“ကျမတို့မသန်စွမ်းတွေက နံရံတွေ အထပ်ထပ်ကာထားတဲ့ အိမ်ထဲမှာပဲ နေနေရတယ်။ တစ်ချို့ရင်ထဲမှာ စကားသံတွေရှိတယ်။ အပြင်ကိုမထွက်နိုင်ဘူး။ အပြင်ကိုအဲဒီစကားသံတွေထွက်လာအောင် သက်ဆိုင်ရင်နဲ့ ဘေးပတ်ဝန်းကျင်ကလူတွေကို တံခါးဖွင့်ပေးစေချင်တယ်။ ကျမတို့စကားသံတွေကို နားထောင်ပေးစေချင်တယ်။”
မခင်ခင်ဇော် (ရွှေရခိုင် မသန်စွမ်းသူများအဖွဲ့ အလုပ်အမှုဆောင်ကော်မတီ)
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က လူဝင်မှုကြီးကြပ်ရေးဌာနမှ ကောက်ခံထားတဲ့ သန်းခေါင်စာရင်းအရ မသန်စွမ်းဦးရေမှာ ၆ သန်းခန့်ရှိနေပြီး ရခိုင်ပြည်နယ် မသန်စွမ်းဦးရေ ၅၀၅၅၃ ရှိကာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုအထဲမှာ အများဆုံးအဆင့်မှာ ရှိနေပါတယ်။ ဒေသအတွင်း စီးပွားရေး လူမှုရေး အဘက်ဘက်က ချွတ်ခြုံကနေတဲ့ ပြည်နယ်တစ်ခုမှာ မသန်စွမ်းသူတွေရဲ့ အခြေအနေဟာလည်း တစ်နေ့ထက် တစ်နေ့ ဆိုးရွားလာနေပါတယ်။ ဒီအထဲမှာ ခွဲခြားဆက်ဆံရမှု၊ နှိမ့်ချဆက်ဆံခံရမှုတွေ၊ ဖယ်ကြဉ်းခံရမှုတွေဟာ မသန်စွမ်းသူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ခါးသီးလှတဲ့ ဘ၀ဒိုင်ယာရီ အစိတ်အပိုင်းတွေဖြစ်နေကြရပါတယ်။ ဒီလို အခက်အခဲ စိန်ခေါ်မှုတွေကြားထဲမှာ ဘ၀ကို အရှုံးမပေး ရင်ဆိုင်ဖြတ်သန်းနေသူ တစ်ဦးလည်းရှိပါတယ်။ သူကတော့ မခင်ခင်ဇော် (ရွှေရခိုင် မသန်စွမ်းသူများအဖွဲ့ အလုပ်အမှုဆောင်ကော်မတီ) ဖြစ်ပါတယ်။ သူမရဲ့ လက်ရှိ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ဘ၀အခြေအနေ၊ တစ်ခြား မသန်စွမ်းသူများရဲ့ အနေအထားတွေကို မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။
မေး- လက်ရှိ ရခိုင်ကမသန်စွမ်းတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲသိချင်ပါတယ်။
ဖြေ- အခုလက်ရှိမှာတော့ နိုင်ငံရေးမကောင်းလို့ စီးပွားရေးကြပ်တည်းတဲ့အခါ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ပတ်သက်တဲ့ အခက်အခဲတွေကတော့ လူတိုင်းမှာရှိကြပါတယ်။ ဆိုတော့ ပိုပြီးသက်ရောက်တာကေတော့ မသန်စွမ်းတွေကို ပိုပြီးသက်ရောက်တယ်။ နောက်ပြီး မသန်စွမ်းသူအထဲမှ တစ်ခါ မသန်စွမ်းအမျိုးသမီးကို