ကရင်နီပြည်နယ်အတွင်း သံလွင်မြစ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ရိက္ခာဖြည့်တင်းဖို့ ပို့ဆောင်နေတဲ့ လမ်းကြောင်းတွေမှာ ရှမ်းလက်နက်ကိုင်အဖွဲ့ တွေဖြစ်တဲ့ RCSS၊ SSS အဖွဲ့တွေကနေ ကူညီ ပို့ ဆောင်ပေးနေတယ်လို့ ကရင်နီပြည်အစိုးရက ပြောပါတယ်။
စစ်တပ်စခန်းတွေကို ရိက္ခာဖြည့်တင်းနိုင်ရေး ရှမ်းနယ်မြေတွေကနေ ဖြတ်ကျော်ရတဲ့အတွက် အခုလိုမျိုး ရှမ်း လက်နက်ကိုင်အဖွဲ့တွေက ကူညီပေးနေတာဖြစ်တယ်လို့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဝန်ကြီးခူညေးရယ်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“၃ ရင်း ရှိတယ်လေ အဲ့မှာ ၅၁၉ နဲ့ ၃၃၄၊ ၅၁၀ ဆိုတာရှိတယ်လေ စစ်ကြောင်းတွေပေါ့နော။ သူတို့က အဲ့ဖက်မှာ ရိက္ခာဂိုဒေါင်ဆောက်ထားတယ်လေ။ အဲ့ဒီပန်ယွန်းဖက်မှာပေါ့ နယ်စပ်ဖက်မှာပေါ့ ကရင်နီ-ထိုင်းနယ်စပ်နားမှာ ဟိုဖက်အဖွဲ့တွေက စစ်ကောင်စီနဲ့ ပစ်ခတ်တာမျိုးမရှိဘူးပေါ့။ အဲ့ဖက်ကလူတွေက ကူညီတယ်လို့ကျနော်တို့က သုံးသပ်တာပေါ့။ ကူညီလို့ပဲ အဲ့လိုရောက်လာတာပေါ့ သူ့နယ်မြေဖြတ်ပြီးတော့မှ ကျနော်တို့ အဲ့လို သုံးသပ်တာ ပါ။ အဲ့မှာ ( SSS ) S သုံးလုံးရှိတယ်လေ။ S သုံးလုံးဆိုတာက ပြည်သူ့စစ်ပေါ့။ နောက်ပြီးတော့မှ ဟိုမုန်းဖက်က S သုံးလုံးရဲ့ ဌာနချုပ်ပေါ့။ နောက်ပြီးတော့မှ အဲ့ဖက်ဂွင်က RCSS၊ SSA ရဲ့ ဂွင်လည်းဖြစ်တယ်။ ဆိုတော့ သူတို့ နယ် မြေကိုဖြတ်လာတာက လွတ်လွပ်လပ်လပ်ပေါ့။ ရိက္ခာတွေ လက်နက်ခဲယမ်းတွေကို လာပုံပြီးမှ အဲ့ဒါကို ကျနော် တို့ ဖြတ်တောက်တာပေါ့ ဒီဖက်ကိုမရောက်အောင် ကျနော်တို့ဖက်မရောက်အောင် ဖြတ်တောက်တာပေါ့။”
ရှားတော၊ ဘောလခဲ နယ်စပ်ဖက်ကနေ သံလွင်မြစ် အရှေ့ဘက်ခြမ်းကို ရိက္ခာပို့ဆောင်လို့ မရတော့တာကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းကနေ ကရင်နီပြည်နယ်ထဲကို ရိက္ခာပို့ဆောင်နိုင်ဖို့အတွက် ရှမ်း-ကရင်နီ နယ်စပ်ဒေသ တွေမှာ အခြေစိုက်လုပ်ရှားနေတဲ့ ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့ Southern Shan State ( SSS ) ရဲ့ နယ်မြေ၊ RCSS နယ်မြေတွေကို အသုံးပြုနေတယ်လို့ ဝန်ကြီးခူညေးရယ် က ပြောပါတယ်။
