ကရင့်လက်နက်ကိုင်များပြန်လည်ပေါင်းစည်းရေးအတွက် တိကျသည့်အဖြေမပေးနိုင်ခဲ့သည့်အပေါ် ပြည်သူများဝေဖန်

ကရင့်လက်နက်ကိုင်များပြန်လည်ပေါင်းစည်းရေးအတွက် တိကျသည့်အဖြေမပေးနိုင်ခဲ့သည့်အပေါ် ပြည်သူများဝေဖန်

ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီနှင့် ကရင်လူထုအကြား ယမန်နေ့က ပြုလုပ်ခဲ့သည့်တွေ့ဆုံပွဲတွင် ကရင့်လက်နက်ကိုင်များ ပြန်လည်ပေါင်းစည်းရေးနှင့်ပတ်သက်ပြီး ဒေသခံလူထု များ၏ မေးမြန်းချက်ကို လက်နက်ကိုင်ခေါင်းဆောင်များက တိကျသေချာသည့် အဖြေမပေးနိုင်ခဲ့ သည့်အပေါ် ဝေဖန်ခံခဲ့ရကြောင်း ကိုယ်တိုင်တက်ရောက်သူများက ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ထိန်းချုပ်ရာ သယုကျိုး ကျေးရွာတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ကရင်လက်နက်ကိုင်ခေါင်းဆောင်များနှင့် လူထုတွေ့ဆုံပွဲတွင် ကရင့် လက်နက်ကိုင်အဖွဲ့ အစည်းများအကြား ပြန်လည်ပေါင်းစည်းနိုင်ရေး ကိစ္စရပ်များကို အဓိက ပြောဆိုခဲ့ကြပြီး ပြန်လည်ပေါင်း စည်းနိုင်ရေး အစီအစဉ်နှင့်ပတ်သက်ပြီး တက်ရောက်လာသည့် လူထုများ၏ မေးမြန်းမှုများကို တိကျသေ ချာသည့် အဖြေမပေးနိုင်ခဲ့ကြောင်း ကိုယ်တိုင်တက်ရောက်ခဲ့သူတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ကရင့်လက်နက်ကိုင် ၄ ဖွဲ့ ပြန်လည်ပေါင်းစည်းဖို့ အဓိက ပြောသွားတာပေါ့။ ခေါင်းဆောင်တစ် ယောက်ချင်းစီတိုင်းက သူတို့အမြင်ကို ထုတ်ပြောကြတာပေါ့။ အဲ့ဒါဒေသခံ အမျိုးသမီးတစ်ယောက်က ထမေးတာနင်တို့ ၄ ဖွဲ့မှာ ဘယ်အဖွဲ့က အကြီးဆုံးလဲ၊ ဘယ်အဖွဲ့ကို အဖေခေါ်ရမလဲမေးတော့ ဗိုလ် ချစ်သူက ပြောဖို့ အချိန်မတန်သေးဘူးတဲ့။ အဲ့ဒါနဲ့ဘာကတိကဝတ်မှလည်း မပေးနိုင်ဘူး ဆုံးဖြတ် ချက်လည်း မချနိုင်ဘူး။ အစီအစဉ်တောင် မပြီးသေးဘူး၊ တက်လာတဲ့ ရွာသားတစ်ဝက်လောက်က ထပြန်သွားတယ်။ သူတို့ပြောတဲ့ စကားတွေကကြားလို့ဝပြီးတဲ့ ဘာမှလည်း ထူးတာမဟုတ်ဘူးတဲ့” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အဆိုပါ တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်အတွင်း တိုက်ပွဲမဖြစ်ပွားရေး၊ အချင်းချင်းကြား မတိုက် ခိုက်ရေးတို့ကိုလည်း ပြောဆိုခဲ့ကြသလို ထို့ကော်ကိုး ကျေးရွာတွင် ဆောက်လုပ်မည့် အာဇာနည်ဗိမာန် နှင့် ဒေသတွင်း မူးယစ်ဆေးဝါးကိစ္စရပ်များကို ထည့်သွင်းပြောဆိုခဲ့ကြသော်လည်း လူထုအပေါ် ကတိက ဝတ်ပေးခြင်းများ၊ ဆန္ဒတောင်းခံမှုများနှင့် ဒေသခံလူထုများ၏ မေးမြန်းမှုများကို အတိအကျ အဖြေမပေးနိုင်ခဲ့သည့်အပြင် လူထုများကိုပါ အပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့သေးကြောင်း တက်ရောက်သူများက ဆိုသည်။

