မိုခါ ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်ကြောင့် ပင်လယ်ကမ်းနီးဒေသများနှင့် ဒီရေလှိုင်းများ ဝင်ရောက်နိုင်သည့် ကျွန်းများပေါ်မှ လူပေါင်း တစ်သောင်းကျော်ကို ရက္ခိုင့်တပ်တော် (AA)က ဘေးလွတ်ရာသို့ မေလ ၁၁ ရက်နေ့ ကစပြီး ပြောင်းရွှေ့ပေးခဲ့သည်ဟု ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။
“အထူးသဖြင့်တော့ မြေပုံမြို့နယ် ငမန်းရိပ်ကျွန်းက ရွာတွေ၊ ပြီးရင် မင်းပြားမြို့နယ် တောင်ပိုင်းက ရွာတွေ၊ အဲဒီမှာ ၈ရွာရှိမယ်။ ငမန်းရဲကျွန်းကတော့ ၁၃ရွာလို့ပြောတယ်။ အဲ့ဒီမှာ လူဦးရေကတော့ ၁၁၈၆၇ ဦးပေါ့။ ကျွန်တော်တို့ မနေ့ကနဲ့ ဒီနေ့မှာ ပြောင်းရွေ့ပြီးပြီ။ ရွာပေါင်းကတော့ စုစုပေါင်း ၂၁ရွာပေါ့နော်” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ ရွှေ့ပြောင်းပေးနေခြင်းမှာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပြည်သူများ အသက်ဘေးအန္တရာယ် ကျ ရောက်နိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုတစ်ရပ်အနေဖြင့် ဦးစားပေးဆောင်ရွက်ခြင်း ဖြစ်ပြီး နောက်ထပ် ရွှေ့ပြောင်း ရန် လိုအပ်သည့် ပြည်သူများကိုလည်း ဆက်လက်ပြောင်းရွှေ့ပေးသွားမည်ဟု ဦးခိုင်သုခက ပြောသည်။
“မုန်တိုင်းနဲ့ပတ်သက်ပြီးတော့ မုန်တိုင်းမရောက်လာခင် မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံစားရနိုင်တဲ့ ပင်လယ် ကမ်းခြေ မြေနိမ့်ပိုင်းဒေသက ပြည်သူတွေကို ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်အောင်ထိ ကျွန်တော်တို့ အာရက္ခပြည်သူ့အစိုးရ၏ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက မနေ့ကစပြီးတော့ ရွေ့ပြောင်းပေးနေတာရှိပါတယ်။ နောက်ထပ် တခြားပြောင်းရွေ့ဖို့ဒေသက လိုအပ်တဲ့ ပြည်သူတွေကိုလည်းဘဲ ရွှေ့ပြောင်းပေးဖို့အတွက် ဆက် လက်ပြီးတော့ လုပ်ဆောင်နေတာတွေရှိပါတယ်” ဟုပြောသည်။
ထို့အပြင် ရွှေ့ပြောင်းစရာမလိုသည့် ကျေးရွာများကိုလည်း ကြိုတင်ကာကွယ် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် သတိ ပေးမှုများ ပြုလုပ်ထားသည်ဟု ဆိုသည်။
“ရွှေ့ပြောင်းစရာမလိုတဲ့ ရွာတွေက ပြည်သူတွေကိုလည်းဘဲ မုန်တိုင်းအန္တရာယ်က ဘယ်လို ဖြတ်ကျော်ရမလဲ။ ဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲ ဆိုတာကို ဒီအာရက္ခပြည်သူ့အစိုးရရဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေကနေ ပြီးတော့မှ ကျွန်တော်တို့ ပညာပေးဟောပြော လုပ်ဆောင်နေတာတွေရှိပါတယ်။”
၎င်းပြင် အာရက္ခပြည်သူ့ အစိုးရအနေဖြင့် ဆောင်ရွက်နေမှုများကိုလည်း ယခုလို သူက ပြောဆိုသည်။
