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေး စစ်တပ်က မလုပ်ပေးသေးသလို ကူညီမည့်သူများကိုလည်း တားမြစ်ထား

ရခိုင်က မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေး စစ်တပ်က မလုပ်ပေးသေးသလို ကူညီမည့်သူများကိုလည်း တားမြစ်ထား

ရခိုင်တွင် မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် မုန်တိုင်းသင့်ပြည်သူ (၁၁) သိန်းကျော်အထိရှိပြီး စားနပ်ရိက္ခာ အကူ အညီများနှင့် နေအိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် စစ်ကောင်စီက ယခုအချိန်ထိ ကူညီထောက်ပံ့မှု များ မပြုလုပ်ပေးသေးသလို လာရောက်ကူညီပေးမည့် အလှူရှင်များကိုလည်း တားဆီး ပိတ်ပင်မှုများ ပြုလုပ် ထားသည်ဟု ဒေသခံများက ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်သူ ၁၄၈ ဦး သေဆုံးခဲ့ရပြီး ရေဘေး/လေဘေးသင့် ပြည်သူ (၁၁၅၆၇၉၆) ဦးအထိရှိခဲ့ကာ ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာလည်း ကျပ်သိန်းပေါင်း (၄၈၉၈၆) သိန်းထိရှိသည်ဟု ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထိုသို့ထိခိုက်နစ်နာခဲ့ရသည့် မုန်တိုင်းသင့်ရခိုင်ဒုက္ခသည်များ ပြန်လည် ထူထောင်ရေးအတွက် စစ်ကောင်စီက လက်ရှိ အချိန်ထိ ကူညီထောက်ပံ့ လုပ်ဆောင်ပေးမှုများ မရှိသေးဟု မုန်တိုင်းသင့် ပြည်သူများက ပြောဆိုသည်။

မုန်တိုင်းကြောင့် ရွာလုံးကျွတ်ပျက်စီးသွားခဲ့သည့်ပေါက်တောမြို့နယ် ၊သဲခုံရွာမှ ဒေသခံတစ်ဦးက “ကျနော်တို့ လက်ရှိမှာ ပုဂ္ဂိလိကအလှူရှင်တွေဆီက လှူပေးကြတဲ့စားနပ်ရိက္ခာတွေနဲ့ စားသောက် နေကြပါတယ်။ အမိုး အကာကလည်း တာပေါ်လင်စအဟောင်းတွေနဲ့ ကျောတခင်းစာလေး ပြန်ပြင်ပြီး နေထိုင်နေရတာပါ။ နေအိမ် တွေ ပြန်လည်တည်ဆောက်ဖို့ အတွက်ရော စားနပ်ရိက္ခာ အတွက်ရော အစိုးရဆီက ဘာအထောက်အပံ့မှ မရ သေးပါဘူး” ဟု ပြောသည်။

စစ်ကောင်စီအနေဖြင့် မိမိတို့ကိုယ်တိုင် ကူညီထောက်ပံ့ပေးမှု မပြုလုပ်ပေးသည့်အပြင် ဒုက္ခသည်များအား လာ ရောက်ကူညီမည့် NGO၊ ICRC စသည့် နိုင်ငံတကာ လူမှုအဖွဲ့အစည်းများကိုလည်း ကူညီခွင့်ပိတ်ပင်ထားပြီး မြေ ပြင်၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် ပရဟိတသမားများကိုလည်း အဟန့်အတား များ ပြုလုပ်လာနေသည်ဟု ပြောသည်။

ဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတသမားတစ်ဦးက “နိုင်ငံတကာ အဖွဲ့အစည်းတွေက လည်း လာရောက်ကူညီဖို့ မရသေးတော့ မြေပြင်မှာရှိတဲ့ကျနော်တို့ ပရဟိတ သမားတွေကပဲ ကြိုးစားပြီး ကူညီ ဆောင်ရွက်ပေးရတာပေါ့။ ဒါပေမယ့် ဟိုတနေ့က ဒုက္ခသည်တွေကို သွားကူညီပေးတဲ့ ဆရာဝေဟင်အောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးမှု ပြုလုပ်လိုက်တာက ကျနော်တို့ကို ခြိမ်းခြောက် သလိုဖြစ်စေတယ်။ ဒီလို ကူညီကယ် ဆယ်ရေးတွေ ဆက်လုပ်နေရင် ကျနော်တို့လည်း တနေ့ ဖမ်းဆီးလာနိုင်တယ်ဆိုတဲ့ သဘောပေါ့။ ရခိုင်တပြည် လုံး ကပ်ဘေးဆိုက်နေတဲ့ အချိန်မျိုးမှာ ဒီလိုလုပ်ရပ်မျိုးကတော့ မလုပ်သင့်ပါဘူး” ဟု ပြောသည်။

