မိုခါ ဆိုင်ကလုန်း မုန်တိုင်း မကြာမီ ရက်ပိုင်းအတွင်း ဝင်ရောက် တိုက်ခတ်တော့မည်ဖြစ်ရာ ရခိုင်မြို့နယ်တချို့က စစ်ဘေးရှောင်များ၊ ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့မှုကို ဆက်တိုက် လုပ်ဆောင်ပေးနေကြသည်။
စစ်တွေမြို့နယ်တွင် ပင်လယ်ကမ်းနားနှင့် မြေနိမ့်ဒေသမှ ပြည်သူများကို ကုန်းမြင့်များတွင် တည်ရှိသည့် ဘုန်း တော်ကြီး ကျောင်းများသို့ ရွှေ့ပြောင်းပေးနေသလို စစ်တွေမြို့ပေါ်ရှိ မြေနိမ့်ပိုင်းမှ ပြည်သူများလည်း မိမိ သဘောနှင့် မိမိ ကျောက်တော်၊ မြောက်ဦးဘက်သို့ ကားများဖြင့် ထွက်ခွာ ပြောင်းရွှေ့သွားကြသည်ဟု ဒေသခံ များက ပြောသည်။
စစ်တွေမြို့ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းများကိုလည်း အားလုံးပိတ်ထားပြီး နယ်မှကျောင်းသူ ကျောင်းသား များမှာလည်း နေရပ်ပြန်သွားကြပြီ ဖြစ်ကာ မြို့ခံတစ်ချို့နှင့် စစ်တွေအနီးရွာများမှ ထောင်နှင့်ချီသည့် ပြည်သူများ မှာလည်း ဘေးလွတ်ရာကို ရွေ့ပြောင်းရွှေ့နေကြပြီ ဖြစ်သည်။
စစ်တွေမြို့ခံ တစ်ဦးက “အများစုကတော့ မြို့ထဲကဆိုရင် ချောင်းနဲ့နီးတဲ့ မြေနိမ့်ပိုင်းကသူတွေ၊ ပြီးတော့ မီးလောင်ပြင်လူတွေပေါ့။ အဲဒီနေရာဘက်မှာ အိမ်တွေကလည်း သိပ်ခိုင်ခန့်တာမဟုတ်တော့ စိတ်ချရတဲ့ နေရာ ကို ပြောင်းနေကြတယ်။ စစ်တွေအနီးအနားမှာရှိတဲ့ ရွာတွေက လူတွေလည်း ပါတယ်” ဟု ပြောသည်။
လက်ရှိအချိန်အထိ စစ်တွေမြို့ အဓိဌာန်ကျောင်းတွင် လူပေါင်း ၁၅၀၀ ခန့်နှင့် ဆရာတော် ဦးဉာဏစက္က ဘုန်းတော်ကြီးကျောင်းတွင်လည်း ၁၅၀၀ ခန့် လာရောက်ခိုလှုံနေကြပြီး နောက်ထပ်လည်း တိုးလာနိုင်သည်ဟု ကူညီပေးနေသူတစ်ဦးက ပြောသည်။
စစ်တွေမြို့နယ် မွတ်ဆလင်ကျေးရွာများတွင် ပြောင်းရွှေ့မှုများ ပြုလုပ်နေသလို ဆိုင်ကလုန်း မုန်တိုင်းစင်တာ များ၊ ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေကြသည်ဟု ပြောဆိုသည်။
စစ်တွေ ဘုမေရွာက မွတ်ဆလင် အရပ်လူကြီးတစ်ဦးဖြစ်သူ ဦးစိုးမြင့်က “မုန်တိုင်းသတင်းကြားလို့ အိမ်မှာရှိတဲ့ စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းမှု လုပ်ထားပြီးပါပြီ။ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာတွေကို အားလုံး ပြင်ဆင်ထားကြပါပြီ။ ဆေးတွေလည်းယူထားတယ်။ ဓာတ်ခဲတွေ၊ ပါဝါဘန့်တွေအကုန်ပြင်ထားတယ်။ သဲချောင်း၊ အုန်းတောချေကလူတွေလည်း သက္ကယ်ပြင်ကျောင်းကို ရောက်နေကြပါပြီ။ တချို့က ဆွေမျိုး အိမ် တွေမှာ လာနေကြပါတယ်။ အစိုးရဘက်ကတော့ ထောက်ပံ့တာတော့မရှိပါဘူး။ ဒါပေမယ့် ရပ်မိရပ်ဖတွေက တော့ ရသလောက်နဲ့ နည်းနည်းပါးပါး ထောက်ပံ့ပါတယ်။ လာပြီးတော့ ဆော်သြတာတော့ရှိပါတယ်။ သတိ ထားနေထိုင်ဖို့၊ ပြင်ဆင်ကြဖို့ပြောထားပါတယ်" ဟု ပြောသည်။
