မြန်မာနိုင်ငံရဲ့ မြောက်ဘက်အစွန်ဆုံးက သဘာဝတောတောင်ရေမြေ သာယာလှပပြီး သယံဇာတပေါကြွယ်ဝပြီး ရေခဲတောင်တွေနဲ့ ဝန်းရံထားတဲ့ ပူတာအိုဒေသဟာ ပြည်တွင်းပြည်ပက လာရောက်လည်ပတ်လိုသူတွေ များပြားလေ့ရှိပါတယ်။
ရေခဲတောင်တက်ကာလဖြစ်တဲ့ နိုဝင်ဘာလကနေ မေလအထိ ပူတာအိုဒေသဟာ အလည်အပတ်လာရောက်သူတွေနဲ့ နေ့စဉ်စည်ကားလို့နေပြီး ဒေသခံတွေအတွက် ဝင်ငွေကောင်းတဲ့ အချိန်အခါတစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့ ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခြေနေတွေကြောင့် ပြည်တွင်းပြည်ပ ခရီးသွားတွေ၊ ရေခဲတောင်တက်သမားတွေ လာရောက်လည်ပတ်မှုမရှိဘဲ ခရီးသွားလုပ်ငန်းကျဆင်းတာ ၂ နှစ်နီးပါးရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အစောပိုင်းကစပြီးတော့ ခရီးသွားတွေ ပြန်လည်ဝင်ရောက်နေကြပြီ ဖြစ်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
တောင်တက်ခရီးမဟုတ်တဲ့ သာမန်ခရီးသွားတွေကတော့ ပူတာအိုမြို့ပေါ်က ကောင်းမူလုံဘုရား၊ ကျောက်နဂါး၊ ပူတောင်း၊ နတ်ကျွန်း ရေလယ်ဘုရား၊ နမ့်ခမ်းရွာရေတံခွန်နဲ့ မူလာရှီးဒီးကြိုးတံတား-စတဲ့နေရာတွေကို သွားရောက်လည်ပတ်လေ့ ရှိပါတယ်။
ရေခဲတောင်တက်သမားတွေအတွက် တက်လို့ရတဲ့တောင် ၂၀ ကျော်လောက်ရှိပြီး ရာသီဥတုအခြေအနေနဲ့ လမ်းခရီးခက်ခဲကြမ်းတမ်းမှုတွေကြောင့် ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီ၊ ဖန်ဂရန်ရာဇီနဲ့ မဒွယ်-စတဲ့ ရေခဲတောင် ၄ လုံးကိုသာ အဓိကထားပြီး အများဆုံးတက်ရောက်ကြတာ ဖြစ်ပါတယ်။
ဒီဒေသကို လာရောက်ကြတဲ့တောင်တက်အဖွဲ့ဟာ ဒီနှစ်အစကနေ မတ်လအထိ အဖွဲ့ ၃၀ ကျော်ရှိနေပြီဖြစ်တယ်လို့ Trekking In Myanmar ခရီးသွားလုပ်ငန်းရဲ့ ခရီးသွားတာဝန်ခံ ကိုမိုးမင်းသိန်းက ပြောပါတယ်။
“အခုမှ စဖွင့်တာဆိုတော့ လာတဲ့သူတော့ များပါတယ်။ တချို့ဆိုရင် အယောက် ၂၀ အဖွဲ့တို့ နောက် ၃၀ တို့ ၁၇ ယောက် ၁၈ ယောက်အုပ်စုတွေ အဲဒီလိုမျိုးတွေတော့ လာနေကြတာများပါတယ်။”လို့ ကိုမိုးမင်းသိန်းက ဆိုပါတယ်။
နိုင်ငံခြားသားခရီးသွားတွေကိုတော့ ၂၀၁၆ ဒီဇင်ဘာလကတည်းက တောင်တက်ခွင့်ရပ်ဆိုင်းထားပြီး အခုချိန်ထိလည်း ခွင့်ပြုတာ မရှိသေးပါဘူး။ ဒါ့အပြင် နိုင်ငံခြားသားဧည့်သည်တွေကို ပူတာအိုမြို့ရဲ့ ၁၁ မိုင်အထွက် အထက်ဆန်ဂေါင်ကျေးရွာအထိပဲ သွားလာခွင့်ပြုထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အခုချိန်မှာတော့ ပူတာအိုဒေသကို နိုင်ငံခြားသားခရီးသည်တွေအပါအဝင် မြန်မာပြည်အောက်ဘက်ပိုင်း ရန်ကုန် ၊ မန္တလေး ၊ မော်လမြိုင် ၊ထားဝယ် ၊ ဘိတ်(မြိတ်)- စတဲ့ဒေသတွေကပြည်သူတွေပါ လာရောက်လည်ပတ်တာတွေရှိနေပြီဖြစ်ပါတယ်။
