ကရင်ပြည်နယ်၊ သံတောင်မြို့ (၁၃) မိုင်၊ ရပ်ကွက်(၁)တွင် နေထိုင်သူ ဒေသခံအမျိုးသား (၇) ဦးကို မေလ ၁၉ ရက်၊ နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု မြို့ခံများ၏ ပြောသည်။
တပ်အင်အား ၂၀ ကျော်ခန့်ပါ သံတောင်မြို့ အခြေစိုက် အဆိုပါ စစ်ကောင်စီတပ်သည် ၎င်းဒေသခံ အမျိုးသား ၇ ဦးကို ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ဒေသခံတစ်ဦးက “အိမ်တွေကို တက်မွှေနှောက်တယ်။ ပြီးတော့ PDF ကလေးတွေကို သူတောင်းစားတွေရှိလား ဆိုပြီး အဲ့လိုမေး တယ်။ PDF ကလေးတွေ မတွေ့တော့ တွေ့တဲ့လူကို ဖမ်းသွားတာ။ အဲဒီ အဖမ်းခံရတဲ့ လူတွေက တကယ် ရပ် ကွက်နေ လူထုတွေပဲ။ ဖမ်းသွားတဲ့လူတွေကို အနောက်ကနေ သံကြိုးတုပ်တော့ သူတို့ကလေးတွေ တွေ့တော့ ကလေးတွေက အော်ငိုတာပေါ့။ ဘယ်ကို ဖမ်းသွားလဲဆိုတာ သူတို့ မပြောဘူး” ဟု ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသည့် အမျိုးသား (၇) ဦးမှာ အသက် ၂၀ ကျော်မှ ၄၀ နှစ်အထိ ပါဝင်ပြီး အချို့မှာ နေအိမ်တွင် ရှိစဉ် ဖမ်းဆီးခံရသလို အချို့က တောင်ငူမှအိမ်သို့ ပြန်လာစဉ် လမ်းတွင် ဖမ်းဆီးခံရသူနှင့် ရော်ဘာခြံမှ နေအိမ်သို့ အပြန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
သံတောင် (၁၃ မိုင်)တွင် ဒေသခံ တစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံ ၃၀ ရာခိုင်နှုန်းခန့်သာ ပြန်လည်နေထိုင်ကြကြောင်း၊ စစ်ကောင်စီတပ်မှ ဒေသခံများကို ယခုကဲ့သို့ ဖမ်းဆီးမှုများ လုပ်ဆောင်သည့် အတွက် အချို့မှာ ကြောက်လန့်၍ ပြန်လည် ထွက်ပြေးတိမ်းရှောင်နေရသူများလည်း ရှိနေသည်ဟု ဒေသခံများ ၏ ပြောဆိုချက်အရ သိရသည်။
ထို့အပြင် သံတောင်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်မှ စားနပ်ရိက္ခာ ဆန်နှင့် ဆေးဝါးသယ်ဆောင် ခွင့်ပိတ်ထား သည့်အတွက် ဒေသခံအချို့သည် စားနပ်ရိက္ခာနည်းပါးလာကာ နေထိုင်စားသောက်ရေးအတွက် အခက်အခဲရှိလာ သည်ဟုလည်း ဒေသခံများက ပြောသည်။
သံတောင်မြို့ထဲတွင် ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့မှ စတင်၍ မေလ ၁၉ ရက်နေ့ အထိ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်နေအိမ်နှင့် ကေအဲန်ယူ တပ်ဖွဲ့ဝင် နေအိမ်များ အပါအဝင် အရပ်သားများ၏ နေအိမ် အလုံးရေ ၂၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သာည်။
အလားတူ သံတောင်မြို့ထဲကိုလည်း လက်နက်ကြီးများနှင့် မကြာခဏ ပစ်ခတ်လေ့ရှိသည့်အတွက် ရပ်ကွက် အတွင်း နေထိုင်သည့် အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။