မုန်တိုင်းဖြတ်ကျော် ဝင်ရောက်တိုက်ခတ်နိုင်သည့် မောင်တောမြို့နယ်က ကျေးရွာ ၂ ရွာရှိ ရွာသားများကို ဘေး လွတ်ရာ နေရာများသို့ ပြောင်းရွှေ့ထားသည်ဟု ဒေသခံတစ်ယောက်က ပြောသည်။
“ကျောက်ပန္ဒူရွာနဲ့ ဟိန္ဒူရွာက လူတွေကိုတော့ ပြောင်းထားတာတွေ့တယ်။ ဟိန္ဒူရွာက လူတွေကိုတော့ စာသင် ကျောင်းကို ပြောင်းထားတယ်။ လူ ၂၀၀ ခန့်ရှိတယ်။ ကျောက်ပန္ဒူဘက်က လူတွေလည်း ပြောင်းရွှေ့ကြတယ်။ ဘယ်နေရာပြောင်းသွားတယ်ဆိုတာ အတိအကျမသိဘူး။”
အလားတူ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင် တချို့ကိုလည်း ရက္ခိုင့်တပ်တော်( AA) တပ်ဖွဲ့ဝင်များက တာဝန်ယူ ရွှေ့ပြောင်း ပေးခဲ့ကြောင်း ကူညီပေးနေသူ တစ်ဦးက ယခုကဲ့သို့ပြောသည်။
“ကျောက်တော်နယ်က တောင်မင်းကုလား၊ ဝါးတောင်နဲ့ကံစောက် စစ်ဘေးရှောင်စခန်းက လူတွေကိုတော့ AA တပ်တော်က နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေကို ဒီနေ့နေ့လယ်က ပြောင်းရွှေ့နေပါတယ်။”
ဘူးသီးတောင်မြို့နယ်မှ အန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာသားများကိုလည်း မြို့နယ်သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ယနေ့မန်နေ့ နေ့လည်ပိုင်းတွင် ပြောင်းရွှေ့ထားကြသည်။
အလွန်အားကောင်းသော မိုခါ ဆိုင်ကလုန်းမုန်တိုင်း သတိပေးချက်များကြောင့် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ကျွဲကော်မော်ရွာ၊ စက်ခေါ်ရွာ၊ ကျိန်ကျောင်၊ သာစည် မှ ဒေသခံများ ကျွဲကော်မော်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် မုန်တိုင်းဒဏ်လာရှောင်ရန် ရောက်ရှိနေကြပြီ ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မိုခါ ဆိုင်ကလုန်မုန်တိုင်းမှာ အလွန်အားကောင်းပြီး ဘင်္ဂလားဒေ့ချ် နိုင်ငံ၊ ကော့စ်ဘာဇားမြို့နှင့် ရခိုင်ပြည်ကျောက်ဖြူမြို့အကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့် မှန်းထားပြီး စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တောနှင့် မာန်အောင်မြို့နယ်များကို အနီရောင်အဆင့် အဖြစ်သတ်မှတ်ထားကြောင်း MRTV က သတင်းထုတ် ပြန်ထားသည်။
မုန်တိုင်းမှာ တစ်နာရီကို မိုင် (၈၀) မှ (၉၀) အထိ တိုက်ခိုက်နိုင်ကြောင်း ခန့်မှန်းထားပြီး စစ်တွေနှင့် မောင်တော ခရိုင်ရှိ မြစ်လက်တက်များတွင် ၁၂ ပေမှ ၁၆ ပေအထိ ရေမြင့်တက်လာနိုင်ပြီး ကျောက်ဖြူခရိုင်ရှိ မြစ်လက်တက် များတွင် ၉ ပေမှ ၁၂ ပေအထိ မြင့်တက်လာနိုင်ကြောင်း မြန်မာစံတော်ချိန် ယနေ့ညနေ ၄ နာရီတိုင်းထွာချက် မိုးလေဝါသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။