လာရောက်လည်ပတ်ကြတဲ့သူတွေထဲက အများစုဟာ တောင်တက်ခရီးစဉ်အနေနဲ့ လာရောက်ကြတာဖြစ်ပြီး အန္တရာယ်နည်းပါးပြီး အမြင့်ပေ တစ်သောင်းနှစ်ထောင်နီးပါး (၁၁,၉၂၀ ပေ) ရှိတဲ့ ဖုန်ကန်ရာဇီတောင်တစ်ခုတည်းကိုသာ အဓိကတက်ရောက်ကြတာ ဖြစ်တယ်လို့ ပူတာအိုဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ကျန်တဲ့ ဖုန်ရင်တို့ ဖုန်ရန်တို့ မဒွယ်ရာဇီတို့ကျတော့ ကျောက်သားတောင်ဖြစ်တဲ့အတွက်ကြောင့် ခဲရာခဲဆစ်တက်ရတယ်။ သူက ကြိုးသုံးရတဲ့ အခန်းကဏ္ဍတွေရှိတယ်။ ဖုန်ကန်ရာဇီကတော့ သာမန်တောင် အမြင့်ပိုင်းတက်သလို အေးရာအေးကြောင်း လျှောက်ပြီးတက်သွားတဲ့လမ်းခရီးတွေပဲ ရှိတဲ့အတွက်ကြောင့် အန္တရာယ်မဖြစ်နိုင်တဲ့တောင်ကိုပဲ ဦးစားပေးပြီးမှ လိုက်ပို့ပေးတယ်။” အထက်ပါဒေသခံက ဆိုပါတယ်။
ဖုန်ကန်ရာဇီရေခဲတောင်ဟာ ပူတာအိုမြို့နဲ့ ၅၃ မိုင်လောက်ကွာဝေးပြီး ပူတာအိုမြို့ကနေ တက်မယ်ဆိုရင်တော့ တစ်ပတ်နီးပါး ကြာမြင့်ပါတယ်။
တခြား ဖုန်ရင်နဲ့ဖန်ဂရန်စတဲ့ ရေခဲတောင်တွေကတော့ ဖုန်ကန်ရာဇီထက် သွားလာရ ပိုမိုခက်ခဲတဲ့အပြင် ၁၄ ရက်ကနေ တစ်လနီးပါးအထိ ကြာမြင့်နိုင်ပြီး တစ်ဦးချင်းနဲ့ လူဦးရေအလိုက် ကျပ် ၉ သိန်းက ကျပ်သိန်း ၂၀ ကျော်အထိ ကုန်ကျတယ်လို့လည်း သိရပါတယ်။
ဖုန်ကန်ရာဇီတောင်တက်ဖို့အတွက် ကားလမ်းဟာ အထက်ဆန်ဂေါင်ကျေးရွာအထိသာရှိပြီး ပူတာအိုမြို့နဲ့ အထက်ဆန်ဂေါင်ကျေးရွာဟာ ၁၀ မိုင်လောက်ကွာဝေးပါတယ်။ အထက်ဆန်ဂေါင်ကျေးရွာကနေ ဇီယာဒမ်းကျေးရွာအထိဆိုရင်တော့ ခြေလျင်ခရီးနဲ့သာ သွားလာနိုင်မှာ ဖြစ်ပါတယ်။
တခြား ဖုန်ရင် ၊ ဖန်ဂရန် စတဲ့ ရေခဲတောင်တွေသွားဖို့အတွက်လည်း ဇီယာဒမ်းကျေးရွာကနေပဲ လမ်းခွဲပြီး သွားရတာဖြစ်တယ်လို့ ရေခဲတောင်တက်လမ်းပြ လုပ်ကိုင်သူတွေက ပြောပါတယ်။
ဇီယာဒမ်းကျေးရွာဟာဆိုရင် ဖုန်ကန်ရာဇီရေခဲတောင် တက်ဖို့သွားတဲ့ လမ်းတစ်လျှောက်က နောက်ဆုံးကျေးရွာဖြစ်ပြီး အဲဒီကနေတော့ တောစခန်းတွေကို ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။ အထက်ဆန်ဂေါင်ကျေးရွာကနေ ဇီယာဒမ်း ကျေးရွာအထိ ၂၁ မိုင် ကွာဝေးပြီး ဇီယာဒမ်းကနေ ဖုန်ကန်ရာဇီအထိကို ၂၂ မိုင်လောက်ကွာဝေးပါတယ်။
