ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးဟန်အေးနှင့် တွေ့ဆုံခြင်း

ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးဟန်အေးနှင့် တွေ့ဆုံခြင်း
by -
ဟင်္သာမီဒီယာ
”အားနည်းချက်ကို အားသာချက် အဖြစ်ပြောင်းဖို့တော့ အရေးကြီးတာပေါ့နော်။ လက်ရှိလူငယ်တွေမှာ ဘာတွေ့ရသလဲဆိုတော့ သူတို့မှာ ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်မှာလဲ တိတိကျကျ အဖြေမရှိကြဘူး” ကရင်ပြည်နယ်၏ လတ်တလော စီးပွားရေးအခြေအနေနှင့် အနာဂတ်အလားအလာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်၏စီးပွားရေးရာ မျှော်မှန်း ချက်များအတွက်လည်းကောင်း၊ ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဟန်အေးနှင့် တွေ့ဆုံမေးမြန်းမှုမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

ဟင်္သာမီဒီယာ ။ ။ ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာ ကြာပြီလား။

ဦးဟန်အေး ။ ။ ၂၀၁၀ နောက်ပိုင်းကစပြီး တာဝန်ယူခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲ ပြန်လုပ်တယ်။ အဲဒီမှာ ပြန်ရွေးခံရတဲ့အတွက် ဥက္ကဋ္ဌတာဝန်ကို အခု သက်တမ်းမှာ ဆက်ပြီးလုပ်ဆောင်နေပါတယ်။

ဟင်္သာမီဒီယာ ။ ။ အသင်းအနေနဲ့ သွားနေတဲ့ မူဝါဒ အနေအထားကို ရှင်းပြပေးပါလား။

ဦးဟန်အေး ။ ။ အသင်းအနေနဲ့ သွားနေတဲ့ လမ်းကြောင်းက ပြည်နယ်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တိုင်းက ကိုယ့်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဒီ့ထက်ပိုပြီး လုပ်ဆောင်လာနိုင်အောင်ရယ်၊ အနာဂတ်မှာ လူငယ်လုပ်ငန်းရှင်တွေကို မြေတောင်မြှောက်ပေးဖို့ရယ် ပြီးတော့ ပြည်နယ်စီးပွားရေးကို စနစ်တကျနဲ့ သွားနိုင်ဖို့အတွက် အဓိကထား လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် HR ပိုင်းတွေ၊ ပညာပေးအစီအစဉ်တွေ၊ သင်တန်းတွေကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်ပေးနေပါတယ်။

ဟင်္သာမီဒီယာ ။ ။ အစ်ကို ပြောသွားတဲ့အထဲမှာ လူငယ်တွေအတွက် အဓိကထား ပြောသွားတာ မြင်ရတယ်။ လူငယ်တွေရဲ့အားသာချက်၊  အားနည်းချက်တွေကို ပြောပြနိုင်မလား။

ဦးဟန်အေး ။ ။ အားသာချက်၊ အားနည်းချက်ဆိုတာက နေရာတိုင်းမှာ ရှိပါတယ်။ အားနည်းချက်ကို အားသာချက် အဖြစ်ပြောင်းဖို့တော့ အရေးကြီးတာပေါ့နော်။ လက်ရှိလူငယ်တွေမှာ ဘာတွေ့ရသလဲဆိုတော့ သူတို့မှာ ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်မှာလဲ တိတိကျကျအဖြေမရှိကြဘူး။ အဲဒါက လူငယ်တွေရဲ့ အားနည်းချက်ပဲ။ ဥပမာ- သူဌေးဖြစ်ချင်တာလား၊ စီးပွားရေးမှာ အောင်မြင်တဲ့သူ ဖြစ်ချင်တာလား။  အဓိက ဦးတည်ချက်ရှိဖို့ လိုတာပေါ့နော်။ အဲဒီပေါ်မှာမူတည်ပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ဟာကို အောင်မြင်ဖို့အတွက် ဘယ်လိုလုပ်မလဲပေါ့။ ဘယ်လိုဦးဆောင်ပြီးလုပ်ရမလဲပေါ့။ ဘယ်လိုစနစ်တကျ လုပ်ဆောင်ရမလဲဆိုတာ အရေးကြီးတာပေါ့နော်။

ဟင်္သာမီဒီယာ ။ ။ အသင်းထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံးပါဝင်လာအောင် ဘယ်လိုမျိုးတွေ လုပ်ဆောင်နေလဲ။