၂၀၂၃ ခုနှစ် အစောပိုင်းကတည်းက စစ်ကောင်စီတပ်က ထိုင်း-ကရင်နီနယ်စပ် တပ်စခန်းတွေကို ရိက္ခာပို့ဆောင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ခမရ (၁၃၅)၊ ခမရ (၅၁၀)၊ ရှေ့တန်းတပ်စခန်း (၅၄)တပ်၊ ခမရ (၃၃၇) တပ်၊ ခမရ (၃၃၄) တပ်နဲ့ ခမရ (၅၁၀) စခန်းတွေကို ကရင်နီတပ်မတော်ကနေ မကြာခဏ တိုက်ခိုက်မှုရှိတယ်လို့ ကရင်နီ စစ်ဖက် ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်တွေအရ သိရပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ စစ်ရေးချုပ် ခူးရီးဒူက “အဓိကတော့ ဒီသံလွင်အရှေ့ခြမ်း မှာ တော့ အဓိက လက်နက်၊ ရိက္ခာဖြည့်တင်းဖို့အတွက် ဖြစ်တယ်ပေါ့ လေး နော်။ ဒီစစ်ကြောင်း ဒီရိက္ခာဖြည်တင်း နိုင်ဖို့အတွက် သူတို့(စစ်ကောင်စီ) ကျနော်တို့ပြည်နယ်ထဲကို ဝင်နိုင်ဖို့ ကြိုး စားတာတော့ တော်တော်လေး ကြာ နေပြီ။ အခုထိတော့ မဝင်နိုင်သေးဘူးပေါ့လေးနော။ အဲ့တာလည်း ၂လကျော် သုံးလလောက်ရှိပြီပေါ့။ ရိက္ခာ ဖြည့်တင်းတယ် ဒီအပေါ်မှာ အထူးသဖြင့် သံလွင်အရှေ့ခြမ်းပေါ့နော။ KA ဖက် ကနေမှ သူတို့ ဦးစီးပြီးတော့မှ ဒီရိက္ခာ ဖြည့် တင်းနေတဲ့ စစ်ကောင်စီကို ဖြတ်တိုက်နေတာတော့ ခုခံစစ်ဆင်နွှဲတာ ၃ လကျော် ၄ လ ထဲဝင်လာပြီ ပေါ့။ အခုထိတော့ တိုက်ပွဲတွေတော့ ပြင်းထန်နေတုန်းဘဲလို့ ကျနော်တို့ ကြားသိရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလဒုတိယပတ်အတွင်းက သံလွင်မြစ် အရှေ့ဘက်ခြမ်း တစ်နေရာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင် စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်နေမှုတွေကြောင့် ကရင်နီတပ်မတော်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပါတယ်။
မတ်လအစောပိုင်းကစ သံလွင်မြစ် အရှေ့ဘက်ခြမ်း နှစ်လကျော် တိုက်ပွဲအတွင်း ကရင်နီတပ်မတော်ရဲ့ မိုင်းဆွဲ တိုက်ခိုက်မှု၊ ရှေ့တန်းစခန်း တိုက်ခိုက်မှု၊ ပျောက်ကြားတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သား (၄၀)ကျော် သေဆုံးခဲ့တယ်လို့ ဝန်ကြီးခူညေးရယ် က ပြောပါတယ်။
ထိုင်း - ကရင်နီ နယ်စပ်တကြောမှာ စစ်ကောင်စီ တပ်စခန်းတွေ အနည်းဆုံး ၁၀ ခုနဲ့ အထက် ရှိတယ်လို့ ဆိုပါ တယ်။ စစ်ကောင်စီတပ်ဟာ ပွင့်လင်းရာသီကာလအတွင်း ရိက္ခာတွေကို စုဆောင်းနေတာဖြစ်ပြီး တပ်စခန်းတွေ ဆီ ရိက္ခာပို့ဖို့အတွက် ကုန်းလမ်းအပြင် ရေကြောင်း၊ လေကြောင်းတွေပါ အသုံးပြုနေတာ ဖြစ်ပါတယ်။
မေလ ၁၅ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ကန်ခုနှစ်ဆင့် အနီးတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့ ပြီး နှစ်ဖက် ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဝန်ကြီးခူညေးရယ် က ပြောပါတယ်။
မေလအတွင်းမှာလည်း ကရင်နီပြည်နယ်အတွင်း၊ ရှမ်း- ကရင်နီနယ်စပ်ဒေသ၊ ထိုင်း-ကရင်နီနယ်စပ် သံလွင်မြစ် အရှေ့ဘက်ခြမ်းတွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။