ပိုပြီးသက်ရောက်မှုရှိပါတယ်။ ဘာလို့ ပိုပြီးသက်ရောက်လဲဆိုတော့ ဒီခေတ်ကြီးထဲမှာ ကိုယ့်ဝမ်းစာကိုယ်ရှာဖွေပြီး လုပ်စားနိုင်တဲ့လူတောင်မှ အရမ်းခက်ခဲတဲ့အခါ မသန်စွမ်းသူတွေက ပိုဆိုးတယ်။ နောက်တစ်ခုက မသန်စွမ်းထဲမှာ တချို့ဆိုရင် လက်မသန်စွမ်း၊ ခြေမသန်စွမ်းရှိကြတယ်။ ခြေမသန်စွမ်းပေမယ့် လက်နဲ့လုပ်စားတဲ့ အလုပ်အကိုင်တွေရှိတယ်။ ကိုယ်တတ်နိုင်တဲ့ဖက်က အလုပ်တွေကိုလုပ်ကိုင်နေတဲ့အခါမှာ အခက်အခဲတွေအမျိုးမျိုးတွေ့ရတယ်။ အခုကာလမှာ သွားလာနေရတာတွေ လုံခြုံမှုမရှိဘူး။ မလုပ်စားလို့လည်းမရဘူး၊ လုပ်စားပြန်တော့လည်း လုံခြုံမှုမရှိဘူး။ ရခိုင်မှာ ပြီးခဲ့တဲ့နှစ်တွေကနေ စစ်ဖြစ်တာမလား။ စစ်ဖြစ်တဲ့အခါ စစ်ပွဲရဲ့သက်ရောက်မှုတွေက စီးပွားရေးအခက်အခဲတွေ ဖြစ်လာတယ်။ နောက်ဆုံးမှာလူတွေက ဆင်းရဲမှုတွေဖြစ်ပြီး ငတ်မွတ်မှုအထိဖြစ်လာတော့ ခိုးမှု၊ လုမှု၊ သတ်မှုတွေဖြစ်လာတယ်။ အဲဒီအခက်ခဲတွေကိုကျော်လွှားပြီးတော့ လုပ်စားနေတဲ့အခါ အဆင်မပြေမှုတွေအများကြီးရှိတယ်။ အဲဒီအထဲမှာ မသန်စွမ်းအမျိုးသမီးတွေဟာ လုပ်ကိုင်နေရတော့ တစ်ချို့က အားမနာမှုတွေဖြစ်လာတယ်၊ အထင်သေးတာတွေရှိတယ်။ လုံခြုံမှုတွေမရှိဘူး။ သူတို့ရဲ့ဂုဏ်သိက္ခာကို ထိပါးဖို့ကြိုးစားနေကြတယ်။ အမဆိုရင်လည်း ကိုယ်တိုင်ကြုံနေရတယ်။ အမဆိုရင် ဆိုင်ဖွင့်တယ်။ အမဆိုင်ဖွင့်လို့ဆယ်ရက်လောက်ကြာတာနဲ့ စစ်ပွဲဖြစ်တယ်။ စစ်ပွဲကိုအားတင်းပြီးတော့ ဆိုင်ဖွင့်တုန်း ကိုဗစ်ကပေါ်လာတယ်။ တစ်ယောက်တည်း အခက်အခဲတွေ ဘယ်လောက်ရှိမလဲဆိုတာ။ အဲဒီထဲမှာ ကိုဗစ်ပေါ်ရင်လည်းပေါ် ရခိုင်မှာက အခြားပြည်နယ်လောက်ကို ဗစ်အများမဖြစ်တော့ ကိုယ်ကအားတင်းပြီးလုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းကဆိုရင် အရမ်းအခက်အခဲတွေရှိတယ်။ စိတ်ဆင်းရဲမှုတွေအများကြီးကြုံရတယ်၊ လူလည်း ပင်ပန်းခဲ့ရတယ်။ ဆိုင်ခန်းခကိုလည်း အဲဒီတုန်းကဆိုရင် တစ်လတစ်လကို ငွေငါးသောင်းတောင်မဝင်ဘဲနဲ့ ငွေငါးသောင်းပေးရတယ်။ ဒါပေမယ့်အားတင်းထားခဲ့တယ်။ အဲဒီကြားထဲမှာ နှောင့်ယှက်မှုတွေ ပေါ်လာတယ်။ စိတ်ပိုင်းဆိုင်ရာလည်းနှောင့်ယှက်ခံရတယ်၊ ဂုဏ်သိက္ခာနဲ့လည် အားမနာလုပ်ခံရပြီး နှောင့်ယှက်ခံရတာရှိတယ်။ ဒီလိုတွေဖြစ်နေတော့ မိသားစုဝင်တွေကလည်း စိတ်မချတော့ဘူး။ စစ်ပွဲဖြစ်တဲ့အခါ ပိုလို့လုံခြုံမှုမရှိဘူး။ ဆိုင်ဖွင့်ဖို့ဆိုင်ကိုရောက်ရုံပဲရှိသေးတယ်၊ လက်နက်ကြီး ပေါက်တယ်။ အခြားသူတွေက ပြေးကြတယ်၊ လွှားကြတယ်။ ကိုယ်ကမပြေးနိုင်ဘူး။ အဲဒီမှာအဆင်ပြေသလိုနေရတယ်။ နောက်တစ်ခုစစ်ကြောင်းတက်လာပြန်တော့လည်း အိမ်ကလူတွေကစိတ်မချဘူး။ မိသားစုတွေကလည်း စိတ်လုံခြုံမှုမရှိတော့ မလုပ်တာဘဲကောင်းတယ်ဆိုပြီး ရပ်ခဲ့ရတယ်။ အဲဒီကြားထဲမှာ နောက်တစ်ခုရှိလာတယ်။ မသန်စွမ်းအမျိုးသမီးမို့လို့ ပတ်ဝန်းကျင်ကအားမနာဘဲ အနှောင့်အယှက်ပြုလာတယ်။ အဲဒီလိုတွေဖြစ်လာတော့ ကိုယ်ကလည်းစိတ်လုံခြုံမှုမရှိတော့ဘူး။ တိုက်ပွဲကြောင့်၊ ရောဂါကြောင့်နဲ့လည်း စိတ်ဆင်းရဲနေရတယ်။ ဘေးပတ်ဝန်းကျင်မှာလည်း အဲဒီလို အခြေအနေတွေကြုံရတော့ မလုပ်တာကောင်းတယ်ဆိုပြီး အိမ်တွင်းနေတယ်။ အခုချိန်မှာလည်း အဲဒီလို မသန်စွမ်းတွေလုံခြုံမှုမရှိဘူး။ လုံခြုံမှုမရှိတာကလည်း အိမ်တွင်းအကြမ်းဖက်ခံရတာတွေ ရှိတယ်။ စီးပွားရေးအဆင်မပြေမှုတွေဖြစ်လာတော့ အိမ်ထဲမှာလည်းမသန်စွမ်းတွေအနေနဲ့ လူမမြင်ရတဲ့အခက်အခဲတွေကြုံရတယ်။ အခုဆိုရင် တရားဥပဒေစိုးမိုးမှုနည်းလာတော့ အမျိုးမျိုးအကြမ်းဖက်မှုတွေ ကြုံနေရတယ်။ ခိုးမှုသော်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တွေသော်လည်းကောင်း မည်သူမည်ဝါလို့မရှိ ကြုံနေရတဲ့အခါ မိသားစုဝင်တွေကလည်း ကိုယ့်သားသမီးအပေါ် စိတ်ပူလာတယ်။ ကိုယ့်ကိုလည်း မသန်စွမ်းဖြစ်တဲ့အတွက် ပိုပြီးစိတ်ပူလာတယ်။ နောက်ပြီးမသန်စွမ်းအမျိုးသမီးတွေ အကြမ်းဖက်အတင်းဓမ္မပြုကျင့်ခံရတဲ့ကိစ္စတွေ ကြားလာရတော့ အဲဒါတွေကလည်း ကိုယ့်ကိုခြောက်လန့်နေတယ်။
မေး- နောက်ပြီးရခိုင်မှာရှိနေတဲ့ မသန်စွမ်းသူတွေအတွက် ဘ၀ရပ်တည်နိုင်အောင်ဘာတွေ လုပ်ဆောင်ပေးရင်ကောင်းမလဲလို့ အမတို့မြင်မိပါသလဲ။
ဖြေ- မသန်စွမ်းတွေမှာ ကိုယ်လုပ်နိုင်တဲ့အပိုင်းရှိသလို မလုပ်နိုင်တဲ့အပိုင်းလည်းရှိတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာက အမတို့လုပ်နေတာတွေလည်းရှိတယ်။ သူတို့ကဘာတွေပြောလာလဲဆိုတော့ တစ်ချို့မသန်စွမ်းဆိုတာက အထောက်အကူပြုပစ္စည်းအသုံးပြုဖို့လိုသလို