ဦးဟန်အေး ။ ။ လက်ရှိမှာ အပိုင်းလိုက်လုပ်ဆောင်နေတယ်။ ညီနောင်အသင်းတွေကလည်း အစ်ကိုတို့အသင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေ ရှိပါတယ်။ တစ်ခုတော့ရှိတာပေါ့ အဖွဲ့အစည်းတစ်ခုလုပ်မယ်ဆိုရင် နားလည်မှုရှိဖို့တော့ လိုတာပေါ့။ ပူးပေါင်းပြီးလုပ်တယ်ဆိုရင် မြန်မာလူမျိုးတော်တော်များများက အစပိုင်းဆိုရင်တော့ တာထွက်ကောင်းကြတယ်။ အလယ်လောက်မှာပဲဖြစ်ဖြစ်နောက်ပိုင်းလောက်မှာဖြစ်ဖြစ် အမြင်မတူတဲ့ဟာတွေကို ပေါင်းပြီးမလုပ်နိုင်ကြတော့ဘူး။ အဲဒါကြောင့် ပူးပေါင်းတော့မယ့်သူတွေဟာ နားလည်မှုရှိရှိ၊ အသိပညာရှိရှိနဲ့ ပူးပေါင်းမယ်ဆို အောင်မြင်နိုင်ပါတယ်။ ကျွန်တော်တို့ အသင်းကလည်း စီးပွားရေးလုပ်ငန်းရှင်တွေကို တွေ့ဆုံဆွေးနွေးပြီး အားလုံးပါဝင်လာနိုင်အောင် လုပ်ဆောင်နေပါတယ်။

ဟင်္သာမီဒီယာ ။ ။ အသင်းက ပြည်နယ်အစိုးရ အဖွဲ့နဲ့ရော ပူးပေါင်းလုပ်ဆောင်တာတွေရှိလား။

ဦးဟန်အေး ။ ။ ရှိတာပေါ့။ စီးပွားရေးလုပ်ငန်းမှာ အစိုးရမပါလို့ မရဘူး။ အစိုးရမပါလို့မရဘူးဆိုတာက အစိုးရကို စီးပွားရေးလုပ်ခိုင်းတာ မဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေကို ဥပဒေဘောင်အတွင်းကနေ လုပ်ကိုင်နိုင်အောင် အစိုးရက ထိန်းကျောင်းပေးဖို့၊ လုပ်ပိုင်ခွင့်တွေ၊ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေကို အစိုးရက ပံ့ပိုးပေးရမယ့်အပိုင်းပေါ့။ စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကလည်း active ရှိရှိနဲ့ စီးပွားရေးတွေကို လုပ်ကိုင်နိုင်ရမယ်။ ဖြတ်လမ်းနည်းနဲ့ ခဏတာစီးပွားရေးကို မလုပ်ကိုင်သင့်ဘူးပေါ့။ Long time plan နဲ့သွားတဲ့ စီးပွားရေးကို ဖြစ်စေချင်တယ်။ အစိုးရနဲ့  စီးပွားရေးလုပ်ငန်းရှင်တွေ ကတော့ ခွဲလို့မရပါဘူး။ သုံးနဲ့လေးလို့ ကျောချင်းကပ်၊ ရင်ချင်းအပ်ထားရပါမယ်။

ဟင်္သာမီဒီယာ ။ ။ မွန်ပြည်နယ်မှာတော့ ပြည်နယ်အစိုးရက စီးပွားရေးမူဝါဒ အကောင်အထည်ဖော်တဲ့ အပိုင်းကို လုပ်ငန်းရှင်အချို့က  ထောက်ပြတာရှိတယ်။ ကရင်ပြည်နယ်မှာရော ထောက်ပြတာတွေ ရှိလိမ့်မယ်ထင်တယ်။