မြေပြန့်လွင်ပြင် အနည်းငယ်သာရှိပြီး တောင်ကုန်း၊ တောင်တန်းတွေပေါများတဲ့ ပူတာအိုဒေသမှာဆိုရင် တခြားဒေသတွေလို အလုပ်အကိုင်တွေ မများတာကြောင့် ဒေသခံအများစုဟာ ဒေသထွက်ဆေးမြစ်တွေ ရောင်းချကြသလို ခရီးသွားဧည့်သည်တွေကို အမှီပြုပြီး ရိုးရာအသုံးအဆောင်ပစ္စည်းတွေ ရောင်းချကြပါတယ်။ ရေခဲတောင်တက်ကာလတွေမှာတော့ လမ်းပြနဲ့ အထမ်းသမားတွေအဖြစ် အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ခရီးသွားတွေ မလာကြတာကြောင့် ရေခဲတောင်တက် လမ်းပြအလုပ်ကို ရပ်နားခဲ့ရပြီး စားဝတ်နေရေးအတွက် ရရာအလုပ်တွေကိုသာ ဝင်ရောက်လုပ်ကိုင်ခဲ့ရပေမဲ့ အခုအခါမှာတော့ ခရီးသွားတွေ ပြန်လည်ဝင်ရောက်လာကြပြီဖြစ်လို့ ပြန်လည်လုပ်ကိုင်နိုင်နေပြီဖြစ်ကြောင်း ၄ နှစ်ကျော်ကြာ တောင်တက်လမ်းပြအဖြစ် လုပ်ကိုင်နေတဲ့ ကိုသားငယ်က ပြောပါတယ်။
“ခရီးသွားတွေမလာရင်တော့ ကျနော်တို့ ဒီတိုင်းပဲရတဲ့အလုပ်လေး လုပ်ရတာပေါ့။ ရှိတဲ့အလုပ်လေးလိုက်ရှာ၊ နေ့စားတွေလိုက်လုပ်။ ကားမောင်းဆိုလည်း ကားမောင်းသွားတယ်။ ” ကိုသားငယ်က ဆိုပါတယ်။
အခုလို ခရီးသွားတွေ ပြန်လည်ဝင်ရောက်လာတဲ့အတွက် အရောင်းအဝယ်လုပ်ငန်းတွေလည်း ပုံမှန်အနေထားပြန်ဖြစ်လာပြီး အရင်ကဆိုရင် ရောင်းအားမကောင်းလို့ တစ်နေကုန်စုဆောင်းနေရတဲ့ အခြေအနေကနေ ဒီကာလမှာတော့ ပုံမှန်ရောင်းအားလေးတွေ ပြန်ရှိလာတယ်လို့ ကုန်ခြောက်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ခရီးသွားဧည့်သည်တွေက ပူတာအိုကို လေကြောင်းနဲ့ကုန်းကြောင်း နှစ်ခုစလုံးကနေ လာရောက်လေ့ ရှိပါတယ်။ နိုင်ငံခြားသားတွေအပါအဝင် အနယ်နယ်အရပ်ရပ်က ခရီးသွားတွေဟာ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားကနေတစ်ဆင့် ပူတာအိုမြို့ဘက်ကို လာရောက်ကြပြီး မြစ်ကြီးနား - ပူတာအိုကားလမ်းဟာ ၂၁၈ မိုင်နဲ့ လေကြောင်းလမ်းကနေဆိုရင် ၁၃၆ မိုင်ရှိပါတယ်။
မြန်မာပြည်အောက်ဘက်ပိုင်းကနေ ပူတာအိုဘက်ကို ကုန်းကြောင်းဖြစ်တဲ့ ကားလမ်းကနေလာမယ်ဆိုရင် လမ်းခရီးတစ်လျှောက်မှာ တိုက်ပွဲတွေနဲ့ အစစ်ဆေးတွေ များလွန်းတာကြောင့် အခုချိန်မှာ ဧည့်သည်အများစုဟာ လေကြောင်းကိုသာ အဓိကအားထားပြီး လာရောက်နေကြရတာဖြစ်ပါတယ်။
လေကြောင်းလမ်းကို အဓိကအားထားနေရပေမဲ့လည်း ပူတာအိုကို ပြေးဆွဲနေတဲ့လေကြောင်းလိုင်းက တစ်လိုင်းတည်းသာ ရှိနေတဲ့အတွက် ခရီးသွားတွေ များသင့်သလောက်မများနိုင် ဖြစ်နေသေးတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