တစ်ချို့ကလည်း မလိုဘူးပေါ့နော်။ အဲတော့ အထောက်အကူပြုပစ္စည်းအစား စားဝတ်နေရေးအတွက် ထောက်ပံ့ ပေးပါလားဆိုပြီး ပြောတာတွေရှိတယ်။ နယ်က မသန်စွမ်းအမျိုးသမီးတစ်ယောက်ကလည်း သူကအကူကိရိယာတုတ်တစ်ချောင်းကို အသုံးပြုတယ်။ အဲတော့ဒီလိုကိရိယာကို ချပေးမယ်လို့ပြောတာကို သူကဘာပြောလဲဆိုတော့ ကျမမှာမလိုဘူး။ တကယ်လို့ဆရာမတို့ ထောက်ပံ့ပေးချင်ရင် ကျမမှာ စားဝတ်နေရေး၊ မလုံခြုံမှုတွေရှိတယ်တဲ့။ အဲဒါတွေကို ထောက်ပံ့ပေးပါဆိုပြီးပြောတယ်။ အဲဒီလိုဟာမျိုးတွေကို ကျမတို့အများကြီးတွေ့ရတယ်။ အခုလက်ရှိအရေးကြီးတာက စားဝတ်နေရေးအရေးကြီးတယ်လို့ သူတို့ပြောပုံအရနဲ့ ကျမတို့မြင်တွေ့နေရသလောက်ဆိုရင်ပေါ့။ စားဝတ်နေရေးအခက်အခဲရှိတယ်၊ ကျန်းမာရေး အခက်အခဲရှိတယ်။ တစ်ချို့အိပ်ယာထဲမှာလှဲနေရတဲ့ မသန်စွမ်းတွေရှိတယ်။ သူတို့ဆေးကုသဖို့ အခက်အခဲတွေရှိလာတယ်။ စစ်ဘေးရှောင်နေရတဲ့ မသန်စွမ်းတွေလည်းရှိတယ်။ နောက်ပြီး ဒီစစ်ပွဲတွေကြောင့် မသန်စွမ်းဖြစ်လာရတဲ့သူတွေရှိတယ်။ စစ်ပွဲကြောင့် မသန်စွမ်းဖြစ်သွားတဲ့ သူတွေဆိုရင် အရင်ဒီလိုမဖြစ်ခင်သူတို့က အားနဲ့ခွန်နဲ့ လုပ်စားနေကြတာ။ ရုတ်တရက် မသန်စွမ်းဖြစ်သွားတဲ့အခါ သူတို့ကဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားတာတွေလည်းရှိတယ်။ ဥပမာ- ခြေထောက်မကောင်းတဲ့ မသန်စွမ်းတစ်ယောက်ကို လက်မှုပညာတစ်ခုခုသင်ပေးဖို့လိုတယ်။ အဲဒီပညာသင်ပေးဖို့လိုတာက လက်မှုပညာ၊ သက်မွေးဝမ်းကျောင်းသင်တဲ့ကျောင်းတွေ ရှိတယ်လို့ပြောတယ်။ အခုလောလောဆယ်မှာ သူတို့ကအဲဒီကျောင်းတွေကို မရောက်နိုင်သေးဘူး။နောက်ပြီး အဲဒီကျောင်းတွေမှာ အသက် ၄၅ နှစ်အထက်တွေဆိုရင် မခေါ်ကြတော့ဘူး။ မသန်စွမ်းသူကတော့ ၄၅ နှစ်အရွယ်လည်းဖြစ်နိုင်တယ်၊ ၅၀ကျော်အရွယ်လည်းဖြစ်နိုင်တယ်။ သူတို့က ဆက်လက်အသက်ရှင်ဖို့တော့ အဲဒါတွေလိုတယ်၊ အမတို့အနေနဲ့ကတော့ သူတို့ကို သက်မွေးဝမ်းကျောင်းပညာတွေကို တတ်စေချင်တယ်။ အခုကာလမှာခက်ခဲရင်လည်း ကိုယ်တတ်နိုင်တဲ့ဖက်ကနေ လက်မှုပညာသင်ပေးနိုင်တဲ့ တစ်ယောက်ကိုခေါ်ပြီး အနည်းဆုံး ၃၊ ၄ရက်လောက် သင်ပေးစေချင်တယ်။ အဲဒီမှာဘာတွေသင်ပေးစေချင်လဲဆိုတော့ ယပ်တောင်၊ ခြင်းတောင်းရက်တာတွေ အစရှိတာတွေကို