စစ်တွေအကျဉ်းထောင်တွင် ဆေးဝါးလုံလောက်မှုမရှိ၍ အကျဉ်းသားများ အခက်ကြုံနေရ

စစ်တွေအကျဉ်းထောင်တွင် ဆေးဝါးလုံလောက်မှုမရှိ၍ အကျဉ်းသားများ အခက်ကြုံနေရ

ရခိုင်ပြည်နယ်ရှိ စစ်တွေအကျဉ်းထောင် အတွင်း ဆေးဝါးလုံလောက်မှု မရှိသဖြင့် ကျန်းမာရေးမကောင်းသည့် အကျဉ်းသားများ ဆေးဝါးကုသရာတွင် အခက်အခဲဖြစ်နေကြရဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြော သည်။

အကျဉ်းသားများသည် ဆေးဝါးလုံလောက်မှု မရှိသည့် ထောင်တွင်းရှိ ဆေးရုံတွင်သာ ဆေးကုသမှု ခံယူနေကြ ရပြီး သေဆုံးသွားသူများပင် ရှိနေသည်ဟု မကြာမီက ထောင်တွင်းမှ လွတ်လာသူ နိုင်ငံရေး အကျဉ်းသား တစ်ဦး က ပြောသည်။

“ဆေးဝါးကတော့လုံးဝမပြည့်စုံပါဘူး။ ရောဂါကြီးတဲ့သူတွေဆိုရင် အထဲမှာ ဆေးကုလို့အဆင်မပြေဘူး။ ကျနော်တို့ တွေ့ခဲ့တဲ့ မင်းပြားကတစ်ယောက်ဆိုရင်လည်း နေမကောင်းဖြစ်တဲ့နှစ်ရက်အတွင်းမှာ ရုပ်ရည်ကျ သွားတယ်။ ထောင်တွင်းဆေးရုံမှာပဲ သူကသေသွားတယ်" ဟုပြောသည်။

ထို့အပြင် အကျဉ်းသားများအား မိသားစုဝင်များမှ ပေးပို့သည့် ပြင်ပမှ ဆေးဝါးအချို့ကိုလည်း ထောင်အတွင်း ကန့်သတ်ထားသည့်အတွက် အခက်အခဲများ ဖြစ်နေကြသည်ဟု အကျဉ်းထောင်နှင့်နီးစပ်သူများက ပြောသည်။

အဆိုပါ နိုင်ငံအကျဉ်းသားက “ထောင်အတွင်းမှာ ဆေးဝါးတွေ ထောက်ပံ့ ထားတာက အဆင်မပြေဘူး။ ဖျားရင် လည်း ဘာမီတွန်၊ ဝမ်းသွားရင်လည်း ဘာမီတွန်ချည်းပဲ သောက်ရတယ်။ ကျနော်တို့အပြင်က အိမ်က ဝယ်ထည့် ပေးတဲ့ ဆေးတွေဆိုရင်လည်း တားမြစ်ခံရတာတွေ ရှိတယ်။ အစစ်ဆေးခံရတယ်။ ဆေးမသွင်းရဘူး ဆိုပြီးတော့ အခက်အခဲတွေ အများကြီးရှိတယ်” ဟု ပြောသည်။

စစ်တွေအကျဉ်းထောင်အတွင်း ဆေးဝါးများ လုံလောက်မှုမရှိသဖြင့် ဖျားနာကိုက်ခဲ့သည့် ရောဂါများအတွက် ဆို လျှင်လည်း ဘာမီတွန် ဆေးတစ်မျိုးတည်းသာ သုံးစွဲနေရသည်ဟု ၎င်း နိုင်ငံရေးအကျဉ်းသားက ဆက် ပြော သည်။

ထို့အပြင် စစ်တွေထောင်အတွင်း နိုင်ငံရေးအမှုများနှင့် အကျဉ်းချခံထားရသူများ အထဲ အချို့မှာ သက်ကြီးပိုင်း အရွယ်များ ဖြစ်ကြပြီး ဖမ်းဆီးစစ်ဆေးခံရစဉ်က ညှည်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်များကြောင့် ဝေဒနာများ ခံစားနေရသည်။

သို့သော်လည်း ထောင်တွင်း ဆေးဝါးလုံလောက်မှုမရှိသည့်အပြင် ပြင်ပကဆေးများလည်း သွင်းခွင့်မရသဖြင့် အခက်အခဲဖြစ်နေရသည်ဟု သူကဆက်ပြောသည်။

