ချင်းပြည်နယ်အတွင်း တိုက်ခိုက်ခဲ့တဲ့ အင်အားပြင်းထန်တဲ့ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနေအိမ်ပေါင်း (၁၇၇၄) လုံးနဲ့ ဘာသာရေး အဆောက်အအုံပေါင်း (၂၉)လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ကြားကာလချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC က သတင်းထုတ်ပြန် ထားပါတယ်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ မေလ (၁၄) ရက်နေ့ ညနေပိုင်းက ချင်းပြည်နယ်ထဲ တိုက်ခိုက်သွားတာ ဖြစ်ပါတယ်။
ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC ရဲ့ထုတ်ပြန်ချက်အရ မိုခါမုန်တိုင်းကြောင့်နေအိမ်တွေ ထိခိုက်ပျက်စီးသွားတဲ့ ချင်းပြည်နယ်က မြို့နယ်တွေအနက် မတူပီမြို့နယ်မှာ နေအိမ်ပေါင်း (၈၈၇) လုံး ထိခိုက်ပျက်စီးတဲ့အတွက် အထိခိုက်အများဆုံးဖြစ်ပြီး ကန်ပက်လက်မြို့နယ်မှာ (၁၁၂) အိမ်၊ မင်းတပ်မြို့နယ်မှာ (၃၆၄) အိမ်၊ ပလက်ဝမြို့နယ်မှာ (၂၂၀)အိမ်၊ ထန်တလန်မြို့နယ်မှာ (၂၇)အိမ်၊ တီးတိန်မြို့နယ်မှာ (၅) အိမ်၊ ဖလမ်း မြို့နယ်မှာ (၇၄) အိမ်၊ ဟားခါးမြို့နယ်မှာ (၈၅)အိမ် စုစုပေါင်း (၁၇၇၄) လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဖော်ပြ ထားပါတယ်။
အဲ့ဒီအပြင် ဘာသာရေးအဆောက်အအုံ (၂၉) လုံး၊ ကျန်းမာရေးအဆောက်အအုံ (၅) ခု၊ စာသင်ကျောင်း (၃၀) ကျောင်း ၊ စပါးကျီ (၁၉) လုံးတို့ဟာ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ထုတ်ပြန်ထားပြီး အခု ထုတ်ပြန်ချက်ဟာ မေလ (၁၇) ရက်နေ့အထိ ရရှိထားတဲ့ စာရင်းဖြစ်ပါတယ်။
ဆက်သွယ်ရေးအခက်အခဲကြောင့် အချိန်နဲ့အမျှပြောင်းလဲ နိုင်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ထုတ်ပြန်ထားပါ တယ်။
ပြီးခဲ့တဲ့ မေလ (၁၄) ရက်နေ့ ညနေပိုင်းက အင်အားအလွန့်အလွန် ပြင်းထန်တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ချင်းပြည်နယ်အတွင်း အင်အား တစ်နာရီကို မိုင်(၅၀)ကနေ (၇၀)အကြား တိုက်ခတ်သွားတာဖြစ်ပါတာဖြစ်ပြီး လေဘေးသင့်နေတဲ့သူတွေကို ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေအနေနဲ့ လေဘေးသင့်နေတဲ့သူတွေကို [email protected] +95954633936 ကိုဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံက မေတ္တာရပ်ခံထားပါတယ်။
ချင်းပြည်နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီး တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်၊ ဟားခါးမြို့နယ်၊ တီးတိန်မြို့ နယ်စတဲ့ မြို့နယ် (၄) မြို့နယ်ကို သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသတွေအဖြစ် မေလ (၁၆) ရက်နေ့က ကြေညာထားပါတယ်။
အဲ့ဒီအပြင် ဟားခါးမြို့ ပြည်နယ်အစိုးရရုံးမှာ ဟားခါးမြို့နယ်၊ မတူပီမြို့နယ်နဲ့ လိုင်လင်းပီမြို့နယ်တို့မှာ မိုခါဆိုင်က လုန်းမုန်တိုင်း တိုက်ခိုက်တာကြောင့် လေဘေးသင့်နေတဲ့ အိမ်ထောင်စု (၂၂၀) တို့ကို ဆန်၊ ဆီ၊ ဆား ကုလားပဲနဲ့ စားသောက်ကုန် ပစ္စည်းတွေ ထောက်ပံ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။