“လေကြောင်းကို ဦးတည်ပြီး စဉ်းစားမယ်ဆိုတဲ့အခါကျတော့ မြန်မာ့လေကြောင်းလိုင်းလည်း မပြေးဘူး။ Air KBZ တစ်ခုတည်းပြေးတဲ့အတွက်ကြောင့် လူကနည်းသွားတာ။ တကယ်တမ်း လေယာဉ်လက်မှတ် ဖောဖောသီသီ ဝယ်လို့ရမယ်ဆိုရင်တော့ ပူတာအိုခရီးသွားတွေက အလာများတယ်။” လို့ ဒေသခံက ဆိုပါတယ်။
တစ်ဖက်မှာလည်း ဖုန်ကန်ရာဇီရေခဲတောင်ကို တက်ကြတဲ့ တောင်တက်ခရီးသည်တွေ များပြားလာပေမဲ့ နောက်ဆက်တွဲအနေနဲ့ ပလပ်စတစ်နဲ့ စွန့်ပစ်အမှိုက်တွေ ပေါများလာတာနဲ့ သစ်ပင်တွေခုတ်ပြီး ထင်းအဖြစ် အသုံးပြုနေတာတွေကြောင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းပျက်စီးစေတယ်လို့ ထောက်ပြပြောဆိုမှုတွေလည်း ရှိလာပါတယ်။
အခုလို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေ ဖြစ်လာတာကလည်း ဒေသခံမဟုတ်တဲ့ ပြင်ပက တောင်တက်ခရီးဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေ ပေါလာတာနဲ့ စည်းကမ်းမလိုက်နာဘဲ အပျော်တမ်းတောင်တက်ကြတာတွေ များလာတဲ့အတွက်ကြောင့် ဖြစ်တယ်လို့လည်း ဝါရင့်တောင်တက်သမားတစ်ဦးဖြစ်တဲ့ ကိုဇေက အခုလို ပြောပါတယ်။
“ဒီရေခဲတောင်ကို ပိုက်ဆံရှိရင် သွားလို့ရလောက်တဲ့အထိ လွယ်ကူသွားပြီ။ ပြီးရင် ဖုန်ကန်ကလည်း အန္တရာယ်မရှိသလောက်ကို သွားရတာလည်းလွယ်တော့ ပိုက်ဆံရှိတဲ့သူတွေက စိတ်ဝင်စားလာတယ်။ စိတ်ဝင်စားလာတဲ့နောက်မှာ Tour (ခရီးသွားဝန်ဆောင်မှုလုပ်ငန်း)တွေက များလာတယ်။ များလာတဲ့ထဲမှာမှ Tour တွေထဲမှာ ဒေသခံမဟုတ်တဲ့သူတွေ ပါဝင်လာတယ်။ ဟို(ခရီးသည်တွေ)ကလည်း ရေခဲတောင်ထိပ်ရောက်ရင်ပြီးရော ဆိုတဲ့နေရာမှာ ဒီတောင်တက်သမားတစ်ယောက်ရဲ့ စောင့်ထိန်းရမှာတွေ ဘာတွေသူတို့ မသိတော့ဘူးပေါ့။ ကျနော်တို့ဆိုရင် အမှိုက်ပစ်တာကို တင်းတင်းကြပ်ကြပ် တားမြစ်တယ်။ သူတို့ကျတော့ အဲဒါတွေမသိဘူးပေါ့။” ကိုဇေက ရှင်းပြပါတယ်။
ဖုန်ကန်ရာဇီရေခဲတောင်ကို လာတက်ကြသူတွေအနေနဲ့ အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်ဖို့လိုအပ်ပြီး ရေခဲတောင်တက် အတွေ့အကြုံရရှိလိုသူတွေ အနေနဲ့လည်း ဖုန်ကန်ရာဇီကနေ စတင်ဖို့ အကြံပြုလိုတယ်လို့လည်း ကိုမိုးမင်းသိန်းက ပြောပါတယ်။
“အဓိကတောက်တက်ချင်တဲ့သူတွေ အနေနဲ့ကတော့ ပထမဦးဆုံးဆိုရင် ဖုန်ကန်ကိုပဲ တက်သင့်တယ်ပေါ့နော်။ အတွေ့အကြုံမရှိဘဲ တခြားတောင်တွေကို တက်မိသွားတယ်ဆိုရင်တော့ ကိုယ့်အတွက် ဆုံးရှုံးမှုတွေ အများကြီးဖြစ်သွားမှာပေါ့။ ပြီးလို့ရှိရင် ကိုယ်ခရီးသွားပြီဆိုရင်တော့ အဓိက အမှိုက်တွေ သေချာသိမ်းဖို့ လိုအပ်တယ်ဆိုတာလေးတော့ ပြောချင်ပါတယ်။”