ပူတာအိုမြို့နယ် ဖတ်မာကျေးရွာရှိ ဖတ်မာချောင်းတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုအား အမြန်ဆုံး ရပ်တန့်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
ဒေသခံများ ရပ်တန့်ပေးရန် တောင်းဆိုနေသည့် ရွှေးတူးဖော်နေမှုမှာ ပြီးခဲ့သည့်နှစ်မှစတင်၍ လုပ်ငန်းရှင်အချို့နှင့် ရပ်ကျေးတာဝန်ခံများအကြား ၄ လတာ သေဘာတူညီချက်ဖြင့် တူးဖော်ခွင့်ပြုထားသည့် လုပ်ငန်းဖြစ်သည်ဟု ဒေသခံများပြောသည်။
“ရွှေတူးဖော်တာကို သဘောတူတယ်ဆိုတဲ့စာချုပ်ကိုလည်း ကျွန်တော်တို့ ဒေသခံတွေကိုလည်း ဘာမှမပြောဘဲ အုပ်ချုပ်ရေးမှူးတွေဘဲ သူတို့ဘာသာသူတို့ လက်မှတ်ထိုးပေးပြီး မှ ကျွန်တော်တို့ကိုလာပြောတော့ အခုဒီ ဧပြီလ ထိဘဲ စာချုပ်ချုပ်ထားတယ်တဲ့ အခုလလည်းကုန်ပြီလေ တူးနေကြတုန်းဘဲ၊ သူတို့တူးဖော်နေတဲ့ နေရာမှာ လည်း ဒေသခံတွေ ဝင်လာလို့တောင်မရဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
မြစ်ကြီးနား - ပူတာအို ကားလမ်းဘေး၌ တည်ရှိသည့် ဖတ်မာကျေးရွာက ဖတ်မာချောင်းတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး လုပ်ငန်းရှင်အချို့နှင့် ရပ်ကျေးတာဝန်ခံများ သဘောတူညီမှုဖြင့် ၄ လတာ ရွှေတူးဖော်ခွင့်ပြုထားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ သဘောတူညီထားသည့် သတ်မှတ်ကာလမှာ ကျော်လွန်နေပြီ ဖြစ်သော်လည်း ရွှေတူးဖော်မှုကို ဆက်လက် လုပ်ဆောင်နေသည့်အတွက် အမြန်ဆုံးရပ်တန့်ပေးရန် ဒေသခံများက တောင်းဆိုနေကြခြင်း ဖြစ်သည်။
ဖတ်မာချောင်းသည် ဖတ်မာကျေးရွာ အပါအဝင် ဖတ်မာကျေးရွာအုပ်စုမှ လုံဂါယာန်၊ လုံဂါဂေါင်၊ ဖတ်မာဒါး၊ ဖတ်မာဒီ၊ ဖတ်မာဇွပ် ကျေးရွာမှ ပြည်သူများအဓိက သောက်သုံးရေနှင့် လယ်ယာစိုက်ပျိုးရေးအဖြစ် အဓိက အားထားရသည့် ချောင်းဖြစ်သော်လည်း လက်ရှိတွင် ရွှေတူးဖော်နေမှုကြောင့် ချောင်းရေများ ပျက်စီးညစ်ညမ်း လာပြီး ဒေသခံပြည်သူများအတွက်သောက်သုံးရေ ခမ်းခြောက်လာကြောင်း ဒေသခံများပြောသည်။
ဒေသခံများ၏ ပြောဆိုချက်အရ ဖတ်မာချောင်းအနီး ရွှေတူးဖော်နေမှုအပြင် သစ်စက်လုပ်ငန်းများလည်း လာ ရောက်လုပ်ကိုင်နေကြပြီး အဆိုပါ သစ်စက်မှ ထွက်လာသည့် လွှစာမှုန့်များသည်လည်း ချောင်းတွင်းထဲသို့ မျှော လာနေသည့်အတွက် ချောင်းရေညစ်ညမ်းမှု ပိုမိုဆိုးရွားလာသည်ဟု ပြောသည်။
