ရခိုင်ရက္ကန်းလုပ်ငန်းအတွက် အိန္ဒိယချည်များကို မန္တလေးနှင့် မုံရွာတို့မှ တစ်ဆင့်စျေးကြီးပေးပြီး မှာယူ အသုံးပြု နေရသဖြင့် စစ်တွေဆိပ်ကမ်းဖွင့်လှစ်ပြီးပါက အိန္ဒိယချည်များကို ရခိုင်သို့ တိုက်ရိုက် သွင်းယူခွင့်ရရန် ရခိုင် ရက္ကန်းသမားများက လိုလားနေကြသည်။
စစ်တွေရှိ ရွှေကျားရက္ကန်းလုပ်ငန်းပိုင်ရှင် ဒေါ်မအေးက “ကိုယ့်ဒေသဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကို အိန္ဒိယက ကုန် သင်္ဘောတွေ ကုန်တင်ပို့လာရင် ကုန်ကြမ်းချည်တွေပါစေချင်တဲ့ မျှော်လင့်ချက်တွေ ရှိတယ်။ ဒါမှ ရခိုင်က ရက္ကန်းလုပ်ငန်း လုပ်ကိုင်သူတွေအတွက် ပိုအဆင်ပြေမယ်။ အခု ပြည်မကနေ အဆင့်ဆင့်မှာယူနေရတာ စရိတ် တွေ ကြီးနေတယ်။ သယ်ယူခ စရိတ်တွေရှိနေတယ်” ဟု ပြောသည်။
ရခိုင်တွင် ရက္ကန်းလုပ်ငန်းအတွက် လိုအပ်သော အိန္ဒိယချည်များကို မန္တလေးနှင့် မုံရွာတို့မှ တစ်ဆင့် မှာယူကာ အသုံးပြုနေရခြင်း ဖြစ်ကြောင်း အချိန်ကြန့်ကြာပြီး ကုန်ကျစရိတ်များနေသဖြင့် ၎င်းလုပ်ငန်းမှာ တွက်ခြေမကိုက် ဖြစ်လာသည်ဟု လုပ်ငန်းရှင်များက ပြောသည်။
အိန္ဒိယနိုင်ငံမှ ကုန်တင်သင်္ဘောများ စစ်တွေဆိပ်ကမ်းသို့ ပြေးဆွဲတော့မည်ဖြစ်၍ အိန္ဒိယမှထွက်သည့် ကုန်ကြမ်း ချည်များ စစ်တွေသို့ တိုက်ရိုက်တင်ပို့နိုင်ပါက ရခိုင်မှ ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူများအတွက် ပိုမို အဆင်ပြေ လာ နိုင်သည်ဟုလည်း ရက္ကန်းလုပ်ငန်းရှင်များက ပြောသည်။
ရခိုင်မှ ရက္ကန်းလုပ်ငန်းပိုင်ရှင်များသည် အိန္ဒိယနိုင်ငံဘက်မှ တင်သွင်းသည့် ကုန်ကြမ်းချည်များဖြစ်သော နှစ်တစ် ရာ (၂/၁၀၀) ဟု ခေါ်သည့် ချည်အမျိုးအစားနှင့် နှစ်ရှစ်ဆယ်(၂/၈၀)ဟုခေါ်သည့် ရိုးရိုးချည်အမျိုးအစားတို့ကို အသုံးများကြသည်ဟု ဆိုသည်။
၂ဝ၁၉ နှင့် ၂ဝ၂ဝ ပြည့်နှစ်တို့တွင် နှစ်တစ်ရာ (၂/၁၀၀)ချည် ၂ ဒဿမ ၅ ကီလို တစ်ထုပ်လျှင် ကျပ် ၈ သောင်းနှင့် နှစ်ရှစ်ဆယ် (၂/၈၀) ချည် ၂ ဒဿမ ၅ ကီလို တစ်ထုပ်လျှင် ကျပ် ၆ သောင်းသာရှိခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် နှစ်တစ်ရာ (၂/၁၀၀)ချည် ၂ ဒဿမ ၅ ကီလို တစ်ထုပ်လျှင် ကျပ် ၁ သိန်း ၄ သောင်းနှင့် နှစ်ရှစ်ဆယ် (၂/၈၀) ချည် ၂ ဒဿမ ၅ ကီလို တစ်ထုပ်လျှင် ကျပ် ၉ သောင်းခန့် စျေးနှုန်းမြင့်တက်နေသည်ဟု ရက္ကန်းလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
ရိုးရာအစဉ်အလာအရ လုပ်ကိုင်နေကြသည့် ရခိုင်ရက္ကန်းလုပ်ငန်းများမှာ ချည်ကုန်ကြမ်း စျေးနှုန်းများမြင့် တက် နေပြီး အခြားတစ်ဖက်တွင်လည်း လုပ်သားရှားပါးနေသဖြင့် ရပ်တည်ရန် ခက်ခဲနေကြသည်ဟု ရက္ကန်းလုပ်ငန်း လုပ်ကိုင်နေကြသူများက ပြောသည်။
စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာမှ ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက “လက်ရှိ ပြည်မကနေ ဝယ်ယူ ရတဲ့ အိန္ဒိယ ကုန်ကြမ်းချည်တွေက ဈေးမြင့်သွားတာနဲ့ အခက်အခဲရှိနေတယ်။ ဒီကြားထဲ ရက္ကန်းလုပ်သား လည်း နည်းလာတော့ လုပ်အားခတွေလည်း တိုးမြှင့်ပေးပြီးငှားရတယ်။ ဒါကြောင့် အမြတ်နည်းပြီး တွက်ခြေ မကိုက်ဖြစ်လာတယ်” ဟု နိရဉ္စရာသို့ ပြောသည်။
ရခိုင်ရိုးရာ ရက္ကန်းထည်များကို ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် သံတွဲမြို့နယ်တို့တွင် ရက်လုပ် ကြပြီး ယင်းအနက် စစ်တွေမြို့နယ်ရှိ ဝါဘိုကျေးရွာနှင့် အနီးအနားကျေးရွာအချို့တွင် ရှေးဘိုးဘွားခေတ် အဆက် ဆက်ကပင် အိမ်တိုင်းလိုလို စီးပွားဖြစ် လုပ်ကိုင်ကြသည်။
ဝါဘိုရွာမှ ရက်လုပ်သော ရိုးရာရက္ကန်းထည်များကို ရခိုင်ပြည်နယ်တွင်းသာမက မြန်မာပြည်တွင်းရှိ အချို့နေရာ များနှင့် ပြည်ပရှိ ရခိုင်လူမျိုးများရှိရာ နေရာဒေသများတို့တွင် ရောင်းချဖြန့်ချိကြသည်ဟု သိရသည်။
ရခိုင်ရိုးရာရက္ကန်းလုံချည်များကို ချည်အမျိုးအစားနှင့် ဒီဇိုင်းအမျိုးအစားအသီးသီးခွဲခြား၍ ကျပ် ၂ သောင်းခန့်မှ ကျပ် ၇ သောင်းခွဲဝန်းကျင် အထိ စျေးရှိပြီး စျေးအကြီးဆုံး အမျိုးသမီးရက္ကန်း လုံချည်ဒီဇိုင်းမှာ မြနန္ဒာ လက်ထိုးချိတ် ဒီဇိုင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ (ကာလကတ္တား) နှင့် ကုန်သွယ်မည့် အိန္ဒိယဘက်က ကုန်ကျခံ တည်ဆောက်ထား သည့် စစ်တွေဆိပ်ကမ်းကို ယနေ့ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။