ဦးဟန်အေး ။ ။ အနည်းအကျဉ်းတော့ရှိပါတယ်။ ဒါကလည်း အစိုးရတစ်ခုနဲ့တစ်ခု changeဖြစ်တဲ့အချိန်၊ အစိုးရသစ်ကလည်း Reform လုပ်
နေရတဲ့ အချိန်ဆိုတော့ ထိပ်ပိုင်းခေါင်းဆောင်ချည်းဘဲ စီးပွားရေး မူဝါဒကို လုပ်သွားလို့မရဘူး၊ အောက်မှာရှိတဲ့ သက်ဆိုင်ရာဝန်ထမ်းတွေအစ Change မှ ရမှာပေါ့။ အားလုံးတော့ ကြိုးစားပြီး လုပ်နေတာတွေ့တယ်။ ဒါပေမဲ့ ကျေနပ်လောက်အောင်ကောင်းတဲ့ အနေအထားတစ်ခုအထိတော့ မရောက်သေးပါဘူး။ ဒီအနေအထားကတော့ ကရင်ပြည်နယ်မှာလည်းရှိသလို မွန်ပြည်နယ်မှာလည်းရှိပါတယ်။ အစိုးရအနေနဲ့ကလည်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အဆင်ပြေအောင် သေချာတဲ့ အချိန်တစ်ခု သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ ကရင်ပြည်နယ်ရဲ့ လက်ရှိရပ်တည်နေတဲ့ စီးပွားရေး အနေအထားကို သုံးသပ်ပြပါလား။

ဦးဟန်အေး ။ ။ ကရင်ပြည်နယ်ရဲ့ စီးပွားရေးကို ပြောရမယ်ဆိုရင် တော်တော်များများက မိရိုးဖလာသွားနေတာ များတယ်။ စိုက်ပျိုးရေးလုပ်ငန်း မွေးမြူရေးလုပ်ငန်းတွေကို အများဆုံးလုပ်ကိုင်ကြတယ်။ အခု နောက်ပိုင်းမှာတော့ စီးပွားရေးပုံစံ နည်းနည်းပြောင်းလာတယ်။ အစိုးရသစ်တက်လာပြီး နောက်ပိုင်းမှာ ရင်းနှီးမြှုုပ်နှံမှုတွေ များလာတယ်။ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေလည်း လာရောက်ပြီး ခရီးသွားနဲ့ သက်ဆိုင်တဲ့ ဟိုတယ်လုပ်ငန်းတွေမှာ လာရောက်ချိတ်ဆက်တာ တွေ့ရပါတယ်။

ဟင်္သာမီဒီယာ ။ ။ ကရင်ပြည်နယ်က အခြားပြည်နယ်တွေနဲ့ယှဉ်ရင် ရင်းနှီးမြှုပ်နှံမှုက အားကောင်းလား။

ဦးဟန်အေး ။ ။ ပြည်နယ်တွင်းမှာ ထုတ်လုပ်မှုများများ လုပ်နိုင်မှ ကျွန်တော်တို့ ပြည်နယ်စီးပွားရေး တိုးတက်လာမှာပါ။ လက်ရှိအမြင်ကတော့ ပြည်နယ်စီးပွားရေး ကောင်းတယ်လို့မြင်တယ်။ အခြားပြည်နယ်နဲ့ ယှဉ်ရင်တော့ Levelတူအဆင့်လောက်တော့ ရှိပါတယ်။ အောက်တော့မကျပါဘူး။

ဟင်္သာမီဒီယာ ။ ။ ကရင်ပြည်နယ်မှာက သဘာဝသံယံဇာတကောင်းတွေကို အမြောက်အမြားပိုင်ဆိုင်ထားတာ တွေ့ရတယ်။

ဦးဟန်အေး ။ ။ ဟုတ်ပါတယ်။ ကျွန်တော်ပြောရဲတာ တစ်ခုက ကျွန်တော်တို့ ပြည်နယ်ဟာ ခရီးသွားနဲ့ ပတ်သက်ပြီးတော့ တကယ့်ကို စွဲဆောင်မှုကောင်းတဲ့ အနေအထားမှာ ရှိပါတယ်။ တောတောင်ရေမြေ အလှတွေ၊ ဂူတွေအများကြီး ကျန်ပါသေးတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ ထိန်းသိမ်းပြီးတော့ ကောင်းမွန်တဲ့ ခရီးသွားလုပ်ငန်းတွေကိုအကောင်အထည်ဖော်သွားမယ်၊ ဒီအခွင့်အရေးကို အသုံးချသွားမယ်ဆိုရင် ကျွန်တော်တို့ ပြည်နယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက ဒီထက်မက ကောင်းလာမယ်လို့ ထင်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ ပြည်နယ်အစိုးရရဲ့ ပံ့ပိုးမှုအနေအထားကရော ဘယ်လောက် အတိုင်းအတာထိရှိလဲ။