လက်ရှိတွင် မုန်တိုင်းသင့် ဒုက္ခသည်များအတွက် ထိုင်းနိုင်ငံက ယာယီတဲအိမ်များ၊ ခြင်ထောင်များ၊ အသင့်စား ခေါက်ဆွဲထုတ်များစသည့် တန်ချိန် ၂၀ ရှိသည့် ပစ္စည်းများ လှူဒါန်းထားသလို အိန္ဒိယနိုင်ငံကလည်း ရွက်ဖျင်တဲ များ၊ ငါးသေတ္တာ၊ တာပေါ်လင်စ၊ အဟာရဖြည့် မုန့်များနှင့် ဆေးဝါးပစ္စည်းစသည့် တန်ချိန် ၂၅ တန်ရှိသည့် ပစ္စည်း များကို စစ်ကောင်စီထံသို့ လှူဒါန်းထားသည်။

ထို့အပြင် အာဆီယံနိုင်ငံများကလည်း အမေရိကန်ဒေါ်လာ ၆သောင်း ကျော်ဖိုး ရှိသည့် လှူဒါန်းပစ္စည်းများနှင့် ထိုင်းနိုင်ငံကလည်း သူ့နိုင်ငံမှ ကူညီသည် ထောက်ပံ့ပစ္စည်းများကို စစ်ကောင်စီလက်ထဲသို့ လွှဲပြောင်း အပ်နှံထား သည်။

သို့သော်လည်း အဆိုပါ လှူဒါန်းပစ္စည်းများကို စစ်ကောင်စီက မုန်တိုင်းသင့် ပြည်သူများထံသို့ တစ်စုံတရာ လာ ရောက် ပေးကမ်းမှု ပြုလုပ်သည်ကို လက်ရှိအချိန်ထိ မတွေ့ရသေးဟု ဒေသခံပြည်သူများက ပြောဆိုသည်။

“မိုးရွာတဲ့နေ့တွေဆိုရင် ငုတ်တုတ်ကြီးထိုင်နေရတယ်။ စားရေးသောက်ရေးကလည်း ဝဝလင်လင် မစားရဘူး။ ကိုယ်အဆာခံပြီး နေနိုင်ပေမယ့် သားသမီးတွေကိုတော့ မကြည့်ရက်ဘူး။ ကျမတို့လည်း နိုင်ငံတကာက လာလှူ တာတွေကိုတော့ သိရပါတယ်။ ဒါပေမယ့် ကျမတို့မှ ဘာမှမရတာ။ မိုးရာသီရောက်တော့မှာ ဆိုတော့ ဖြစ်နိုင်ရင် အိမ်တွေ မဆောက်ပေးနိုင်သေးရင်တောင် အလှူရှင်တွေဆီက လှူထားတဲ့ ယာယီတဲတို့ တာပေါ်လင်စတို့ကို အမြန်ဆုံးပေးစေချင်ပါတယ်။ အခု ဘယ်လိုမှ အဆင်မပြေလို့ပါ” ဟု ကျောက်တော်မှ စစ်ဘေးရှောင် အမျိုး သမီးတစ်ဦး က ပြောသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း ၊ကျောက်တော်၊ မြောက်ဦး၊ မင်းပြားစသည့် မြို့နယ်များတွင် စစ်ဘေးရှောင်စခန်းများ အပါအဝင် နေအိမ်နှင့် ကျွဲ၊ နွား ပစ္စည်းအများအပြား ပျက်စီးဆုံးရှုံးခဲ့ရပြီး မုန်တိုင်းဒဏ်ခံ ဒေသခံများမှာလည်း လက်ရှိတွင် ပြန်လည်ထူထောင်ရေး အတွက် အရေး ပေါ် အကူညီများ လိုအပ်နေကြသည်ဟု ပြောဆိုကြသည်။

Most read this week

ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...
November 13, 2024
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင် စစ်ကောင်စီတို့သည်...