သင်စေချင်တယ်။ အခုလောလောဆယ်မှာ အဲဒီအရာတွေကို သင်ဖို့လည်းလိုအပ်တယ်။ နောက်ပြီးသက်မွေးဝမ်းကျောင်းပညာသင်တာဟာ ရခိုင်ပြည်မှာ မသန်စွမ်းတွေအတွက် လုံးဝမရှိဘူး။ ဇာထိုး၊ ပန်းထိုးတွေလည်းသင်လို့ရတယ်။ နောက်ပြီးသူတို့အတွက် အရင်းအနှီးတွေလည်း လိုအပ်တယ်။ တစ်ချို့ကသင်ချင်ပေမယ့် အရင်းအနှီးလည်းမရှိဘူး၊ သင်ဖို့နေရာလည်းမရှိတဲ့ အခြေအနေတွေဖြစ်နေတယ်။ နောက်ပြီး မသန်စွမ်းကျောင်းသားကလေးတွေဆိုရင် ကျောင်းကောင်းကောင်းမတက်ရဘူး။ စစ်ဘေးရှောင်နေရတဲ့ မသန်စွမ်းကလေးတွေဆိုရင် ကိုယ့်ရွာကနေအခြားတစ်ခုမှာရှောင်နေရတော့ စာသွားသင်ဖို့အခက်အခဲတွေရှိတယ်။ အဲဒီလိုအခြေအနေတွေရှိတော့ သူတို့အတွက်လည်း သွားလာဖို့ အကူကိရိယာတွေလိုအပ်တယ်။ ပညာတန်းလန်းနဲ့ ထားထားရတာတွေလည်း အများကြီးရှိတယ်။
မေး- ရခိုင်မှာရှိတဲ့ မသန်စွမ်းတွေအနေနဲ့ အခုလိုအခက်အခဲ၊လိုအပ်ချက်တွေ အများကြီးရှိနေတာကို သက်ဆိုင်ရာအစိုးရဖက်ကရော ကူညီထောက်ပံ့ပေးမှုတွေ ရှိပါလား။
ဖြေ- ဒီကာလမှာတော့ လုံးဝမရှိဘူး။ ရခိုင်ဘက်မှာမရှိတာ။ အရင်တစ်ခေါက်တုန်းက ဒေါက်တာသက်သက်ခိုင်က မသန်စွမ်းတွေကို ငွေကြေးထောက်ပံ့တယ်လို့ကြားတယ်။ ဒါပေမယ့် ဒီဘက်မှာ မရကြပါဘူး။ အစိုးရဘက်မှာလည်း အများကြီးတာဝန်ရှိတယ်။ အစိုးရတစ်ခုတည်း တာဝန်ရှိတယ်ရယ်လို့လည်း မဟုတ်သေးဘူး။ ဒါက ရပ်ရွာလူထုမှာလည်းတာဝန်ရှိတယ်။ ဒီမသန်စွမ်းနဲ့ပတ်သက်ပြီးတော့ အမြင်မရှိကြဘူး။ လူသားချင်းစာနာထောက်ထားမှုကို လုပ်နေကြတဲ့သူတစ်ချို့တောင်မရှိကြဘူး။ ခွဲခြားဆက်ဆံမှုရှိကြတယ်၊ သိစိတ်ကရော၊ မသိစိတ်ကရောပေါ့။ နောက်ပြီး မသန်စွမ်းတွေကို အလေးမထားကြဘူး။ အလေးမထားဆိုတာက သူတို့အတွက် ဘယ်လိုဆိုရင် အဆင်ပြေနိုင်မလဲဆိုတာ မတွေးပေးကြဘူး။ အဆင်မပြေရင် ချန်ပယ်လိုက်မယ့်အခြေအနေပဲရှိတယ်။ အမအနေနဲ့ဘယ်လိုတွေ့ခဲ့လဲဆိုရင် သင်တန်းတစ်ခုလုပ်တော့ CSOမှာလုပ်တဲ့လူတစ်ချို့တောင် အဲဒီလိုမျိုးလုပ်တာရှိတယ်။ လူသားချင်းစာနာထောက်ထားမှု လုပ်တယ်ဆိုတဲ့သူတစ်ချို့တောင်မှ ကျမက Wheel chair သုံးနေရသူမို့ သင်တန်းခန်းမကို ဝင်တဲ့အခါ ကျမနဲ့ဒီပုံစံအဆင်မပြေဘူးဆိုပြီးပြောတဲ့အခါ သူတစ်ယောက်တည်းနဲ့လူအယောက်ငါးဆယ်ကို