ဦးဟန်အေး ။ ။ ပံ့ပိုးမှုအပိုင်းကတော့ သိပ်အကောင်းကြီး မရှိသေးဘူး။ စိတ်ဝင်စားမှု အပိုင်းကတော့ ရှိပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ပြောစရာရှိတာပေါ့။ အစိုးရအနေနဲ့ နှစ်ဘယ်လောက်အတွင်းမှာဘယ်လောက်အတိုင်းအတာထိ လုပ်မလဲဆိုတာကတော့ Plan ချမှတ်ထားဖို့လိုတာပေါ့နော်။

ဟင်္သာမီဒီယာ ။ ။ ပြည်နယ်ရဲ့ သဘာဝသယံဇာတကို ထုတ်ယူသုံးစွဲတဲ့အခါမှာ အဖွဲ့အစည်းအချို့နဲ့ လူပုဂ္ဂိုလ်အချို့က ကန့်ကွက်မှုတွေ ပြုလုပ်နေကြတယ်။ အဲဒီအခက်အခဲကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့ ဘယ်လိုဖြေရှင်းမလဲ။

ဦးဟန်အေး ။ ။ ကျွန်တော် သိသလောက်ကတော့ ဥပဒေနဲ့ ထိန်းကျောင်းရမှာပါ။ ဥပဒေကပေးထားတဲ့ အခွင့်အရေးကို နိုင်ငံသားတိုင်း အသုံးချနိုင်သလို ကန့်ကွက်ပိုင်ခွင့်လည်း ရှိပါတယ်။ သဘောမကျသူက ကန့်ကွက်နိုင်သလို အသုံးချမယ့်သူမှာလည်း ဥပဒေအရ အခွင့်အရေးရှိပါတယ်။ မျက်စိမှိတ် ကန့်ကွက်နေလို့လည်း မရပါဘူး။ နောက်ပြီး ကန့်ကွက်မှုတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေသလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားရမှာပါ။

ဟင်္သာမီဒီယာ ။ ။ ငြိမ်းချမ်းရေးမရခင်ကာလနဲ့ ငြိမ်းချမ်းရေးရပြီးကာလ နှစ်ခုရဲ့ ပြည်နယ်စီးပွားရေး ကွာဟချက်ကို ပြောပြလို့ ရနိုင်မလား။

ဦးဟန်အေး ။ ။ ငြိမ်းချမ်းရေး မရသေးတဲ့ ကာလမှာတော့ စီးပွားရေးကို အကန့်အသတ်နဲ့ လုပ်ကိုင်ခဲ့ရတယ်။ မငြိမ်းချမ်းသေးတဲ့နေရာမှာ စီးပွားရေးသွားလုပ်မယ်ဆိုရင်ကိုယ့်အတွက်သာမကဘူး ကိုယ့်ဝန်ထမ်းတွေပါ အသက်အန္တရာယ်စိုးရိမ်ရတယ်။ ငြိမ်းချမ်းရေး ရလာတော့လည်း ငြိမ်းချမ်းရေးအဖွဲ့ဝင်အနေနဲ့ သူတို့ကိုယ်တိုင် စီးပွားရေး လုပ်ကိုင်တတ်လာတယ်။ အစိုးရကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ဖို့ တွန်းအားပေးနေပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေကို ကုမ္ပဏီထောင်ပါ၊ စီးပွားရေးတွေကို လုပ်ကြပါ။ ငြိမ်းချမ်းရေးကာလမှာတော့ စီးပွားရေးက အေးနေတာတော့ အမှန်ပဲ။ လူတိုင်းလက်ခံနေတဲ့ အနေအထားပါပဲ။ ဒီလိုအေးနေတဲ့ကာလ၊ နှေးနေတဲ့ ကာလမှာ လက်ရှိစီးပွားရေးလုပ်ငန်းရှင်တွေ ဘာတွေဆက်လုပ်မှာလဲ၊ ဘယ်လိုတွေ လုပ်ဆောင်မှာလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။

