လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲ လမ်းမကြီး ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ အပြင်းအထန်ထိုးစစ်ဆင်

လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲ လမ်းမကြီး ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ အပြင်းအထန်ထိုးစစ်ဆင်

စစ်ကောင်စီအတွက် အဓိကျတဲ့ လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲ လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ လေကြောင်း၊ ကြည်းကြောင်းနဲ့ အပြင်းထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲပိုပြင်းထန်လာဖို့ပဲရှိတယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက ပြောပါတယ်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့ ကနေစတင်ပြီး လွိုင်ကော် မြို့နယ် နဲ့ ဘောလခဲမြို့နယ်တို့ကနေ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးနေတာ အခုဆိုရင် နှစ်လကျော် ရှိလာနေပြီ ဖြစ်ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) စစ်ရေးချုပ် ခူးရီးဒူက “တကယ်လို့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း သူတို့(စစ်ကောင်စီ) နေရာရသွားမယ်ဆိုလို့ရှိရင်တော့ သေချာတယ် ဒီးမော့ဆို အရှေ့ခြမ်းမှာက ဘောလခဲနဲ့ တိုက်ရိုက်ချိတ်တယ်။ ဖရူဆိုနဲ့ တိုက်ရိုက်သွားလို့ရတယ်။ ရှားတောကို တိုက်ရိုက်သွားလို့ရတယ်။ ဆိုတော့ သူ တို့တွေကလည်း အဓိကလမ်းကြောင်းတွေကို အင်အားအလုံးအရင်းတွေ ဆက်ပြီးတော့မှ ထိုးမယ်‌ပေါ့နော။ ထိုး လည်းထိုးနေတယ်။ တိုက်ပွဲတွေက ဒီထက်ပိုပြီးမှ ပြင်းထန်မယ်။ ကျနော်တို့တွေက အခြားရွေးချယ်စရာတွေ မရှိ ဘူး။ ခုခံစစ်နဲ့ တန်ပြန်တိုက်စစ်ဆင်နွှဲ ဖို့ကလွဲလို့ ကျနော်တို့မှာ ရွေးချယ်စရာမရှိဘူး။ ကျနော်တို့ ဒီထက်ပို ပြီးတော့မှ တိုက်ပွဲ ပြင်းထန်ဖို့ဘဲ ရှိလိမ့်မယ်လို့ ကျနော့်အနေနဲ့ ပြောကြားလိုတယ်“ လို့ ပြောပါတယ်။

လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲ လမ်းမကြီးဟာ လွိုင်ကော်မြို့နယ်ကနေ ဒီးမော့ဆို - ဘောလခဲ - ဖားဆောင်းမြို့ နယ်တွေဆီ စစ်ကူ၊ လက်နက်ခဲယမ်း၊ ရိက္ခာတွေ ဖြည့်တင်းဖို့ အရေးပါတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

စစ်ကောင်စီစတင် စစ်ကြောင်းထိုးစဉ်ကနေ ဒီကနေ့အထိ နေ့စဉ်နီးပါးဆိုသလို KNDF၊ KA၊ PDF ပူးပေါင်းတပ်တို့နဲ့ စစ်တပ်တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိနေပါတယ်။

လွိုင်ကော်မြို့ နဲ့ ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်မှ ဒီးမော့ဆိုအရှေ့ဘက်ခြမ်း တနီးလားလဲကျေးရွာ၊ ကန်ခုနစ်ဆင့် ဖက်၊ ဒေါတငူးကျေးရွာ တောင်ကြောပေါ်တွေအထိ စစ်ကောင်စီတပ် ခလရ (၂၈၇) နဲ့ ခမရ (၅၁၃၊ ၅၁၇) တပ်ရင်း ၃ရင်း ထိုးစစ်ဆင်နေတယ်လို့ KNDF  စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ပူးပေါင်းတပ်တို့ တနီးလားလဲကျေးရွာအနီး တောင်ပေါ်တွေမှာ တိုက်ပွဲ ပြန်လည်ပြင်းထန်နေပါတယ်။ မေလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ ထိတွေ့တိုက်ပွဲတွေထဲ စစ်တပ် က လေကြောင်းသုံး တိုက်ခိုက်တာတွေ ရှိနေပြီး လေကြောင်းမှ ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေရဲ့ နေအိမ် တချို့ ပျက်စီးသွားတာလည်း ရှိနေပါတယ်။

ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ခူညေးရယ်က “ဟိုး(၁၆)ရက်နေ့ညအထိတော့ ကျနော်တို့ ဖက်က ရဲဘော်တစ်ယောက်၊ နောက် KNDF ဖက်က တစ်ယောက် ကျတယ်။ နောက်ဒဏ်ရာ အားလုံးပေါင်းက လေး၊ ငါး၊ ခြောက်ယောက်လောက်ရတယ်“ လို့ ပြောပါတယ်။

ဘောလခဲကနေ ဒေါညေးခူ၊ ဒေါတမကြီးဖက်ကိုတော့ စစ်ကောင်စီ တပ်ရင်း (၅) ရင်း ဖြစ်တဲ့ ခမရ ၅၁၆၊ ၅၁၅၊ ခလရ ၁၂၊ ၁၄၊ ၈၀ တို့ ပါဝင်တဲ့ စစ်ကြောင်း သုံးကြောင်း ထိုးနေတာဖြစ်ပါတယ်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းကို စစ်ကောင်စီ တပ်ရင်း စုစုပေါင်း (၈)ရင်း ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ KNDF  စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

