စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့နယ်မှာ ၁၀ နှစ်အောက်ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၈ ဦးသေဆုံး

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့နယ်မှာ ၁၀ နှစ်အောက်ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၈ ဦးသေဆုံး

ခိုနူမ်းသုန်သတင်း၊ ၃၁ မတ် ၂၀၂၃ ချင်းပြည်နယ် ထန်တလန်မြို့နယ် ခွါဖိုး (Khuafo) ကျေးရွာထဲကို ယမန်နေ့ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက်ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး အယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့မှ ၃ မိုင်ခန့်ကွာဝေးသော ခွါဖိုးကျေးရွာတွင် ယမန်နေ့ မနက်ပိုင်း ၁၀ နာရီခန့်မှာ မြေပြင်တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိပဲ စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်အပါအဝင် Mi35 ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက “စစ်ကောင်စီရဲ့ ဗုံးကြဲလေယာဉ်နဲ့ Mi35 က ဗုံးကြဲတယ် တိုက်ခိုက်တယ် ဗုံးအရေအတွက်က ၉ ကြိမ်လောက်ကြဲချတယ် ခုတလော အဲဒီတဝိုက်မှာ မြေပြင်တိုက်ပွဲတွေဘာမှမရှိဘူး အဲဒီချိန်မှာစစ်ကောင်စီက လာပြီးတော့ ဗုံးကြဲတိုက်ခိုက်မှု လာလုပ်တာပါ” ဟု ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူထဲမှာ အသက် ၆ နှစ်နှင့် ၉ နှစ်အရွယ်ကလေးငယ် ၂ ဦးနှင့် အမျိူးသမီး ၅ ဦးလည်း ပါဝင်သည်ဟု သိရသည်။

ဒဏ်ရာရရှိသူများထဲတွင်လည်း ၉ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦးလည်း ပါဝင်သည်ဟု သိရသည်။

ယခုကဲ့သို့ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ကောင်စီအနေဖြင့် သူလုပ်နေကြ အရပ်သားပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီကပြောသည်။

“ရွာထဲမှာ မီးရှိုမှုတွေ တိုက်ခိုက်မှုတွေလုပ်ပြီးဆိုရင် သူတို့အကြောင်းပြလေ့ရှိတာက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်တွေရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျေးရွာတွေ စစ်ဘေးရှောင်စခန်းတွေကို မဲပြီးတော့ လုပ်တာ ဖြစ်တယ်၊ အဲဒီရွာငယ်လေးက ကျနော်တို့ချင်းအမျိုးသားတပ်မတော်၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေမှရှိပါဘူး၊ ထန်တလန်မြို့အောက်မှာရှိတဲ့ စစ်ရေးအရခြေကုပ်ယူလို့မကောင်းတဲ့နေရာဖြစ်ပါတယ်၊ အဲဒါကို ဒီလိုလုပ်လာတယ်ဆိုတော့ အရပ်သားပြည်သူကို တမင်သက်သက်ဦးတည်ပြီးတော့ တိုက်ခိုက်တာဖြစ်တယ်” ဟု ဆလိုင်းထက်နီကပြောသည်။

ပြီးခဲ့သည့်မတ်လ ၂၇ ရက်နေ့ကကျရောက်သော ၇၈ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NUG, PDF များကို ကူညီ ပံ့ပိုးနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO များကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ရှိရာ ထန်တလန်မြို့နယ်ထဲက ကျေးရွာတစ်ရွာကို ဗုံးကြဲတိုက်ခိုက်လာခြင်းလည်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ချင်းပြည်နယ်တွင် မြေပြင်ထိုးစစ်ထက် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီ ၂ လအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၁၀၀ ကျော် ပြုလုပ်ခဲ့သည်။

Most read this week

November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...