လှဲရမလားဆိုပြီးတော့ စကားပြောတာတွေရှိတယ်။ နောက်ပြီးအစိုးရဆေးရုံတစ်ခုမှာ ကျမ လူနာသွားမေးတုန်းကလည်း Wheel chairနဲ့သွားတဲ့ လမ်းကနေ သွားမလို့လုပ်တာကို အဲဒီနားမှာ ရှိတဲ့သူနာပြုကမသွားရဘူး။ ဒီဆေးရုံစည်းကမ်းအရ ဒီလမ်းဟာ ဒီဆေးရုံကလူနာတွေနဲ့ ဆရာဝန်တွေပဲ အသုံးပြုလို့ရမယ်လို့ အဲဒီသူနာပြုကပြောတယ်။ အဲဒီလိုခွဲခြားဆက်ဆံခံရတုန်းကလည်း စိတ်ပိုင်းဆိုင်ရာအရမ်းဒေါသထွက်ခဲ့ရတယ်။
မေး- လက်ရှိ စစ်ပွဲတွေကလည်း မြန်မာတစ်နိုင်ငံလုံးဖြစ်နေတဲ့အနေအထားမှာရှိတယ်၊ ရခိုင်ပြည်နယ်ဆိုရင်လည်း အခြားတိုင်း၊ ပြည်နယ်တွေထက် ဖွံ့ဖြိုးတိုးတက်မှုရော အစစအရာရာနောက်ကျမှုတွေ ရှိနေတော့ ဒီအခြေအနေတွေထဲမှာ မသန်စွမ်းတွေရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကရော ဘယ်လောက်ထိဆုံးရှုံးမှုရှိနေတယ်လို့ ထင်ပါသလဲ။
ဖြေ-ဆုံးရှုံးမှုကတော့ အများကြီးရှိတယ်။ ရန်ကုန်မှာလည်း နိုင်ငံရေးအခြေအနေအရ မသန်စွမ်း သက်မွေးဝမ်းကျောင်းအားလုံးနီးပါး နှစ်နှစ်လောက်ပိတ်ခဲ့ရတယ်။ အခုပြန်လို့ဖွင့်နေပေမယ့် ရခိုင်ကသူတွေက မသွားရဲကြဘူး။ သွားကြတာတော့ရှိတယ်၊ မသွားရဲကြတာများတယ်။ ရန်ကုန်အခြေအနေကို ကြောာက်လို့တစ်မျိုး၊ စီးပွားရေးအဆင်မပြေလို့တစ်မျိုးပေါ့။ ပညာသင်ကြားရဖို့အခွင့်အရေးတွေကိုတောင် ဆုံးရှုံးနေကြရတယ်။ မသန်စွမ်းအဖွဲ့တွေလည်း လွတ်လွတ်လပ်လပ်လှုပ်ရှား လုပ်ကိုင်လို့မရတဲ့အခြေအနေဖြစ်နေတယ်။ အဲဒီတော့ မသန်စွမ်းအခွင့်အရေးတွေကတော့ အများကြီးနစ်နာသွားတယ်လေ။ အသင်းအဖွဲ့ မှတ်ပုံတင်တင်ရတယ်။ တစ်ချို့အဖွဲ့အစည်းတွေ မြန်မာမှာ အခြားတိုင်းနဲ့ပြည်နယ်မှာ လုပ်နေကြတဲ့ မှတ်ပုံတင်မရှိတဲ့အဖွဲ့အစည်းတွေဆိုရင် ရပ်ရင်ရပ်၊ မရပ်ရင် ပိုက်ဆံတွေပေး၊ မှတ်ပုံတင်ရတာတွေ လုပ်ရတယ်။ နောက်ပြီးတစ်ခုခုလုပ်တယ်ဆိုရင် အရမ်းစစ်တယ်၊ သင်တန်းတွေ ဘာတွေလည်း မပေးရဘူး။ သူတို့ဆီကို အရင်ဆုံးအကြောင်းကြားရတယ်။ ဒီလိုအဖြစ်တွေကြောင့် မသန်စွမ်းတွေ ထိခိုက်ရတယ်။
မေး- ဒီမသန်စွမ်းသူများ အရေးနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောချင်ပါသေးလဲ။
