ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားရုံးကနေ ဒီကနေ့ အပြီးသတ်တရားစီရင်ချိန်မှာ ပုဒ်မ သုံးခုအတွက် ထောင်ဒဏ်(၆)နှစ် ချမှတ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ၅၀၅-ကနဲ့ ထောင်ဒဏ် ၁ နှစ်အပြင် ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်တာဖြစ်တယ်လို့ ဆရာကြီးအမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
လက်ရှိ အမှုတွေအားလုံးအတွက် အယူခံဝင်ဖို့ ဆက်လက်လုပ်ဆောင်သွားဖို့ စီစဉ်နေပြီဖြစ်ပြီး အစွမ်းကုန်ကြိုစားသွားမယ်လို့ ရှေ့နေက ဆက်လက်ပြောပါတယ်။
"အယူခံဝင်မယ်။ ကြိုးစားလို့နိုင်သမျှ အကုန်ကြိုးစားမယ်။ ဒီနေ့ကနေကို စလုပ်နေပါပြီ"လို့ သူက ပြောပါတယ်။
အထက်ပါရှေ့နေရဲ့ ပြောပြချက်အရ ဆရာကြီးအနေနဲ့ ဆုတောင်းကူဖို့ပဲ မှာကြားလိုက်တယ်လို့ ဆိုပါတယ်။
"ဘာမှ မဖြစ်ဘူးနော်။ စိတ်ပျော်ပါတယ်တဲ့။ ဆုတောင်းကူပေးပါတဲ့"လို့ ဆရာကြီးက ပြောကြားလိုက်ကြောင်း ဆိုပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ မိသားစုဝင်တစ်ဦးကလည်း "၆ နှစ်ချလိုက်ကြပြီ။ ဘုရားသခင်ရဲ့ အလိုတော်ပဲပေါ့"လို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးသူအောင်ဇော်ကနေ တရားလိုပြုလုပ်ပြီး မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုခဲ့တာပါ။
ဒါ့အပြင် မတ်လ ၁၄ ရက်နေ့မှာလည်း အကြမ်းဖက်ပုဒ်မ ၅၂(က)နဲ့ပါ ထပ်တိုး တရားစွဲဆို ခံခဲ့ရပါတယ်။
၂၀၂၂ခုနှစ် ဇန်နဝါရီလထဲမှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ကို သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပုဒ်မ၁၇(၁)၊ အာရှနိုင်ငံအတွင်းက လူငယ်ဆွေးနွေးပွဲတစ်ခုမှာ ‘ခရစ္စတော်၌ နိုင်ငံတော်ကိုတည်ထောင်ကြပါစို့’ဆိုတဲ့ ခေါင်းစဉ်နဲ့ဝေမျှတဲ့အချိန်မှာ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးအသုံးအနှုန်းတွေ တွေ့ရတယ်ဆိုပြီး ပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုခဲ့တဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ပညာရေးဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်တို့နဲ့ သွားရောက်တွေ့ဆုံတယ်ဆိုပြီး ၅၂(က)အမှုတစ်ခုနဲ့ ထပ်တိုးစွဲဆိုခံခဲ့ရတာ ဖြစ်တယ်ပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဘက် ဆေးစစ်ဖို့သွားတဲ့အချိန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံလိုက်ရတာလည်း ဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီးနောက် ဆရာကြီးအနေနဲ့ မြစ်ကြီးနား စစ်တပ်စစ်ကြောရေးမှာ ၂၄ ရက် လုံးလုံး ဘယ်သူနဲ့မှ အဆက်အသွယ် မရရှိဘဲ နေခဲ့ရတဲ့အပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ အကျဉ်းထောင်ဘက်ကို ရွှေ့ပြောင်းခဲ့ပါတယ်။