သစ်စက်လုပ်ငန်း လုပ်ကိုင်နေသူများသည် ၂၀၁၂ ခုနှစ်တွင် ဖတ်မာကျေးရွာ အပြင်ဘက်တွင်သာ လုပ်ကိုင်ခဲ့သော် လည်း ၂၀၁၄ ခုနှစ်တွင် ကျေးရွာအတွင်းထိ တိုးချဲ့လုပ်ကိုင်လာကြခြင်း ဖြစ်သည်။
အဆိုပါ သစ်စက်မှ ထွက်လာသည့် လွှစာမှုန့်များ ယခုကဲ့သို့ ချောင်းအတွင်း ထိခိုက်လာမည်ကို ကြိုတင် သတိ မပြုခဲ့မိဘူးဟု နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဖတ်မာဒေသအတွင်း ပြည်သူပိုင်သစ်တော ကြိုးဝိုင်းဟူ၍ မရှိသည့်အတွက် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက ငွေကြေးကောက်ခံပြီး သစ်တောများ စည်းမဲ့ကမ်းမဲ့ ခုတ်ခွင့်ပေးထားခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြော သည်။
“ဖတ်မာချောင်းဆိုတာ နောက်တစ်နှစ်၊ နှစ်နှစ်ဆိုရင် ပျောက်တော့မှာ၊ သစ်ပင်တွေ ဆိုရင်လည်း သစ်စက်လုပ် ငန်းကြောင့် အကုန်ပြောင်တော့မှာ။ ရေတွေ ညစ်ပြီး သုံးလို့တောင် မရတဲ့ကြား ချောင်းဘေးပတ်ဝန်းကျင်က သစ်ပင်တွေ ခုတ်ပြီး ချောင်းဘေးမှာဘဲ သစ်စက်လုပ်ငန်းတွေလုပ်တော့ သစ်မှုန့်တွေက ချောင်းထဲကို ပြန်ဝင် တော့ ချောင်းက ဒီထပ်ပျက်စီးရုံဘဲ ရှိတော့တယ်” ဟု ပြောသည်။
အထက်ပါ ရွှေတူးဖော်မှုနှင့် သစ်စက်လုပ်ငန်းများ ရပ်တန့်မှုမရှိဘဲ ဆက်လက်လုပ်ကိုင်သွားမည်ဆိုပါက ကျေးရွာ အတွင်း ဆိုးကျိုးများ၊ ထိခိုက်မှုများ ပိုမိုများလာနိုင်သည်ဟု ဖတ်မာဒေသခံတစ်ဦးက KNG ကိုပြောသည်။
“သူတို့တွေ ဒီလို ဆက်လုပ်နေမယ်ဆိုရင် စားဝတ်နေရေးအတွက် လယ်ယာလုပ်ဖို့တောင် တော်တော် ခဲရင်းသွား မယ်။ ရေကလုံးဝ မသန့်ရှင်းတော့ဘူး။ ဒီရေကိုဘဲ ဆက်သုံးနေရင် ရောဂါတွေ ဖြစ်လာမှာ။ သစ်တော ဖြုန်းတီး နေရင် ရာသီဥတုကပိုဆိုးလာမယ်၊ သစ်စက်လုပ်တယ်ဆိုရင်လည်း သစ်မှုန့်တွေကို စနစ်တကျ ပြန်သိမ်းပေးပါ လို့” ဟု ပြောသည်။
ဖတ်မာချောင်းကို အဓိကအသုံးပြုနေသည့် ကျေးရွာများသည် ဖတ်မာကျေးရွာအုပ်စုအတွင်းရှိ လုံဂါယာန်၊ လုံဂါဂေါင်၊ ဖတ်မာဒါး၊ ဖတ်မာဒီ၊ ဖတ်မာဇွပ် အစရှိသည့် ကျေးရွာများဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြခြင်း ဖြစ်သည်။