မြန်မာစစ်တပ်က ULA/AA အား လူထုအကြား ထိုးနှက်တိုက်ခိုက်ပြောဆိုနေသည့်လုပ်ရပ်များကြောင့် အချိန်မရွေးတိုက်ပွဲလမ်းကြောင်းကို ပြန်ရောက်သွားနိုင်ဟုဆို

မြန်မာစစ်တပ်က ULA/AA အား လူထုအကြား ထိုးနှက်တိုက်ခိုက်ပြောဆိုနေသည့်လုပ်ရပ်များကြောင့် အချိန်မရွေးတိုက်ပွဲလမ်းကြောင်းကို ပြန်ရောက်သွားနိုင်ဟုဆို

ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်သည် တစ်ရွာဝင်တစ်ရွာထွက် သွားလာပြီး ULA/AA နှင့် မပတ်သက်ရန် ၊ အဆက်အသွယ်မလုပ်ရန် ၊ ကူညီထောက်ပံ့ခြင်းများ မလုပ်ရန်နှင့် ULA/AA သည် တရားမဝင်အဖွဲ့အစည်းဆိုကာ ပြောဆိုနေသည့် လုပ်ရပ်များကို ဆက်တိုက်လုပ်ဆောင်လာနေသဖြင့်  အချိန်မရွေးတိုက်ပွဲလမ်းကြောင်းကို ပြန်ရောက်သွားနိုင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

“ မြန်မာစစ်တပ်အနေနဲ့ တောင်ကုတ်၊ သံတွဲ နှင့် မောင်တောမြို့နယ်ဘက်တွေမှာ  တစ်ရွာဝင် တစ်ရွာထွက် သွားလာပြီး ULA/AA နှင့် မပတ်သက်ဖို့၊ အဆက်အသွယ်မလုပ်ဖို့၊  ကူညီ ထောက်ပံ့ခြင်းတွေ မလုပ်ဖို့နဲ့  ULA/AA ဟာ  တရားမဝင်အဖွဲ့အစည်းဆိုပြီး  ပြောဆိုနေတာတွေ ရှိတယ်။ ဒီလုပ်ရပ်များကို ဆက်တိုက်လုပ်ဆောင်လာနေတဲ့အတွက်  အချိန်မရွေးတိုက်ပွဲ လမ်းကြောင်းကို ပြန်ရောက်သွားနိုင်တယ်။”

ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်တွင် ULA/AA ၏ သတ္တမအကြိမ်မြောက်သတင်းစာရှင်းလင်းအား Zoom မှတဆင့်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်စစ်ရေးအခြေအနေနှင့်ပတ်သက်၍ ဦးခိုင်သုခက ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းပြင်သူက "လက်ရှိရခိုင်မှာလည်း သေနတ်သံတိတ်နေပေမယ့်လည်း အာမခံချက်အပြည့်အဝရှိတဲ့  အခြေအနေလို့ ပြောလို့မရသေးပါဘူး။ မြန်မာစစ်တပ်အနေနဲ့ တစ်ဘက်မှာ အပစ်ရပ်ထားသော်လည်း တခြား တစ်ဖက်မှာ လူ၊ လက်နက်၊ ရိက္ခာအင်အားတွေ ဖြည့်တင်းတာတွေကို နေ့စဉ် လုပ်ဆောင် နေပါတယ်"ဟုပြောသည်။

ရခိုင်တွင် အပစ်ရပ်ထားသော်လည်း နေ့စဉ်လူမှုဘဝလွတ်လပ်စွာ သွားလာနေထိုင်ခွင့်မရသေးဘဲ ကန့်သတ်တားဆီးပိတ်ပင်မှုများကို ပြည်သူများ ခံစားနေရဆဲဖြစ်ပြီး စစ်ကောင်စီက လူ၊ လက်နက်၊ ရိက္ခာအင်အားများ ဖြည့်တင်းမှုများကို နေစဉ်လုပ်ဆောင်နေလျက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီ၏လုပ်ရပ်များအား ဆိုးဆိုးဝါးဝါးလုပ်ဆောင်လာပါက တိုက်ပွဲလမ်းကြောင်းကို အချိန်မရွေးပြန်ရောက်သွားနိုင်ကြောင်း ဦးခိုင်သုခက ပြောသည်။

"မြန်မာစစ်တပ်အနေနဲ့ ဒီလိုလုပ်ရပ်၊ အပြုအမူတွေကို ဆက်လို့ဆိုးဆိုးဝါးဝါး လုပ်ဆောင်လာရင် တိုက်ပွဲလမ်းကြောင်းကို အချိန်မရွေးပြန်ရောက်သွားနိုင်ပါတယ်" ဟု ပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့သည် ၂ဝ၂၂ ခုနှစ်အတွင်း တကျော့ပြန်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

တကျော့ပြန်တိုက်ပွဲများကို ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ၏ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ယင်းနှစ် နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ နားလည်မှုဖြင့် နှစ်ဘက်အပစ်အခတ်ရပ်စဲထားသည်မှာ ယနေ့တိုင်ဖြစ်သည်။

ULA/AA အနေနှင့် လက်ရှိ အပစ်ရပ်ကာလအတွင်းအုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို ပိုမိုတိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး စစ်ကောင်စီကဖမ်းဆီးထားသည့် ဒေသခံပြည်သူများပြန်လည်လွတ်မြောက်ရေးကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ပုံဟောင်း
March 21, 2025
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်မြို့နယ်၊ ဥသျှစ်ပင်မြို့မှ ဒေသခံများကို စစ်ကောင်စီတပ်က...
March 19, 2025
ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းမြို့နှင့် လေးမျက်နှာမြို့နယ်အစပ် ကျေးရွာနှစ်ရွာ အနီးဝန်းကျင်ကို...
အာရကန်ကောလိပ်
March 18, 2025
ရခိုင်ပြည်တွင် အထက်တန်းပြီးမြောက်ထားပြီး တက္ကသိုလ်ဆက်တက်ခွင့် မရသေးသော လူငယ်များ...
March 17, 2025
တိုက်ပွဲများကြောင့် ပြည်မဘက်တွင် စစ်ဘေးရှောင်နေကြသည့် ရခိုင်မှ စစ်ဘေးရှောင်များမှာ နေရပ်ပြန်စဉ်...