အာဏာသိမ်း (၂)နှစ်တာ ကာလမှာ ကချင်ပြည်နယ်အတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အမျိုးသမီးစုစုပေါင်း (၁၀၃)ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် စုစုပေါင်း(၂၇၀၀) ကျော်လောက် ရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ပြင်ဆင်ထုတ်ဝေထားတဲ့ အစီရင်ခံစာအရ သိရပါတယ်။
စစ်ကောင်စီကနေ အာဏာစသိမ်းတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ကနေ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့အထိ (၂)နှစ်တာကာလအတွင်း မတရားဖမ်းဆီးခံရတဲ့ အမျိုးသမီး စုစုပေါင်း(၂၇၇၈)ယောက်ရှိပြီး အများဆုံးမှာ ရန်ကုန်တိုင်းဖြစ်ပြီး စုစုပေါင်း(၇၅၈)ဦးရှိခဲ့ပါတယ်။
ဒါ့အပြင် မတရားဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေ မန္တလေးတိုင်းမှာ (၃၉၃)ဦး၊ စစ်ကိုင်းတိုင်း(၃၃၇)ဦး၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းမှာတော့ အမျိုးသမီး(၂၀၀)ကျော်စီ ရှိခဲ့တဲ့အပြင် မကွေးတိုင်း၊ ဧရာ၀တီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ (၁၀၀)ကျော်စီရှိခဲ့ပြီး ရခိုင်ပြည်နယ်မှာ (၂၁)ဦး၊ မွန်ပြည်နယ် (၈၅)ဦး၊ ကရင်ပြည်နယ်(၉၂)ဦး၊ ကယားပြည်နယ်(၉)ဦး၊ ချင်းပြည်နယ်(၃၂)ဦး၊ နေပြည်တော်(၃၉)ဦး ရှိခဲ့ကြောင်းနဲ့ နေရာဒေသမသိဘဲ ဖမ်းဆီးခံရသူ (၄၂)ဦး ရှိတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။
ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အမျိုးသမီးဦးရေ နှစ်ထောင်ကျော်ဟာ သာမန်အရပ်သူတွေ ဖြစ်ကြပြီး ပညာရေးဌာနက(၃၆၅)ဦး၊ ပါတီနိုင်ငံရေးမှာ တာဝန်ထမ်းဆောင်နေတဲ့ တက်ကြွလှုပ်ရှားသူ (၉၂)ဦးနဲ့ ကျန်းမာရေးကဏ္ဍမှာ ပါဝင်လုပ်ကိုင်နေသူ(၅၁)ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
အနုပညာရှင်၊ မီဒီယာ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း(NGO)၊ တရားစီရင်ရေးကဏ္ဍ၊ လွှတ်တော်ကိုယ်စားလှယ်အပါအဝင် အစိုးရ ကဏ္ဍနဲ့ အခြားတက်ကြွလှုပ်ရှားသူတွေ စတဲ့ ကဏ္ဍအသီးသီးကနေ (၁၀)ယောက်ကျော်လည်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီး ထိန်းသိမ်းတာကို ခံနေကြရတယ်လို့လည်း ထောက်ပြထားပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ စာရင်းပြုစုချက်အရ စစ်တပ်အာဏာသိမ်းတဲ့ (၂)နှစ်ကာလအတွင်း အမျိုးသမီး သေဆုံးသူ(၄၁၄)ဦး ရှိခဲ့ပြီး အဲဒီ သေဆုံးသူတွေ အထဲက စစ်တပ်ရဲ့ လက်နက်ကြီးတွေ ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေဘက်ကျရောက် ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေ (၁၀၇)ဦးထိ ရှိခဲ့ပါတယ်။
ဒါ့အပြင် ခိုင်လုံတဲ့ သတင်းမီဒီယာတွေကနေ တင်ပြထားတဲ့ သတင်းစုစည်းချက်တွေအရ စစ်တပ် တပ်ဖွဲ့ဝင်တွေရဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်တဲ့ အမှုပေါင်း (၁၅)မှုထိ ရှိခဲ့ပြီး အရပ်သားတွေကနေ ကျူးလွန်တဲ့ မုဒိမ်းမှု (၁၀)မှုအထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
စစ်တပ်ရဲ့ စစ်ကြောရေးစခန်းမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု(၃)မှုရှိခဲ့ပြီး စစ်ဆေးရေး ဂိတ်တွေမှာ ကျူးလွန်တဲ့ ထိပါးနှောက်ယှက်မှု(၂)မှု ရှိခဲ့ပါတယ်။
အထက်ပါ အစီရင်ခံစာဟာ နိုင်ငံရေးအကျဉ်းသားတွေ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ အချက်အလက်တွေကို အဓိက မှီငြမ်းကိုးကားထားပြီး ခိုင်လုံတဲ့ သတင်းမီဒီယာတွေကနေ ထုတ်ဖော်ရေးသားတဲ့ သတင်းအချက်တွေအပေါ် အခြေခံပြီး မြန်မာ့အမျိုးသမီး သမဂ္ဂကနေ စုစည်းတင်ပြထားတာ ဖြစ်ပါတယ်။
လက်တွေ့ မြေပြင် အခြေအနေမှာ သတင်းအချက်အလက် စီးဆင်းမှုတွေမှာ စိန်ခေါ်မှုတွေ ရှိတဲ့အတွက် လက်လှမ်းမီဖို့ အခက်အခဲရှိတာကြောင့် ကိန်းကဏန်းတွေဟာ အခုထက် ပိုများနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။