၂၀၂၃ ခုနှစ်အတွက် ဟီရိုရှီးမားဖောင်ဒေးရှင်းဆု BNI ကို ချီးမြှင့်ပေးအပ်

၂၀၂၃ ခုနှစ်အတွက် ဟီရိုရှီးမားဖောင်ဒေးရှင်းဆု BNI ကို ချီးမြှင့်ပေးအပ်

ငြိမ်းချမ်းရေးနှင့် ယဥ်ကျေးမှုလုပ်ငန်းများကို စောင့်ကြည့်ဖော်ထုတ်ခြင်းအတွက် ပေးအပ်သည့် ၂၀၂၃ ခုနှစ်၏ ဟီရိုရှီးမားဖောင်ဒေးရှင်းဆုကို မြန်မာ့မီဒီယာကွန်ရက်တစ်ခုဖြစ်သည့် နိုင်ငံတကာမြန်မာ့သတင်း (Burma News International - BNI) အား ချီးမြှင့်ပေးအပ်လိုက်သည်ဟု The Edita and Ira Morris Hiroshima Foundation က မေလ (၁၅) ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

၎င်းထုတ်ပြန်ချက်ထဲတွင် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားလူမျိုးစုအသီးသီး၏ သတင်းများအား ရဲဝံ့စွာ ထုတ် ဖော်ပေးခြင်း၊ လူ့အခွင့်အရေးကို ချိုးဖောက်နေသော ရက်စက်ကြမ်းကြုတ်မှုများအား အစီရင်ခံစာရေးသား တင်ပြခြင်းနှင့် နိုင်ငံတကာက သိရှိစေရန် သတင်းများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခြင်း စသည့် လုပ်ငန်းစဥ် များကို လုပ်ဆောင်သော တိုင်းရင်းသားမီဒီယာ (၁၅) ခု ဖြင့် ဖွဲ့စည်းထားသည့် BNI အား အဆိုပါဆုချီးမြှင့်ရန် ငြိမ်းချမ်းရေးနှင့်ယဥ်ကျေးမှုအခြေပြု ဖောင်ဒေးရှင်းဖြစ်သည့် ဟီရိုရှီးမားဖောင်ဒေးရှင်းက ဆုံးဖြတ်လိုက် ကြောင်း ဖော်ပြထားသည်။

ယင်းသို့ ဆုချီးမြှင့်ခံရခြင်းနှင့်ပတ်သက်၍ BNI ၏ စီမံခန့်ခွဲမှုဒါရိုက်တာ မတင်တင်ညိုက “ဒီဆုက ငြိမ်းချမ်း ရေးနဲ့ လူမျိုးစုငယ်တွေရဲ့အရေး ကိစ္စတွေ၊ လူမျိုးစုငယ်တွေအတွက် အသံတွေကို ဖော်ထုတ်ပေးတဲ့အတွက် ကြောင့် တစ်ဖက်က ကြည့်ရင် တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာယဥ်ကျေးမှုနဲ့ အရေးကြီးတဲ့အခန်း ကဏ္ဍတွေ ကို စဥ်ဆက်မပြတ် ဖော်ထုတ်ပေးတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖိနှိပ်ခွဲခြားဆက်ဆံတာတွေကို ဖော် ထုတ် ပေးတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီဆုကိုပေးတာလို့ ကျမတို့က နားလည်ထားပါတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါဆုသည် BNI အနေဖြင့် ပထမဦးဆုံးရရှိသော ဆုတစ်ခု ဖြစ်သလို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပိုင်း တိုင်းရင်းသားနှင့် ဒေသခံမီဒီယာများတွင် လုံခြုံမှုကင်းမဲ့ခြင်းနှင့် စိန်ခေါ်မှုများစွာရှိနေသော အခြေအနေ အရပ်ရပ်အောက်၌ စွန့်လွှတ်စွန့်စား၍ သတင်းများအား စဥ်ဆက်မပြတ် တင်ဆက်ပေးနေခြင်း၏ ရလဒ်တစ်ခုဟု လည်းဆိုနိုင်ကြောင်း သူမက ဆက်လက် ပြောဆိုသည်။

“ဒါဟာ တိုင်းရင်းသား၊ ဒေသခံမီဒီယာတွေကို နိုင်ငံတကာရဲ့ဇာစ်မြစ်တွေမှာ တစ်စုံတစ်ရာ အသိအမှတ်ပြုခံ လာ ရတယ် ဆိုတဲ့ ပြယုဂ်တစ်ခုပါ။ နိုင်ငံတကာက တိုင်းရင်းသားမီဒီယာတွေရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍကို စပြီး တော့ လက်ခံလာတာက တန်းတူညီတူတဲ့ အခွင့်အရေးတွေ မရှိခဲ့တဲ့ တိုင်းရင်းသားတွေအတွက် ထုတ်ဖော်ပြော ဆိုမှု တွေ ပိုပြီးရှိလာနိုင်တာကိုလည်း သက်ရောက်တဲ့အတွက် ကျမ ဝမ်းသာမိပါတယ်” ဟု မတင်တင်ညိုက ပြောသည်။

