KNU - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် တညင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA - ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန် ဖြစ်ပွားပြီး စစ်ကောင်စီ ဘက်မှ ၆ ဦးကျဆုံးကာ အရှင်ဖမ်းဆီးရမိထား သူများလည်းရှိသည်ဟု KNU တာဝန်ရှိသူများက ပြောသည်။
နယ်ခြားစောင့်တပ် - BGF အမှတ် ၁ဝ၂၂ တပ်ရင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် ခြေလျင်တပ်ရင်း - ခလရ ၆၁၊ ၆၂ နှင့် မွန်ပြည်နယ် အာယုတောင်အခြေစိုက် ခမရ ၃၄၃ တပ်ရင်း ပူးပေါင်း တပ်ဖွဲ့တို့သည် မေလ ၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်တွင် မွန်ပြည်နယ်မှ ကရင်ပြည်နယ်သို့ ကား ၂၂ စီးဖြင့် စီးနင်းလာပြီး တညင် ကျေးရွာ အနီးအရောက်တွင် KNLA တပ်ဖွဲ့ဝင်နှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့အပြင် မေလ ၁ဝ ရက်န့၊ နံနက် ၆ နာရီ ဝန်းကျင်တွင်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဟု KNU တာဝန်ရှိသူများက ဆက်ပြောသည်။
“မနေ့ညနေမှာက သူတို့ဘက်က ၆ ဦးကျဆုံးတယ်။ ကားက ၄ စီး မီးလောင်တယ်။ အရှင်ဖမ်း မိထားတာလည်း ရှိတယ်။ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်။ သူတို့ အလောင်းမှာ WY မြင်း ဆေးပြားတွေလည်း သိမ်း ဆည်းရမိတယ်။ ဒီမနက် ပစ်ခတ်မှုမှာလည်း သူတို့ဘက် အထိအခိုက်အကျအဆုံးရှိတယ်” ဟု KNU ဝင်းရေးမြို့ နယ် တာဝန်ရှိသူတစ်ဦးက ကေအိုင်စီ သို့ပြောသည်။
KNU ဝင်းရေးမြို့နယ် အနန်းကွင်းကျေးရွာ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာ စခန်းထံသို့ လက်နက်၊ ရိက္ခာအင်အား လာရောက်ပို့ဆောင်စဉ် KNLA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။
ထိုတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ရမ်းသမ်း ပစ်ခတ်ခဲ့ သည့်အပြင် တိုက်လေယာဉ် ၂ စင်းဖြင့် လာရောက် ကင်းထောက်သည့်အတွက် ဌာနေလူထုများ စစ်ဘေး တိမ်း ရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် KNU ဝင်းရေးဒေသ ဝါပသဲကျေးရွာအနီး ပြီးခဲ့သည့် မေလ ၇ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်အချိန်နှင့် မေလ ၈ ရက်နေ့၊ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်သည့်အတွက် KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးပြီး လူနေအိမ်အချို့ မီးလောင် ခဲ့၍ အရပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့တို့၏ ထုတ်ပြန်ချက်များအရ သိရ သည်။
KNU ဝင်းရေးမြို့နယ် ဝင်းရော်ဒေသရှိ တောင်စွန်း၊ အနန်းကွင်း၊ လွတ်ရှမ်း၊ တံခွန်တိုင်ကျေးရွာတွင် စစ်ကောင်စီ တပ်များ အခြေစိုက်စခန်းချနေထိုင်လျက်ရှိပြီး ကျေးရွာများဘက်သို့ မကြာခဏ လက်နက်ကြီးဖြင့် လှမ်းပစ်ခတ် လျက်ရှိသည်။
အဆိုပါ စစ်ကောင်စီတပ်များသည် စာသင်ကျောင်းများနှင့် ကျေးရွာများအနီးတွင် မိုင်းထောင်ထားသလို စခန်း ရှေ့ အများပြည်သူသွားလာသည့် လမ်းမကြီးတွင်လည်း ဖြတ်သန်းသွားလာသူများအား စစ်ဆေးမေးမြန်းခြင်း၊ မကြာခဏ ခြိမ်းခြောက် ပစ်ခတ်လျက်ရှိသည်ဟု ဒေသခံရွာသားများက ပြောသည်။