ဦးခိုင်သုခက “ကျွန်တော်တို့ အာရက္ခ ပြည်သူ့အစိုးရအနေနဲ့ကတော့ လွန်ခဲ့တဲ့ မေလ ၉ရက်နေ့ကတည်းက ကျွန် တော်တို့ကနေ ပြီးတော့ ပြည်သူတွေကို ထုတ်ပြန်ချက်တွေ ထုတ်ပြီးတော့မှ ဆော်ဩလုပ်ဆောင်နေတာ တွေရှိ ပါတယ်။ မနေ့ကနဲ့ ဒီနေ့မှာ မြေပုံ၊ မင်းပြား၊ ပေါက်တော အဲ့ဒီဘက်က ပြည်သူတွေကို ကျွန်တော်တို့ ပြောင်းရွှေ့ ခဲ့တာရှိတယ်။ တချို့ပြည်သူတွေဆိုရင် သူတို့ကမပြောင်းချင်ဘူး။ ဒီမှာဘဲနေမယ်။ သူ့သဘောနဲ့သူပေါ့နော် ဘယ်မှ မသွားချင်ဘူး။ ရွာမှာဘဲနေမယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အဓိက ပြောတာကတော့ အန္တရာယ် ဖြစ်လာလို့ရှိရင် ထိခိုက်နိုင်တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေကို အဓိက ထားပြီးတော့မှ ပြောင်းရွေ့ဖို့ လိုအပ်တဲ့သူတွေကို လုံခြုံဖို့နေရာတွေကို ပြောင်းရွှေ့ဖို့ ကျွန်တော်တို့ ပြောဆို တာရှိတယ်” ဟု ပြောသည်။
မပြောင်းရွှေ့ဘဲ နေခဲ့ချင်သူများအတွက်မူ အသက်ကယ်အင်္ကျီများ အလုံအလောက်ပေးခြင်း၊ လက်နှိပ်ဓါတ်မီး၊ စားနပ်ရိက္ခာများ၊ ဆေးဝါးများကို ပေးခဲ့သည့်အပြင် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အခြားပြင်ဆင်စရာ များကို ပြင်ဆင်မှုနှင့် လျှပ်စစ်ပစ္စည်းများကို မည်သို့မည်ပုံ အသုံးပြုရန်နှင့် ထိန်းသိမ်းရန်တို့ကိုလည်း ပညာပေး ဟောပြောမှုများ လုပ်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
ယခု တိုက်ခတ်မည့် မုန်တိုင်း မိုခါမှာ အင်အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်းဖြစ်သဖြင့် ရခိုင်ပြည်သူများ အနေ ဖြင့် မပေါ့ဆကြရန် လိုအပ်သည်ဟု ဆိုသည်။
“မုန်တိုင်းအန္တရာယ်ကတော့ သတိပေါ့ဆလို့မရဘူးပေါ့နော်။ အခုမုန်တိုင်းကလည်း တော်တော်ပြင်းထန်တဲ့ မုန် တိုင်းဆိုတဲ့ အခါကျတော့ မုန်တိုင်းဖြတ်ကျော်မဲ့ နေရာတွေက ပြည်သူတွေအနေနဲ့ကတော့ အကောင်းဆုံး ပြင် ဆင်ထားဖို့ လိုတာပေါ့။ အထူးသဖြင့်တော့ ဘေးလွတ်ရာမှာ နေနိုင်လို့ရှိရင်တော့ အကောင်းဆုံးပေါ့။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် မပြောင်းရွေ့ချင်ဘူး။ ဆိုရင်လည်းဘဲ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အပြည့်အဝ လုပ်ထားကြဖို့ သတိမပေါ့ဆကြဖို့ ပြောချင်ပါတယ်” ဟု ဦးခိုင်သုခက ပြောဆိုသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျား နိုင်သည့် အခြေအနေရှိသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည်။
“မိုခါ”သည် နောက် (၆)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၌ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)” အဖြစ်သို့ ရောက်ရှိနိုင်ကာ မေလ ၁၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား မြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူ မြို့တို့ကြားသို့ စစ်တွေမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟုလည်း မိုး/ဇက ခန့်မှန်းထားသည်။