ဟီရိုရှီးမားဖောင်ဒေးရှင်းအနေဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးသည့် အချိန်မှစ၍ လူ့အခွင့် အရေးနှင့် ဒီမိုကရေ စီအတွက် BNI က ပေးအပ်ထားသည့် ခိုင်ခံ့သော ကတိကဝတ်များ၊ နှစ်နှင့်ချီသော ငြိမ်းချမ်း ရေး ကြိုးပမ်းတည်ဆောက်ခြင်းများအတွက် အဆိုပါဆုကိုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆုငွေအဖြစ် အမေရိကန် ဒေါ်လာ ငါးသောင်းကို ချီးမြှင့်မည်ဖြစ်ပြီး ဆုပေးအပ်ပွဲကို ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းတွင် လာမည့် စက်တင်ဘာ လ၌ ကျင်းပသွားမည်ဟုလည်း ၎င်းတို့၏ သတင်းထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

ဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် BNI ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ မတင်တင်ညိုသည်လည်း မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် တရားမျှတမှုဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းများအား လုပ်ဖော်ကိုင်ဖက်များနှင့်လက်တွဲကာ ဆယ် စုနှစ်ချီကြာ လုပ်ဆောင်ခဲ့သော လူ့အခွင့်အရေး၊ အမျိုးသမီးအရေး ထုတ်ဖော်ပြောကြားသူ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ကြောင်း အသိအမှတ်ပြု ဖော်ပြထားသည်။

၁၉၈၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော ဟီရိုရှီးမားဖောင်ဒေးရှင်းသည် ၎င်းတို့ရွေးချယ်ချီးမြှင့်သော ဆုများကို ပဋိပက္ခဒေသများတွင် တွေ့ဆုံဆွေးနွေးမှု၊ နားလည်မှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ယဥ်ကျေးမှုနယ်ပယ် အတွင်း ပါဝင်လုပ် ဆောင်နေကြသော အမျိုးသား၊အမျိုးသမီးများအား ပေးအပ်ချီးမြှင့်လေ့ရှိပြီး ၂၀၁၈ နှင့် ၂၀၂၀ ခုနှစ်အတွက် ဆုများကို အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးတွင် ပါဝင်ခဲ့သော တောင်အာဖရိကနိုင်ငံသား မိုက်ခ်ဗန်ဂရန်နှင့် Bi-Communal Choir for peace in Cyprus တို့အားလည်း ချီးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

BNI တွင် ပြည်နယ်ဒေသအခြေစိုက် တိုင်းရင်းသားမီဒီယာ အများစု အပါအဝင် လွတ်လပ်သည့် မီဒီယာအဖွဲ့ (၁၅) ဖွဲ့ဖြင့် ကွန်ရက်ဖွဲ့စည်းထားပြီး လွတ်လပ်သည့် စာနယ်ဇင်းကျင့်ဝတ်ကို ကိုင်စွဲကာ သတင်းထုတ်ဖော်ခွင့်ကို မြှင့်တင်ခြင်းအ ပြင် တိုင်းရင်းသားဒေသ အထူးပြုသည့် မြန်မာနိုင်ငံအတွင်းရှိ ဖြစ်ရပ်များအား ပြည်တွင်းပြည်ပ မှ သိရှိနိုင်ရန် တိုင်းရင်း သားလူမျိုးစုဘာသာ/စကားများဖြင့် ဘက်စုံသတင်းမီဒီယာလုပ်ငန်းကို ရပ်တည် လုပ် ဆောင်လျက်ရှိသည်။

၂၀၀၃ ခုနှစ်က အိမ်နီးချင်းနိုင်ငံ နယ်စပ်များ၌ အခြေစိုက်သည့် မီဒီယာ ၄ ဖွဲ့ဖြင့် စတင်တည်ထောင်ခဲ့သော BNI သည် ယခုနှစ်တွင် နှစ် ၂၀ ပြည့်မြောက်ပြီဖြစ်ပြီး ၂၀၁၂-၂၀၂၁ ကြား မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကာလ၌လည်း ပြည်နယ်ဒေသ အသီးသီးတွင် တိုင်းရင်းမီဒီယာညီလာခံကို ကျင်းပလာခဲ့ရာ ယခုနှစ် ဧပြီလ နောက်ဆုံးပတ်က ၈ ကြိမ်မြောက်အထိ ပြုလုပ်ပြီးစီးခဲ့ပြီး ဖြစ်သည်။

Most read this week

September 11, 2024
ထိုင်းနိုင်ငံဘက်ခြမ်းမှ စစ်ကောင်စီထံပြန်လည်လွှဲပြောင်းပြီး စစ်မှုထမ်းခိုင်းရန် စက်လှေဖြင့်...
September 10, 2024
ကော်သူးလေနယ်မြေအတွင်း နေထိုင်သည့် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ကို အသိအမှတ်ပြု ပြီး...
September 9, 2024
တနင်္သာရီမြို့နယ် ကျေးရွာများ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီက အရပ်သားပိုင်...
September 9, 2024
ကေအဲန်ယူ၊ မူတြော်ခရိုင်၊ တပ်မဟာ(၅) နယ်မြေ ဖာပွန်မြို့နယ်၊ ကတိုင်တိသို့ စစ်ကူပေးရန် BGF...