“ဗိုလ်ချစ်သူက ပြောတယ်။ နောက်ဆိုရင် မြင်းဆေးအလုံး ၄၀ လောက်နဲ့မိရင် ဖမ်းစရာမလိုတော့ဘူး။ ဒဏ်ရိုက်စရာလည်းမလိုဘူး။ အဲ့လို လိုက်ဖမ်းတော့ PC နဲ့က ပစ်ကြမလို့တောင် ဖြစ်ခဲ့သေးတယ်ပေါ့။ ပြီးတော့ ဗိုလ်ချုပ်ဂျော်နီက ပြောတယ်။ ငါတို့ကို စစ်တိုက်ခိုင်းတယ်၊ နင်တို့ ပြည်သူတွေက သေနတ် ဘယ်နှစ်လက်ထောက်ပံ့ပေးဖူးလဲတဲ့။ ငါတို့မှာ သစ်ရောင်းပြီး သေနတ်တွေ ဝယ်ပြီးတိုက်ရတာလို့ ပြောသွားတာ” ဟု ဖော်ပြပါ တက်ရောက်သူက ဆက်ပြောသည်။

၎င်းဆွေးနွေးပွဲတွင် လူထုများမှ လက်နက်ကိုင် ၄ ဖွဲ့အကြား ပြန်လည်ပေါင်းစည်းကြရန် နှင့် လူထုများ အပေါ် အနိုင်ကျင့်နေသည့် လက်နက်ကိုင်အုပ်စုများကို တိုက်ခိုက်ပေးရန် ပြောဆိုခဲ့မှုများလည်း ရှိခဲ့ပြီး လက်နက်ကိုင်ခေါင်းဆောင်အားလုံး၏ သဘောထားသည် ဒေသတွင်း တိုက်ပွဲမဖြစ်ပွားရန်ကိုသာ အဓိက ဦးတည်ပြောဆိုသွားခဲ့ကြောင်းလည်း တက်ရောက်သူများက ဆိုသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင် ကေအဲန်ယူဘက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ KNU တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒို၊ ဗျူဟာမှူး စောဒိကွယ်၊ ခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးနှင့် KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန် ထွန်းတို့ တက်ရောက်ခဲ့ကြသည်။

ထို့အတူ BGF ခေါင်းဆောင်ဗိုလ်မှူးချုပ် စောချစ်သူ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-PC ခေါင်းဆောင် ဒေါက်တာနော်ကပေါ်ထူး၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ခေါင်းဆောင် ဗိုလ်မှူးချုပ် စောဆန်းအောင် စသည့် အဖွဲ့များ၏ ထိပ်ပိုင်းခေါင်းအသီးသီး တက်ရောက်ခဲ့ပြီး ကေအဲန်ယူ ဖားအံ ခရိုင်၏ မြို့နယ် ၃ ခုမှ ဒေသခံ လူထု ၅၀၀ ကျော်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

Most read this week

January 3, 2025
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက...
January 2, 2025
တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောနယ်ဒေသရှိ စစ်ဘေးရှောင်အများစုမှာ လက်ရှိ...
January 2, 2025
ကော့ကရိတ် - မြဝတီ အာရှလမ်းမသစ် ပြန်လည်ထိန်းချုပ်နိုင်ရေး တိုက်ခိုက်နေသည့် စစ်ကောင်စီ...
December 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၁...