စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များက နှစ်ရက်အတွင်း ကျေးရွာ ၃ ရွာကို မီးရှို့ခဲ့ကြောင်း ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
ဧပြီလ ၂ ရက်နေ့က ကိုးထောင်ဘို့အထိုင် ခလရ ၁၃၇ တပ်ဖွဲ့နှင့် ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ဖွဲ့များက စစ်ကြောင်း ၂ ခုခွဲကာ ကန့်ဘလူတောင်ဘက်ခြမ်းရှိ ဉာဏ်အင်းကျေးရွာ၊ အင်းလယ်ကြီးကျေးရွာနှင့် မြောက်ဘက်ခြမ်းရှိ လျှော်ဖြူကုန်းကျေးရွာကို မီးတင်ရှို့ခဲ့ခြင်းဖြစ်သည်ဟု ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဉာဏ်အင်းနဲ့ လျှော်ဖြူကုန်းက ၂ ရက်နေ့ မနက်ပိုင်းက မီးရှို့ခံခဲ့ရတာပါ။ စစ်ကြောင်းက နှစ်ကြောင်းပါ မနေ့ကတော့ အင်းလယ်ကြီး ကျေးရွာကို ရှို့သွားပါတယ်။ အင်းလယ်ကြီးနဲ့ ဉာဏ်အင်းကိုရှို့တာက ၆၀၀၆ တင့်ကားတပ်လို့ သိရပါတယ်“ဟု ဆိုသည်။
မီးရှို့ခံရမှုကြောင့် လျှော်ဖြူကုန်းကျေးရွာမှ နေအိမ်အလုံး ၆၀ ၊ ဉာဏ်အင်းကျေးရွာမှ နေအိမ် အလုံး ၄၀ မီးလောင်ခဲ့ပြီး အင်းလယ်ကြီးကျေးရွာ၏ မီးလောင်မှုအရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သူက ပြောသည်။
ကန့်ဘလူတွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က နေအိမ်များကို အကြောင်းမဲ့ မီးရှို့နေသည်ဟု ဒေသခံများပြောသည်။
ထို့အပြင် ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ကလည်း ထန်းကုန်းတိုက်နယ် ညောင်ဇင်ကြီးကျေးရွာက နေအိမ် ၃၀ ကျော်ကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ပြီး သက်တော် ၆၀ နှစ်ရှိကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပြင် စိတ်ကျန်းမာရေးမကောင်းသော အမျိုးသားတစ်ဦးကိုလည်း မီးရှိုသတ်ဖြတ်ခဲ့သည်ဟု ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူများအဖွဲ့မှ သိရသည်။