မြန်မာနိုင်ငံ မြောက်ဖျားပိုင်း၊ ပူတာအို ရေခဲတောင်သို့ လာရောက်လည်ပတ်ကြသူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် မှု များပြားလာသည့်အတွက် သဘာဝတ်ဝန်းကျင် ထိန်းသိမ်းရန် လိုအပ်နေပြီဟု ဒေသခံများက ပြောသည်။
ရေခဲတောင်သို့ လာရောက်လည်ပတ် တောင်တက်သူများသည် တက်ပြီးသည့်အချိန်တိုင်း အမှိုက်များကို စနစ် တကျ သိမ်းဆည်းသွားခြင်းမရှိဘဲ ရေခဲတောင်ပေါ်တွင် အမှိုက်များ စည်းကမ်းမဲ့စွာ စွန့်ပစ်နေကြကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။
“အလည်လာသွားတဲ့သူတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အမှိုက်တွေကို မကောက်သွားဘူး၊ ဓာတ်ပုံတွေဘဲရိုက်ပြီး အမှိုက် တွေကို အဲ့အတိုင်းပဲ ထားသွားတာ။ ဟိုတလောကဆိုရင် စတီးကြေးပြားမှာ သူတို့ အဖွဲ့နာမည်ကို ကပ်ပြီး ရေခဲ တောင်ပေါ်က သက်တမ်းရင့်ပြီဖြစ်တဲ့ ထင်းရှူးပင်မှာ ရိုက်ပြီး သွားကပ်တာတွေ၊ ရေခဲတောင်မှာက အပင်တစ် ပင်ကြီးဖို့ဆိုတာ အရမ်းကြာတယ်လေ” ဟု ပြောသည်။
ရေခဲတောင် အတက်အဆင်း လုပ်နေသည့် ဒေသခံလူငယ်များအနေဖြင့် အမှိုက်သိမ်းဆည်းခြင်းများ မကြာခဏ လုပ်လေ့ရှိကြသော်လည်း နောက်ပိုင်းတွင် ရေခဲတောင်သို့ လာတောင်တက်သူများ ပိုမိုများပြားလာသည့်အတွက် အမှိုက်များ ပိုများလာသောကြောင့် အမှိုက်သိမ်းဆည်းရေးကို ထိထိရောက်ရောက် လုပ်ဆောင်ရန် ခက်ခဲလာ သည်ဟု ဒေသခံများက ပြောသည်။
ထို့ကြောင့် ရေခဲတောင်သို့ လာရောက်လည်ပတ်သော တောင်တက်သူများအနေဖြင့် အမှိုက်များစနစ်တကျ သိမ်းဆည်းခြင်းဖြင့် ပါဝင်ကူညီပေးရန် ဒေသခံလူငယ်များက တောင်းဆိုနေကြသည်။
ပြီးခဲ့သည့် အပတ်တွင်လည်း စစ်ကောင်စီ လက်အောက်ခံ ကချင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် အမြင်ဖွင့် ပညာပေး ဟောပြောပွဲကိုလည်း လာ ရောက်ပြုလုပ်သွားသည်။
အဆိုပါ ပညာပေးဟောပြောပွဲတွင် ရေခဲတောင်ပေါ် အမှိုက်များ မထူထပ်စေရန် နှင့် သဘာဝသစ်တောများ မပျက်စီးစေရန်မှာ ခရီးသည်များအား လမ်းပြခေါ်ပေးသည့် သူများ၌လည်း တာဝန်ရှိကြောင်း၊ သဘာဝ ပတ် ဝန်းကျင်အား မည်ကဲ့သို့ ထိန်းသိမ်းရမည်အကြောင်းကို ပညာပေးဟောပြောခဲ့ကြသည်ဟု ဆိုသည်။
ဒေသခံများ၏ ပြောပြချက်အရ ရေခဲတောင်ပေါ်တွင် သာမက တောင်တက်လမ်း တစ်လျှောက်နှင့် ခရီးသွား နားနေဆောင်များအထိ ပလက်စတစ်များ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားကြသည်ဟု ပူတာအိုဒေသရှိ လူငယ်များက ပြောသည်။
ရေခဲတောင်တက်ခရီးစဉ်တွင် လမ်းပြအဖြစ်လုပ်ကိုင်နေသော ဒေသခံလူငယ်များအနေဖြင့် အမှိုက်များကို စနစ် တကျ စွန့်ပစ်ရန် ပြောဆိုသည်ဖြစ်စေ ပြောဆိုခြင်းမရှိသည်ဖြစ်ပါစေ ခရီးသည်များအနေဖြင့် အမှိုက်များ မစွန့် ပစ်ကြရန် အခြား ဒေသခံလူငယ်တစ်ဦးက KNG က ယခုကဲ့သို့ ပြောသည်။
“တချို့ကတော့ ပြောတာပေါ့နော် အမှိုက်မချထားဖို့ မပစ်ဖို့၊ ပြောတဲ့သူရှိသလို မပြောတဲ့ သူတွေလည်းရှိတယ်။ အဲ့တာကြောင့် ခရီးသွားတွေ အားလုံး စနစ်တကျဖြစ်ဖို့၊ အပင်တွေဘာတွေ အရမ်းကြီးမခုတ်ဖို့ ပြောချင်ပါ တယ်” ဟု ပြောသည်။
ရေခဲတောင်သွား လမ်းတစ်လျှောက်တွင် စွန့်ပစ်အမှိုက် များလာခြင်းသည် နောက်လာမည့် ခရီးသည်များ အတွက် စိတ်မနှစ်မြို့စရာ ဖြစ်လာရုံသာမက ခရီးသည်များအနေဖြင့် အမှိုက်များစနစ်တကျ သိမ်းဆည်း စွန့်ပစ် ခြင်း မရှိပါက နောက်ပိုင်းတွင် ပိုမိုဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိလာနိုင်သည်ဟု ဒေသခံလူငယ်များက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်ကာ ပူတာအိုမြို့သို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသည်များကို သွားလာခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင်မှု ပြည်တွင်းခရီးသည်များ ပိုမိုများပြားလာသည် ဟု ဒေသခံများက ပြောသည်။
ယခု ၂၀၂၃ ခုနှစ်အတွင်း အမြင့်ပေ ၁၁၉၂၀ ရှိသည့် ဖုန်ကန်ရာဇီ ရေခဲတောင်သို့ တောင်တက်သည့် ခရီးသွား ၄၀၀ ကျော်ရှိခဲ့ပြီဟု ဆိုသည်။
ရေခဲတောင်တက်သည့်ခရီးစဉ်သည် တစ်ကြိမ်လျှင် ကြာချိန် ၇ ရက်နှင့် ၁၀ ရက်ကြားတွင်ရှိပြီး ပူတာအိုဒေသခံ အချို့လည်း စားဝတ်နေရေးအတွက် ရေခဲတောင်တက် လမ်းပြ၊ အထမ်းသမားစသည့် အလုပ်ကို လုပ်ကိုင်ကာ အသက်မွေးဝမ်းကြောင်းကြသည်။