လိပ်သိုဒေသထဲက စာသင်ကျောင်းတွင် စစ်တပ် ဝင်ရောက်တပ်စွဲထား၍ ကျောင်းပြန်ဖွင့်ရန် ခက်ခဲနေ

လိပ်သိုဒေသထဲက စာသင်ကျောင်းတွင် စစ်တပ် ဝင်ရောက်တပ်စွဲထား၍ ကျောင်းပြန်ဖွင့်ရန် ခက်ခဲနေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ လိပ်သိုဒေသအတွင်းရှိ သံမိုးတောင်ကျေးရွာ အထက်တန်းကျောင်းတွင် မေလ ပထမပတ်မှစ၍ ယခုလက်ရှိအချိန်အထိ စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်သဖြင့် စာသင် ကျောင်းပြန် ဖွင့်ရန် အခက်အခဲရှိနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

လက်ရှိတွင် စာသင်ကျောင်းအတွင်း စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်ထားသည့်အပြင် တိုက်ပွဲများလည်း ရက် ခြားစီ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ကျောင်းပြန်ဖွင့်ရန် မဖြစ်နိုင်သေးဘူးဟု ကျောင်းတာဝန်ရှိသူများ နှင့် နီးစပ်သူများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက “ဒီနှစ်ကျောင်းပြန်ဖွင့်ဖို့ အဆင်မပြေလို့ ကျောင်းနေမယ့် ကလေးတွေ ကျောင်းပြောင်းထားချင်ရင် ကျောင်းပြောင်း လတ်မှတ်ယူပြီး ပြောင်းထားကြဖို့ ဆရာမ တစ် ယောက်က ပြောတယ်။ ကျမကလေးကို ကျောင်းထားနိုင်ဖို့ ဘယ်လိုစီစဥ်ပေးရမလဲဆိုတာ စိတ်ပူနေရတယ်။ တတ်နိုင်တဲ့ မိသားစုတွေကတော့ နီးစပ်ရာနေရာမှာ ကျောင်းထားနိုင်ပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားနိုင်တဲ့ မိသားစုတွေကတော့ ဘယ်လိုမှအဆင်မပြေဘူးလေ” ဟု ပြောသည်။

သံမိုးတောင်ကျေးရွာ အထက်တန်းကျောင်းသည် အနီးအနားရှိ အခြားသော ကျေးရွာများမှ မူလတန်း အောင် လာသည့် ကလေးများပါ အထက်တန်းပညာကို လာရောက် သင်ယူကြရသည့် ကျောင်းတစ်ကျောင်း ဖြစ်သည့် အတွက် ကျောင်းသား ဦးရေများပြားကြောင်း၊ ယခုကဲ့သို့ ကျောင်းမဖွင့်နိုင်၍ မိမိတို့၏ သားသမီးများပညာရေး အတွက် စိုးရိမ်ပူပန်နေရကြောင်း ကျောင်းသားမိခင် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“မနှစ်က တိုက်ပွဲဖြစ်ပြီးတော့ ကျောင်းပြန်ဖွင့်ပြီး အတန်းတင် စာမေးပွဲ ဖြေပေးလိုက်သေးတယ်။ ဒါပေမယ့် နောက်ပိုင်း ဆက်တိုက်နီးပါး တိုက်ပွဲတွေဖြစ်ကတည်း ပိတ်ထားလိုက်တာ။ ကလေးတွေပညာရေးအတွက် ဘယ် လိုလုပ်ဆောင်ရမလဲ ဆိုတာက ကျမစဥ်းစား မရနိုင်ဖြစ်နေတယ်။ ကျောင်းကလည်းဖွင့်တော့မယ် ကိုယ်တွေက လည်း ထွက်ပြေးနေရတုန်းပဲ၊ ဒီကြားထဲ စားဝတ်နေရေးအခက်အခဲကလည်း ရှိနေတယ်။ မိသားစုတိုင်းပါပဲ” ဟု ကေအိုင်စီသို့‌ ပြောသည်။

သံမိုးတောင်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလအတွင်း စစ်ကောင်စီနှင့် နယ်မြေခံ တော်လှန်ရေးတပ် ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းအပြင် လက်နက်ကြီး အသုံးပြု တိုက်ခိုက် ခဲ့ခြင်းများကြောင့် ဒေသခံအများစုမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။

ထို့အပြင် တိုက်ပွဲများ စတင်ဖြစ်ပွားကတည်းက နီးစပ်ရာနေရာများ၌ စစ်ဘေးတိမ်း ရှောင်ကြသည့် ဒေသခံများ ထဲတွင် ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုနှင့် နို့စို့အရွယ် ကလေးများ ပါဝင်နေပြီး ကျန်းမာရေးစောင့်ရှောက် မှု ပေးရန် လိုအပ်နေကြောင်း အဆိုပါအမျိုးသမီးက ပြောသည်။

သံမိုးတောင်ကျေးရွာအုပ်စုရှိ သံမိုးတောင်ရွာမကြီးတွင် အိမ်ခြေ ၁၈၀ အိမ်၊ သံမိုးတောင် အထက်ရွာတွင် အိမ် ခြေ ၃၂ အိမ်၊ တောင်ဘက်ရွာတွင် အိမ်ခြေ ၁၆ အိမ်ရှိနေပြီး ဒေသခံအားလုံးနီးပါး တိုက်ပွဲများကြောင့် ရွာတွင်း ကို ယနေ့အချိန်ထိ ပြန်မနေရဲကြသေးဘူးဟု ဆိုသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်နေရချိန်တွင် နေအိမ်ရှိ ပစ္စည်းများလည်း ခိုးယူခံနေရသည့်အပြင် ရွာအတွင်းရှိ နေ အိမ်များနှင့် ခြံများထဲသို့ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတို့ကြောင့် လုပ်ကိုင်စားစရာမရှိတော့ဘဲ စားဝတ်နေရေး ခက်ခဲနေကြသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့ကလည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - KNLA ပူးပေါင်း တပ် များနှင့် သံမိုးတောင်ကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁) ဦး သေဆုံးခဲ့သည်ဟု KNU သတင်းအရင်းအမြစ်ထံမှ သိရသည်။

အလားတူ ထိုနေ့ညနေပိုင်းတွင် သံမိုးတောင်ကျေးရွာ အခြေစိုက် စစ်ကောင်စီတပ် စခန်းအား Alpha One အဖွဲ့မှ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က တုံ့ပြန်ပစ်ခတ် လိုက်သော လက်နက်ကြီးများမှာ သံမိုးတောင် အထက်ရွာအတွင်း ကျရောက်ပေါက်ကွဲ၍ ကျေးရွာအတွင်းရှိ နေအိမ် (၃) လုံးနှင့် ခြံအချို့ ထိခိုက် ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

Most read this week

November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 18, 2024
ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုလပိုင်းအတွင်း ဈေးမြင့်သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်...
November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...