မဲကနယ်ကျေးရွာအနီးကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်အပြင် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေ

မဲကနယ်ကျေးရွာအနီးကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်အပြင် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း မဲကနယ်ကျေးရွာရှိ ကျောက်တောင်ဒေသအနီးတစ်ဝိုက်ကို ယနေ့ ဧပြီ ၂၂ရက်၊ နံနက် ၁ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်၊ လက်နက်ကြီးများ ဖြင့်ဆက်တိုက် ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကျောက်တောင်ဒေသအနီးတစ်ဝိုက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ဘက်မှ ၎င်းနေရာများသို့ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၃ လုံးကျခဲ့ပြီး လက်နက်ကြီး အချက်ရေ ၅၀ ခန့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“၁ နာရီကနေ ၃ နာရီလောက်မှ အသံငြိမ်တယ်။ တိုက်ပွဲမဖြစ်ပဲနဲ့ ကျောက်တောင်ဘက်ကို တစ်မနက်လုံးပစ် နေတာ။ တစ်ညလုံး လက်နက်ကြီးထုနေတာ အလုံး ၅၀ လောက်ရှိတော့မယ်။ လေယာဉ်နဲ့ဗုံးကြဲချတာက ၃ လုံး”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်မှ မဲကနယ်ကျေးရွာ ကျောက်တောင်၊ ကျောက်မဲစသည့်နေရာများအတွင်းသို့ လက်နက် ကြီးပစ်ခတ်မှုများကြောင့် ၎င်းကျေးရွာထဲရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့ခံများက ပြောသည်။

ထို့အပြင် မြဝတီမြို့နှင့် နီးစပ်သည့် ဘုန်းကြီးကျောင်းကုန်းများတွင် စစ်ကောင်စီ တပ်များက နေရာယူထားပြီး မြို့အပြင်ဘက်ခြမ်းကိုသာ လက်နက်ကြီးပစ်ခတ်နေကြောင်း မြဝတီမြို့ခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။

“အောင်မြေရွှေဘိုအနောက်ဘက် စမတ်တောင်ဘုန်းကြီးကျောင်းအနောက်ဘက်မှာ စကစတွေ နေရာရှိတယ်။ အဲ့ဘက်မှာက မြို့နဲ့နီးတော့ လက်နက်ကြီးမထုကြဘူး။ အတွင်းမဲကနယ်မှာတော့ လက်နက်ကြီးပဲထု နေတာ” ဟုမြဝတီမြို့ခံက ပြောသည်။

စစ်ကောင်စီတပ်များနှင့် ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲအရှိန်မြှင့်တက်လျက် ရှိနေသောကြောင့် ထိုင်း−မြန်မာနယ်စပ်တစ်လျှောက်တွင်လည်း ထိုင်းအာဏာပိုင်းများက လုံခြုံရေး တိုးမြှင့် ထားလျက်ရှိနေကြောင်း ထိုင်းသတင်းဌာနများတွင် ရေးသားဖော်ပြမှုများတွေ့ရသည်။

အလားတူ ဧပြီလ (၂၁)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများ၊ ဟောင်ဝစ်ဇာ အမြှောက်များဖြင့် အကြိမ်ရေများစွာ ပစ်ခတ်မှုများကြောင့် ကျောက်မိုင်းနယ်မြေရှိ နေအိမ် အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မဲကနယ်ကျေးရွာဒေသအနီးတွင် လုံခြုံရေးရယူနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ကော်ဘရာစစ်ကြောင်း၊ Venom စစ်ကြောင်း စသည့် ပူးပေါင်းတပ်ဖွဲ့များ ရှိရာသို့ နယ်မြေရှင်း လင်းရေး လုပ်ဆောင်ရန် စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးဝင်ရောက်ရန် ကြိုးပမ်းနေသလို မြေပြင်လက်နက်ကြီး ပစ်ကူများအပြင် လေကြောင်း ပစ်ကူများကိုပါ ယခုလ ၁၉ ရက်နေ့မှစ၍ စတင်ပစ်ခတ်နေကြောင်း နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

Most read this week

November 19, 2024
ကရင်ပြည်နယ်၊ ဖားအံမှ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သို့ သွားသော...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 18, 2024
ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုလပိုင်းအတွင်း ဈေးမြင့်သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်...
November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...