“အဖိုးအရွယ်တွေ ဖြစ်နေကြပြီဆိုတော့ သွားလို့လာလို့မရကြတော့ဘူး။ အသက်ရှု ကျပ်တယ်တဲ့ ဝေဒနာလည်း ခံစားနေကြရတယ်။ ဆေးရုံတင်ရင်လည်း ဆေးဝါးက အဆင်မပြေဘူး။ ကျနော်တို့တွေက အပြင်က ဆေးမှာ ပေးရင်လည်း တားဆီးခံရတာတွေရှိတယ်။ လိုအပ်တဲ့ဆေးကို အိမ်ကလာပို့ပေးလို့ရောက်လာပေမယ့် မသွင်းရ တာမျိုးတွေ ရှိတယ်။ ကန့်သတ်တယ်။ ဒုက္ခတွေ အမျိုးမျိုးခံကြရတယ်။ ကျနော်တို့ရခိုင်ပြည်မှာက လူ့အခွင့် အရေး ချိုးဖောက်တာတွေကို အမျိုးမျိုးခံနေရတာပါပဲ။ ဆေးကုသမှုတစ်ခုကိုတော့ ထောင်ကျနေရင်လည်း အဆင်ပြေအောင် လုပ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

စစ်တွေအကျဉ်းထောင်အတွင်း ပုဒ်မ ၅၀၅ (က) ဖြင့် ထောင် ၃ နှစ်ကျခံနေရသည့် ပလက်ဝမြို့မှ ဦးမောင်မဲ ကျော့ အသက် ၅၇ နှစ် သည် အာဟာရပြတ်ကာ အသက်ရှူကျပ်သည့် ဝေဒနာကို ခံစားနေရပြီး နိုင်ငံရေး အကျဉ်းသား တစ်ဦး ဖြစ်သည့်အတွက် အကျဉ်းထောင်ပြင်ပ ဆေးရုံများတွင်လည်း ဆေးကုသမှု ခံယူရန်ခွင့် မပြုဘူးဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“စစ်တွေဆေးရုံကိုလည်း ထုတ်ခွင့်မပေးဘူး။ ကျမတို့ကပြင်ပဆေးရုံမှာ ဆေးကုသဖို့အတွက် တောင်းဆိုပေမယ့် ၅၀၅-က ပုဒ်မနဲ့ ထောင်ချခံထားရတဲ့အတွက် အပြင်ဆေးခန်းမှာ ဆေးကုခွင့် မပေးဘူးလို့ပြောတယ်။ အခုတော့ ထောင်တွင်းဆေးရုံမှာ ဘယ်လိုအခြေအနေ ရှိလို့ရှိနေမှန်းမသိရဘူး။ အဆက်အသွယ်လည်း မရတော့ စိတ်ပူနေ ကြရတယ်။ တခြားအမှုတွေနဲ့ ဆိုရင်တော့ အာမခံနဲ့ ဆေးကုသမှု ခံယူလို့ရမယ်လို့ပဲ ပြောတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်အသီးသီးတွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါ စတင်ခဲ့သည့် အချိန်မှ စ၍ ထောင်ဝင်စာတွေ့ခွင့်ကို ပိတ်ထားခဲ့ရာ လက်ရှိပြည်နယ်အတွင်း ကိုဗစ်ရောဂါ ဖြစ်ပွားမှု မရှိသလောက် နည်း ပါးသွားပြီဖြစ်သော်လည်း ထောင်ဝင်စာတွေ့ခွင့်ကို ဆက်လက်ပိတ်ထားဆဲဖြစ်သည်ဟု အကျဉ်းကျသူများ၏ မိသားစုဝင်များက ပြောသည်။

ထောင်ကျ အကျဉ်းသားများ၏ မိသားစုဝင်များအား ထောင်ဝင်စာ ပိတ်ပင်ထားခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပြီး ပြန်လည် ခွင့်ပြုပေးရန် အကျဉ်းကျနေသူများ၏ မိသားစုဝင်များက တောင်းဆိုနေကြသည်။

Most read this week

November 18, 2024
ရခိုင်တွင် အိမ်ငှားရမ်းခဈေးတက်၍ စစ်ဘေးရှောင်များအခက်တွေ့နေရကြောင်း စစ်ဘေးရှောင်များနှင့်...
ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...