ဖြေ။ ။ အမတို့ကတော့ မသန်စွမ်းတွေ ဘယ်လောက်အခက်အခဲရှိတာလဲဆိုတာကို လက်တွေ့လုပ်နေတယ်၊ ပြောလည်းပြောနိုင်တယ်။ အမတို့အသံကို လူထုကြားအောင်လည်း ပြောနိုင်တယ်။ တစ်ချို့ကကြားပေမယ့် ဥပက္ခာပြုထားတယ်။ တစ်ချို့က ကိုယ့်အရေး မဟုတ်သလိုပစ်ထားတယ်။ ကျမတို့ရဲ့စကားသံတွေကို မကြားချင်ယောင်ဆောင်တယ်။ ကျမကတော့ ဒီစကားတွေကို သူတို့ဆီကို ရောက်စေချင်တယ်။ ရောက်တဲ့အခါမှာ ဒါကအကောင်အထည်ဖော်တဲ့အခါ အရပ်ဖက်အဖွဲ့အစည်းသော်လည်းကောင်း၊ အစိုးရအဖွဲ့အစည်းသော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်သော်လည်းကောင်း ပူးပေါင်းပါဝင်စေချင်ပါတယ်။ နောက်ပြီး သူတို့(မသန်စွမ်း)တွေကို တန်းတူညီမျှဆက်ဆံပေးစေချင်တယ်။ ခွဲခြားမှုတွေမလုပ်ဘဲနဲ့ပေါ့။ လူတစ်ချို့က မသန်စွမ်းတွေကို အထူးပြုစုခံလို့ထင်နေကြတယ်။ တကယ်တမ်းကျတော့ မဟုတ်ပါဘူး။ ကျမတို့မှာလည်း ကျမတို့သာတူညီမျှလုပ်ပေးရင် တန်းတူညီမျှဖြစ်အောင် ကျမတို့နေနိုင်ပါတယ်။ တော်ရုံတန်ရုံအခက်အခဲတွေကိုလည်း ကျမတို့ဖြတ်ကျော်နိုင်ပါတယ်။ အခက်အခဲဆိုတာက လူတိုင်းမှာရှိပါတယ်။ ဒါပေမယ့် မသန်စွမ်းသူတွေအတွက်ကတော့ ပိုပြီးအားစိုက်ရတယ်။ အဲဒီအားစိုက်ခွင့်ကို လူတွေကို ပူးပေါင်းစေချင်တယ်။ ဒီလိုတွေအများကြီးလိုအပ်တယ်။ အမြဲတမ်း အသနားခံအနေနဲ့ မမြင်စေချင်ဘူး။ ဒီရခိုင်မှာဆိုရင် မသန်စွမ်းအရေးနဲ့ပတ်သက်ပြီးတော့ လုပ်တာတွေသိပ်မရှိဘူး။ ရန်ကုန်၊ ကချင်၊ ကရင်ပြည်နယ်တို့မှာဆိုရင် မသန်စွမ်းနဲ့ပတ်သက်ပြီးတော့ လုပ်နေတာတွေအများကြီးရှိတယ်။ ခြေအတုလုပ်တဲ့စက်ရုံတွေလည်းရှိတယ်။ ရခိုင်မှာဆိုရင် wheel chair ပျက်သွားရင်တောင် ဝက်အူတစ်လုံးရှာမရဘူး။ ရန်ကုန်ကဈေးကြီးပေးပြီးတော့ မှာရတယ်။ အဲဒါတွေကို သက်ဆိုင်ရာလူကြီးတွေကို သိစေချင်တယ်။ အများပြည်သူသုံး လမ်း၊ အဆောက်အအုံ တွေကို လုပ်တဲ့အခါလည်း မသန်စွမ်းတွေကို စဉ်းစားပြီးတော့ လုပ်စေချင်တယ်။ နောက်ပြီး ကျမတို့မသန်စွမ်းတွေက နံရံတွေ အထပ်ထပ်ကာထားတဲ့ အိမ်ထဲမှာပဲ နေနေရတယ်။ တစ်ချို့ရင်ထဲမှာ စကားသံတွေရှိတယ်။ အပြင်ကိုမထွက်နိုင်ဘူး။ အပြင်ကို အဲဒီစကားသံတွေထွက်လာအောင် သက်ဆိုင်ရင်နဲ့ ဘေးပတ်ဝန်းကျင်ကလူတွေကို တံခါးဖွင့်ပေးစေချင်တယ်။ ကျမတို့စကားသံတွေကို နားထောင်ပေးစေချင်တယ်။
(ပြီး)