မတ်လပိုင်းကတည်းက ဘောလခဲကနေ ဒေါတမကြီးကျေးရွာအုပ်စုအထိ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကို ပူးပေါင်းတပ်တို့ ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဟာ ဒေါညေးခူတောင်ကြောဖက် ဆုတ်ခွာသွားခဲ့ပါတယ်။

သို့ပေမယ့် ပြီးခဲ့တဲ့ မေလ (၂) ရက်နေ့မှာတော့  ဒေါတမကြီးကျေးရွာအုပ်စုအတွင်း တစ်ကျော့ပြန် စစ်ကြောင်း ထိုးနေပြီး ဒေါညေးခူနဲ့ ဒေါဆိုဖျရွာတွေမှာ ပြန်လည်တပ်စွဲနေတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တို့ နှစ်လကျော် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု တွေမှာ စစ်ကောင်စီဖက် လေကြောင်း အသုံးပြုတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်၊ ဆေးရုံ ထိခိုက်ပျက်စီးခဲ့ပါ တယ်။

“မြေပြင်မှာကလည်း သူတို့ရဲ့ လက်နက်ကြီးအပစ်အကူကလည်း ရှိပြီးသား။ ၃ တပ် ၄ တပ်ကနေပြီးတော့မှ ဝိုင်းပြီးတော့ ပစ်တာလည်းရှိတယ်။ အဲ့တာတွေတင်မကဘဲ လေကြောင်း ပစ်ကူပါပါ ခေါ်တာကတော့ ဒီနောက် ပိုင်းမှာတော့ ပိုတော့များလာတယ်။ ဒါက ဘာကိုဖော်ပြသလဲ ဆိုလို့ရှိရင် မြေပြင်မှာသူတို့တွေက အဲ့လောက်ထိ တောင့်ခံနိုင်စွမ်းမရှိတော့ဘူး။ အဲ့လောက်ထိ သူတို့တွေက မထိုးဖောက်နိုင်တော့ဘူး။ အဲ့တာတွေကြောင့်မို့လို့ လေကြောင်းပစ် အကူကို သူတို့ခပ်များများ အကူအညီတောင်းတယ်လို့တော့ ကျနော်တို့တော့ အဲ့လိုဘဲယူဆရ တာပေါ့“ လို့ စစ်ကောင်စီလေကြောင်းပိုမို အသုံးပြုလာတဲ့အပေါ် ခူးရီးဒူက ဆက်ပြောပြသွားတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြေပြင်မှာ စစ်ရေးတင်းမာနေတဲ့အတွက် စစ်ကောင်စီဖက် ဒဏ်ရာရလူနာတွေ၊ လက်နက် ရိက္ခာ ဖြည့်တင်းမှုတွေမှာ ရဟတ်ယာဉ်တွေကို အသုံးပြုနေရတယ်လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိ သူ တစ်ဦးက ပြောပါတယ်။

KNDFသတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “ရိက္ခာဖြည့်တာ ၊ လက်နက်ဖြည့်တာ၊ လူအင်အားဖြည့်  တင်းတာကတော့ ကျနော်ထင်တယ် သူတို့ ဧပြီလ နောက် ဆုံးပတ်မှာ လုပ်လိုက်တယ်။ တောက်လျောက် ရဟတ်ယာဉ်တွေ သွားလာလုပ်တာကတော့ ကျနော်ထင်တယ် သူတို့ ဝန်ထမ်းတချို့ကို လွိုင်ကော်တို့ ဘာတို့နဲ့ အဲလိုမျိုးပေါ့ အသွားပြန် ကြိုပို့တာ ဖြစ်ကောင်းဖြစ်နိုင်သလို တခြားရိက္ခာပို့တာတွေ နောက် ခဲယမ်းပို့တာမျိုး တွေ လူအင်အားဖြည့်တာမျိုးတွေလည်း ဖြစ်နိုင်တယ်“ လို့ ပြောပါတယ်။

ဘောလခဲဖက်ကနေ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီ စစ်ကြောင်း ကို ပူးပေါင်းတပ်တို့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သားသေဆုံးမှုတွေ ရှိခဲ့သလို လက်နက်ခဲ ယမ်း တချို့လည်း သိမ်းဆည်းရမိခဲ့ပါတယ်။

မတ်လ၊ ဧပြီလ ၂ လတာ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်တွေဖြစ်တဲ့ RPG 7၊ ၆၀ မမ၊ ငါးကြင်းမှီး၊ MA-4, 3, 2,1 တို နဲ့ ပစ္စတိုစတဲ့ လက်နက်တွေစုစုပေါင်း ၁၀၀ နီးပါးကို သိမ်းဆည်းရရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ အပြင်းအထန် ထိတွေ့တိုက်ပွဲဖြစ်မှုမှာ လက်နက်၊ ခဲယမ်းသိမ်းဆည်းရမှုက အများဆုံးဖြစ်တယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေပြီး စစ်ကောင်စီဖက် စစ်ကြောင်းမှူး၊ ဒု-ဗိုလ်မှူးကြီး အဆင့်ထိ ကျဆုံးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ လတ်တလောမှာလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ သေးဆူလဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNDF ဝင် ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF တပ်ရင်း ၅ က ထုတ်ပြန်ထားတာရှိပါတယ်။

November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...
November 13, 2024
ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း...
November 12, 2024
ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း...