ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်(တပ်မဟာ -၁ ထိန်းချုပ်နယ်မြေ) သထုံမြို့နယ်၊ ပိန္နဲတော ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ကျေးရွာအုပ်စုအတွင်းရှိ အရပ်သားများ နေထိုင်သည့် နေရာများသို့ ပြီးခဲ့သည့် လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ၅ နှစ်အရွယ် ကလေးငယ် အပါအဝင် နှစ်ဦး ဒဏ်ရာရပြီး တစ်ဦး သေဆုံးခဲ့သည်။
ထိုနေ့ စစ်ကောင်စီပစ်ခတ်လိုက်သော လက်နက်ကြီးရှစ်လုံးအနက် တစ်လုံးသည် ပိန္နဲတောကျေး ရွာအုပ်စု၊ သာ သနာကုန်းရွာရှိ ဒေသခံတစ်ဦး၏ နေအိမ်အနီးကျရောက်ပေါက်ကွဲခဲ့ရာ အသက် (၄၅) နှစ်အရွယ် အမျိုးသား တစ်ဦး ကျည်စထိမှန် သေဆုံး၍ အသက် (၅) နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် (၄၉) နှစ်အရွယ် အမျိုး သမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်က ပြောသည်။
အလားတူ လက်နက်ကြီးတစ်လုံးမှာ ပိန္နဲတောအထက်ရွာသို့ ကျရောက်ပေါက်ကွဲ၍ ဒေသခံအမျိုး သားတစ်ဦး ဝမ်းဗိုက်ထိမှန် ဒဏ်ရာရရှိခဲ့သလို ကျန်ရှိ လက်နက်ကြီးများမှာလည်း အလယ်ကျေးရွာ၊ ဝမ်းဘဲအင်းကျေးရွာနှင့် ထီးညာလူကျေးရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့် လူထိခိုက် သေဆုံးမှုများ ရှိလာသဖြင့် ကျေးရွာနေဒေသခံများ လုံခြုံမှုကင်းမဲ့၍ အသက်အန္တရာယ်အတွက် စိုးရိမ်ကြောက်လန့်နေကြသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
“လက်နက်ကြီးတွေ ပစ်ခတ်နေတော့ နေထိုင်သွားလာပြီး အလုပ်လုပ်ကိုင်ရတာ လုံခြုံမှုမရှိတော့ဘူး။ တချို့ အိမ် ထောင်စုတွေဆိုရင်လည်း အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာဆွေမျိုးတွေ ဆီသွားနေကြတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
ပိန္နဲတောကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား ပြီးခဲ့သည့် မေလ (၁၄) ရက်နေ့က ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် - KNLA ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် နှစ်ကြိမ်တိတိ သွားရောက် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၄) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ၏ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။
ပဒိုစောအေးနိုင်က “တချို့ရွာသားတွေတော့ လွတ်တဲ့နေရာသွားနေကြတယ်။ ရွာထဲကျန်နေသူတွေကလည်း လွတ်လွတ်လပ်လပ် အလုပ်လုပ်ကိုင်ရတာမျိုး မဟုတ်တော့ စီးပွားရေးကြပ်တည်းပြီး စားဝတ်နေရေး ခက်ခဲ လာတယ်။ ထွက်ပြေးတိမ်းရှောင်ရတဲ့အရေအတွက် တိတိကျကျတော့ ကျနော်တို့ ကောက်ခံနေဆဲပါ” ဟု ကေအိုင်စီကို ပြောသည်။
ထို့အတူ ပြီးခဲ့သည့် မတ်လ (၂၂) ရက်နေ့ကလည်း ပိန္နဲတောကျေးရွာ စစ်ကောင်စီတပ်စခန်းအား KNLA ပူးပေါင်း တပ်ဖွဲ့က ဒရုန်းဖြင့်သွားရောက်တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများမှ သိရသည်။
အလားတူ ဧပြီလတွင်လည်း ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုများကြောင့် ဒေသခံ ၇၀၀၀ ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အစူးချောင်းကျေးရွာနှင့် နတ်ကြီး ကျေးရွာတွင် မေလ (၁၅) ရက်နေ့နှင့် (၁၆) ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲပေါင်း (၆) ကြိမ်ဖြစ်ပွား၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက် မနည်းသေဆုံးခဲ့ရသည်ဟု ဒေသ တွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။