ဟင်္သာမီဒီယာ ။ ။ အစိုးရသစ် တာဝန်ယူစမှာ အစိုးရက ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်နေလို့ စီးပွားရေးက အေးလာတယ်ဆိုပြီး နိုင်ငံရေးသမား တချို့က ထောက်ပြကြတယ်။ အခု နောက်ပိုင်းကျတော့ အစိုးရက ငြိမ်းချမ်းရေးနဲ့ စီးပွားရေးကို ပြိုင်ပြီးသွားနေတယ်ဆိုပြီး တုံ့ပြန်လာတယ်။ အဲဒီ အယူအဆနှစ်ခုကို အစ်ကို
အနေနဲ့ ဘယ်လိုမြင်လဲ။

ဦးဟန်အေး ။ ။ တစ်ဖက်ကို နင်းလိုက်ရင် တစ်ဖက်ကလည်း ထောင်လာမှာဆိုတော့ နှစ်ဖက်လုံးပြိုင်သွားတာ အကောင်းဆုံးလို့မြင်ပါတယ်။ နှစ်ဖက်လုံးတော့ပြိုင်သွားရမှာပါ။ ကျွန်တော့်မြင်တာတော့ ရထားသံလမ်းလိုပါပဲ။ တစ်ဖက်ထဲသွားရင်ရွေ့မှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးနှစ်ဖက်ပြိုင်သွားတာ အကောင်းဆုံးပါ။

ဟင်္သာမီဒီယာ ။ ။ AEC ဝင်လာတဲ့အခါမှာ ကရင်ပြည်နယ်မှာရှိတဲ့ လုပ်ငန်းရှင်တွေအထိနာနိုင်မယ့် အနေအထားတွေရှိတယ်လို့ ပြောနေကြတဲ့အပေါ်မှာ အစ်ကိုအမြင်လေး မျှဝေပေးပါဦး။

ဦးဟန်အေး ။ ။ ကျွန်တော်အမြင်ပြောရရင် သူတို့ ပြင်ဆင်မှုတွေမလုပ်ကြလို့ပါ။ AEC ကိုကျွန်တော်တို့ ကြောက်စရာမလိုဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလာလုပ်ရင် ကျွန်တော်တို့ ရေမြေအနေအထားကို မသိဘဲ၊ မလေ့လာဘဲနဲ့တော့ လာရောက် လုပ်ကိုင်လို့ အဆင်မပြေပါဘူး။ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်မှပဲ အဆင်ပြေမှာပါ။ ဒါကို ပြည်နယ်စီးပွားရေး လုပ်ငန်းရှင်တွေက အခွင့်အရေးအနေနဲ့ ယူတတ်ရင် အဆင်ပြေတဲ့ အနေအထားမှာရှိပါတယ်။ ဒီ AECကို ရင်ဆိုင်နိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ဆိုရင် ပြင်ဆင်မှုတွေ စလုပ်နေပြီး။ ကိုယ့်လုပ်ငန်းတွေကို စနစ်တကျလုပ်ဖို့နဲ့ အလုပ်မှာပါဝင်နေတဲ့ ဝန်ထမ်းတွေကို Update ပြန်လုပ်ပေးရပါ့မယ်။ အသိဉာဏ်တွေ ဖွံ့ဖြိုးလာအောင်လုပ်ပေးရင်းနဲ့ ကျွန်တော်တို့ AEC ကို ရင်ဆိုင်နိုင်မှာပါ။

ဟင်္သာမီဒီယာ ။ ။ ဒီကိစ္စကို အစိုးရအနေနဲ့ဘယ်လို ဖြေရှင်းသင့်လဲ။

ဦးဟန်အေး ။ ။ တချို့ကိစ္စတွေကို ပြန်ဆန်းစစ်ကြည့်ဖို့လိုမယ်။ ဥပမာ အေးခဲကြက်သား၊ အသီးအရွက်တွေ၊ အသားငါးတွေက ပြည်နယ်အတွင်းမှာ ထုတ်လုပ်နိုင်ရဲ့သားနဲ့ ဘာဖြစ်လို့ ပြည်တွင်းကို ဝင်နေတာလဲ၊ ဒါကို အစိုးရအနေနဲ့ သေသေချာချာ စိစစ်ဖို့လိုမယ်။ ဒါတွေကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် အစိုးရအနေနဲ့ တောင်သူတွေကို ဘယ်လိုပံ့ပိုးမလဲ ဒါတွေကိုအစိုးရအနေနဲ့ စဉ်းစားသင့်တယ်။ ပြည်တွင်းထုတ်ကုန်က ပြည်ပက အစားမထိုးရင် အနည်းအများတော့ ပြေလည်လာမယ်။

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...